THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

(၁၆)ကြိမ်မြောက် အစ္စလာမ်ကောင်စီညီလာခံ သဘာပတိ အဖွင့်မိန့်ခွန်း

 

လေးစားအပ်ပါသော  အထူးဧည့်သည်တော်များနှင့်  သာသနာ့ ဗဟိုဦးစီး ၊ ကိုယ်စားလှယ်များခင်ဗျား -

 

အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှု  မင်္ဂလာအပေါင်း  ခညောင်းပါစေဟု နှုတ်ခွန်းဆက်သပါတယ်။

 

ယခုလို  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်း  ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှတဲ့အခါသမယမှာ  အစ္စလာမ့်ညီလာခံကြီး ဆင်ယင်ကျင်းပနိုင်တဲ့အတွက် လည်းကောင်း ၊ အထူးဧည့်သည်တော်များနှင့် အနယ်နယ်  အရပ်ရပ်မှ  အစ္စလာမ့်အကျိုးသယ်ပိုးသူ သာသနာ့ ဗဟိုဦးစီး၊ ကိုယ်စားလှယ်များကို  စုံညီစွာတွေ့စုံရတဲ့အတွက်  လည်းကောင်း ၊ ဂုဏ်ယူဝမ်းမြောက် ရပါတယ် ။ အလ္လာဟ်အရှင်မြတ်အားလည်း အတိုင်းမသိ ကျေးဇူးတင်မိပါတယ် ။

 

လေးစားအပ်ပါသော  အထူးဧည့်သည်တော်များနှင့်  သာသနာ့ ဗဟိုဦးစီး ၊ ကိုယ်စားလှယ်များခင်ဗျား -

 

ယခု ကျင်းပနေတဲ့  အခမ်းအနားကြီးဟာ  အစ္စလာမ်ကောင်စီရဲ့ အစ္စလာမ့်ညီလာခံ  ဖွင့်ပွဲအခမ်းအနား  ဖြစ်တဲ့အတွက် အခါအခွင့်ကြုံတုံး  အစ္စလာမ်ကောင်စီနဲ့  အစ္စလာမ့်ညီလာခံအကြောင်း အနည်းငယ် တင်ပြလိုပါတယ် ။

 

လေးစားအပ်ပါသော  အထူးဧည့်သည်တော်များနှင့်  သာသနာ့ ဗဟိုဦးစီး ၊ ကိုယ်စားလှယ်များခင်ဗျား -        

 

 

လွန်ခဲ့တဲ့  နှစ်ပရိစ္ဆေဒ ရှည်ကြာစွာကတည်းက  မြန်မာနိုင်ငံသို့  အစ္စလာမ်သာသနာ ရောက်ရှိထွန်းကားခဲ့ပါတယ် ။ရှေးမြန်မာမင်းများလက်ထက် တော်ကာလက  အစ္စလာမ်သာသနာ  သက်ဝင်ယုံကြည်သူ နိုင်ငံသားများဟာ “မိမိဇာတိချက်ကြွေ မွေးရပ်မြေကို  ချစ်မြတ်နိုးခြင်းဟာ(အီမာန်) ယုံကြည်မှု၏ အစိတ်အပိုင်း ဖြစ်တယ်“ ဆိုတဲ့ သာသနာ့အဆုံးအမနဲ့အညီ  နိုင်ငံတော်အပေါ်  သစ္စာစောင့်သိ  ရိုသေခဲ့ကြပါတယ် ။ နိုင်ငံတော်- တည်ဆောက်ရေး ၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး စတဲ့  နိုင်ငံ့အရေးအရာ ကိစ္စတိုင်းမှာ  ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့ကြပါတယ် ။ ဒါကြောင့်မို့လည်း  အုပ်စိုးသူ ဘုရင်မင်းများကိုယ်တော်တိုင်  တိုင်းရင်းသား  နိုင်ငံသား အစ္စလာမ်သာသနာဝင်းများကို  လုပ်မြေနေမြေများချထား ချီးမြှင့်ပေးခဲ့ပါတယ်။ ရာထူးဌာန္တရများလည်းချီးမြှင့်ခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်များ၊သာသနာ့မြေများနှင့် သာသနိကအဆောက်အအုံများကို နိုင်ငံတစ်ဝန်းမှာ လှူဒါန်းချီးမြှင့်တော်မူခဲ့ပါတယ်။ဒါတင်မက နိုင်ငံသားအစ္စလာမ်သာသနာဝင်များ ဟဂ်ျပြုလုပ်ရာမှာလွယ်လင့်တကူတည်းခိုနိုင်ရန် အတွက်  နိုင်ငံရပ်ခြား ဆော်ဒီအရေးဗီးယားနိုင်ငံ မက္ကဟ်မြို့မှာပင်  ဒေါင်းတံဆိပ် ခတ်နှိပ်ထားသော  ဇရပ်တစ်ဆောင်ကို  ဆောက်လုပ်  လှူဒါန်း ချီးမြှင့်တော်မူခဲ့ပါတယ် ။

 

