THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ်ဘာသာဝင်များအနေဖြင့် အဆိုးကို အကောင်းဖြင့်သာ တုံ့ပြန်ကြရန် သာသနာရေးရာကောင်စီ ဥက္ကဋ္ဌ တိုက်တွန်း

အစ္စလာမ်ဘာသာဝင်များအနေဖြင့် အဆိုးကို အကောင်းဖြင့်သာ တုံ့ပြန်ကြရန် သာသနာရေးရာကောင်စီ ဥက္ကဋ္ဌ တိုက်တွန်း

ကိုပေါက် (Myanmar Muslim Media CJ)
ဒီဇင်ဘာ ၂၁၊ ၂၀၁၄

အမုန်းစကားတွေကြောင့် နားလည်မှုလွဲမှားပြီး အဖိနိုပ်ခံဖြစ်နေတဲ့ မြန်မာနိင်ငံသားအစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့လမ်းညွန်ချက်ဖြစ်တဲ့ အဆိုးကို အကောင်းဖြင့်တုံ့ပြန်ခြင်းဖြင့် ကြံ့ခိုင်သူများဖြစ်ကြပါလို့ အစ္စလာမ်သာသာနာရေးရာကောင်စီ ဥက္ကဌကြီး ဦးညွန့်မောင်သျှိန်က အဖွဲ့ နှစ် ၆၀ ပြည့်နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းတိုက်တွန်းလိုက်ပါတယ်။

“မျက်မှောက်ကာလ မြန်မာနိင်ငံရှိ အစ္စလာမ်သာသနာဝင်များရဲ့ ပကတိအခြေအနေကို အရှိကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်းတင်ပြရပါက ၂၀၁၂ ခုနှစ်(မှာ) ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများက အစပြုပြီး အစ္စလာမ်သာသနာနဲ့ အစ္စလာမ်သာသနာဝင်များအပေါ် နားလည်မှုလွဲမှားမှုများကို စိတ်ထိခိုက်ဖွယ်ရာ ကြုံတွေ့နေရပါတယ်”လို့ ဥက္ကဌကြီး ဦးညွန့်မောင်သျှိန်က အထက်ပါနှုတ်ခွန်းဆက်စကားမှာထည့်သွင်းပြောကြားပါတယ်။

ဒါ့ကြောင့်ကြုံတွေ့နေရတဲ့ အခြေအနေဆိုးများကို အကောင်းနဲ့ ကြံကြံခံပြီး တုံုံ့ပြန်ကြရမှာဖြစ်ပါတယ်လို့လည်းအစ္စလာမ်ဘာသာဝင်တိုင်း လေးစားလိုက်နာရတဲ့ ကျမ်းမြတ်ကုရ်အာန်ကိုကိုးကားညွန်းဆိုခဲ့ပါတယ်။

“အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်(၄၁း ၃၄ ၊ ၃၅)မှာ ကောင်းမှုနှင့်မကောင်းမှုသည်မတူညီချေ။သို့ဖြစ်ရာ မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ပါလေ။ သို့ဖြစ်လျှင် ရန်ငြိုးရှိသူပင် ရင်းနှီးသောမိတ်ဆွေဖြစ်လာအံ့။ အဆိုးအား အကောင်းဖြင့် တုံ့ပြန်ခြင်းကို ကြံ့ခိုင်သူတို့သာလျှင် ဆောင်ရွက်နိင်စွမ်းပေသည်။အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကြီးမားသော ဆုလာဘ်ဝေစုကို ခံယူနိင်ကြပေသည် လို့ မိန့်တော်မူထားပါတယ်”လို့ ဦးညွန့်မောင်သျှိန်က တိုက်တွန်းပြောကြားပါတယ်။

ဘာသာတစ်ခုနဲ့ တစ်ခုအကြား ထင်ယောင်ထင်မှားဖြစ်အောင် အမုန်းပွားစရာ(Hate Speech) ၀ါဒဖြန့်မှုများကြောင့် တည်ရှိပြီးဖြစ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုများ အားနည်းမှေးမှိန်လာပြီး နိင်ငံသား ပြည်သူများအကြား စိတ်ဝမ်းကွဲပြားမှုများဖြစ်ပေါ်လာတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေအနေနဲ့လည်း မိမိ လူ့အစုအဝေးအတွက် ဆောင်ရွက်ရာမှာ တခြားလူ့အစုအဝေးကို ထိခိုက်နစ်နာစေမှုမရှိဖို့လိုအပ်ကြောင်းလည်း အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဋ္ဌကြီးက တိုက်တွန်းပါတယ်။

“မိမိလူ့အစုအဝေးအတွက်ဆောင်ရွက်ရင်း အစွန်းရောက်ပြီးနိင်ငံတွင်းမှာရှိနေတဲ့ အခြားလူ့အစုအဝေးများကို ထိခိုက်နစ်နာခြင်း မရှိစေဖို့လိုအပ