လေးစားအပ်ပါသော  အထူးဧည့်သည်တော်များနှင့်  သာသနာ့ ဗဟိုဦးစီး ၊ ကိုယ်စားလှယ်များခင်ဗျား -      

 

အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို  ကျုးကျော်သိမ်းပိုက် အုပ်စိုးလာတဲ့အခါ ၊ မြန်မာမျိုးချစ်တို့က  နယ်ချဲ့ ဆန့်ကျင်ရေးခုခံတိုက်ပွဲများ ဆင်နွဲရာမှာ  အခြား တိုင်းရင်းသား ညီနောင်များနည်းတူ  အစ္စလာမ် သာသနာဝင်များဟာလည်း ပါဝင်ခဲ့ကြပါတယ် ။အင်္ဂလိပ်ခေတ်မှာ  တိုင်းတစ်ပါးသားတို့က တိုင်းရင်းသားများအပေါ်  နိုင်ငံရေး ၊ လူမှုရေး ၊ ယဉ်ကျေးမှုနယ်ပယ်များမှာ ချယ်လှယ်နေတာကို ရင်ဆိုင်အံတုပြီး  အမျိုးသားရေးဆောင်ရွက်တဲ့  လှုပ်ရှားမှုကြီးမှာ တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များဟာ ”ဗမာမွတ်စ်လင်မ်နိုးကြားရေးအဖွဲ့”ဆိုတဲ့  အဖွဲ့ကြီးကို ထူထောင်ကာ ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ် ။

ဒီနောက် ဖက်ဆစ်တော်လှန်ရေးကာလမှာလည်း  အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့ကြပါတယ် ။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ”ယနေ့တိုင်းပြည် အခြေအနေဟာ တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရန် အလွန်လိုအပ်နေတဲ့အတွက်  ဗမာမွတ်စ်လင်မ်များ ညီညီညွတ်ညွတ်နဲ့ အဖွဲ့အစည်းကြီး တစ်ရပ်ဖွဲ့ပြီး ဖ-တ-ပ-လ အဖွဲ့ကြီးမှာ တပ်ပေါင်းစုအဖြစ်ပါဝင်ရန်” တိုက်တွန်းချက်အရ ဆရာကြီးဦးရာဇတ်က  ဦးဆောင်ဆော်သြပြီး (၁၉၄၅)ခုနှစ် ၊ဒီဇင်ဘာလ ၊  (၂၄)ရက်နေ့ ၊ ပျဉ်းမနားမြို့မှာ  ညီလာခံကြီးတစ်ရပ်ကို ခေါ်ယူကျင်းပ ခဲ့ပါတယ်။အဲ့ဒီညီလာခံကြီးမှာ ဆရာကြီး ဦးရာဇတ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်တဲ့ ”ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် ကွန်ကရက်(ဗ-မ-က) အဖွဲ့ကြီးကို  ဖွဲ့စည်းခဲ့ပါတယ် ။

 

လေးစားအပ်ပါသော  အထူးဧည့်သည်တော်များနှင့်  သာသနာ့ ဗဟိုဦးစီး ၊ ကိုယ်စားလှယ်များခင်ဗျား -  

 

       

ဆရာကြီးဦးရာဇတ်ဦးဆောင်တဲ့ ဗ-မ-ကအဖွဲ့ကြီးဟာ ဖ-တ-ပ-လအဖွဲ့ကြီးမှာ  တပ်ပေါင်းစုအဖြစ်ပါဝင်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်(၁၉၅၄)ခုနှစ်မှာ ဖ-ဆ-ပ-လအစိုးရက ဗ-မ-ကအဖွဲ့ကြီးဟာ  ဘာသာရေးနဲ့ နိုင်ငံရေးရောထွေးနေတယ် လို့ အကြောင်းပြပြီး  ဗ-မ-က အဖွဲ့ကြီးကိုဖျက်သိမ်းဖို့ ဆိုလာပါတယ် ။ အစ္စလာမ်သာသနာဝင်အားလုံးတို့ကို ကိုယ်စားပြုတဲ့  အစ္စလာမ့် သာသနာ့ ရေးရာများကို ဆောင်ရွက်တဲ့  နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့် အဖွဲ့ကြီးတစ်ရပ်  ဖွဲ့စည်းရန်ကိုလည်း  တိုက်တွန်းလာပါတယ် ။

အဲ့ဒီအတွက် (၁၉၅၄)ခုနှစ် ၊ ဒီဇင်ဘာလ(၅)ရက်နေ့မှာ ဗ-မ-က အဖွဲ့ကြီးမှ  နိုင်ငံရေးခေါင်းဆောင်များ ၊ ဗမာမွတ်စ်လင်မ်  အိုလမာအဖွဲ့ချုပ်မှ  သာသနာ့ ပညာရှင်ခေါင်းဆောင်များ ၊ ဗမာမွတ်စ်လင်မ် အမျိုးသမီးအဖွဲ့ချုပ်မှ အမျိုးသမီး ခေါင်းဆောင်များစတဲ့  အင်အား(၃)ရပ်ကို  မဏ္ဍိုင်ပြုပြီး ”အစ္စလာမ်သာသနာရေးရာကောင်စီ”ကို စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ် ။

 

လေးစားအပ်ပါသော  အထူးဧည့်သည်တော်များနှင့်  သာသနာ့ ဗဟိုဦးစီး ၊ ကိုယ်စားလှယ်များခင်ဗျား -         

 

“အစ္စလာမ်ကောင်စီ”ကို ဖွဲ့စည်းတည်ထောင်ပြီးတဲ့နောက် (၁၉၅၆)ခုနှစ်မှာ ပထမအကြိမ်ပြည်လုံးကျွတ်အစ္စလာမ့်ညီလာခံကြီးကို  မိတ္ထီလာမြို့မှာ  စတင်ကျင်းပခဲ့ပါတယ် ။ အစ္စလာမ်ကောင်စီရဲ့ အစ္စလာမ့်ညီလာခံကြီးများမှာ နိုင်ငံတစ်ဝန်းဒေသအသီးသီးမှ တက်ရောက်လာကြတဲ့  သာသနာ့ ဗဟိုဦးစီး ၊ ကိုယ်စားလှယ်များဟာ အစ္စလာမ်ကောင်စီဌာနချုပ်နှင့်  အစ္စလာမ်ကောင်စီခွဲများက ဆောင်ရွက်ခဲ့တဲ့  အစ္စလာမ်ရေးရာကိစ္စများကို ပွင့်ပွင့်လင်း ရင်းရင်းနှီးနှီး  အပြုသဘော ဝေဖန်သုံးသပ်ဆွေးနွေးကြပါတယ် ။ မိမိတို့ကိုယ်တိုင်  ရှေ့ဆက်လက် ဆောင်ရွက်သွားရမဲ့  အစ္စလာမ့် ရေးရာကိစ္စများကို  အများဆန္ဒနဲ့အညီ ပြဋ္ဌန်းဆုံးဖြတ်ကြရပါတယ် ။ နိုင်ငံတော်သို့  တင်ပြပန်ကြားရန်  လိုအပ်တဲ့  အစ္စလာမ်ရေးရာကိစ္စများကို  အများဆန္ဒနဲ့အညီ သတ်မှတ်ဆုံးဖြတ်ကြရပါတယ် ။အစ္စလာမ်ကောင်စီ ဌာနချုပ်ကို  တာဝန်ခံဆောင်ရွက်ရမဲ့  ဗဟိုအမှုဆောင် အဖွဲ့ကိုလည်း  အများဆန္ဒနဲ့အညီ  ရွေးချယ်တင်မြှောက်ဖွဲ့စည်းရပါတယ်။ အဲ့ဒီ အစဉ်အလာအတိုင်း  ယခု(၁၆) ကြိမ်မြောက်  အစ္စလာမ့်  ညီလာခံကြီးကို ကျင်းပ နေတာဖြစ်ပါတယ်။ ဒီညီလာခံကြီးမှာ တိုင်းဒေသကြီး/ပြည်နယ် (၁၂) ခု ၊ခရိုင်(၂၇) ခု ၊ မြို့နယ်(၁၂၃)ခုတို့မှ သာသနာ့ဗဟိုဦးစီး ၊ ကိုယ်စားလှယ် များ တက်ရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ် ။

 

လေးစားအပ်ပါသော  အထူးဧည့်သည်တော်များနှင့်  သာသနာ့ ဗဟိုဦးစီး ၊ ကိုယ်စားလှယ်များခင်ဗျား -        

 

 

အစ္စလာမ်ကောင်စီရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များရဲ့ ဂုဏ်ရောင်ပြောင်မြောက်ခဲ့သော  အတိတ်သမိုင်းနဲ့ အညီ မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသားပီသရေးတို့ကို အခြေခံကာ ဂုဏ်သိက္ခာရှိစွာ ဘ၀ရပ်တည်နိုင်ရေးနဲ့ နှစ်ဘ၀ကောင်းစားရေးဖြစ်ပါတယ်။ ဒီရည်မှန်းချက် ပန်းတိုင်ကို ရှေ့ရှု  ကျင်းပလျက်ရှိတဲ့  ဒီ အစ္စလာမ့်ညီလာခံကြီးမှ တိုင်းရင်းသား  နိုင်ငံသား  အစ္စလာမ်သာသနာဝင်များအတွက်  ရလဒ်ကောင်းများ ပေါ်ထွန်းလာမယ်ဟု  ခိုင်မာစွာ ယုံကြည်လျက်ရှိပါကြောင်း  ပြောကြားရင်း  နိဂုံးချုပ်အပ်ပါတယ် ။

 

(အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်)

သဘာပတိ

အစ္စလာမ်ကောင်စီ (၁၆)ကြိမ်မြောက် အစ္စလာမ့်ညီလာခံဖွင့်ပွဲ အခမ်းအနား

(၂၀၁၄)ခုနှစ် ၊ အောက်တိုဘာလ(၁၄)ရက်

သန်လျင် ဒါရ်ဂါခန်းမ ၊ ရန်ကုန်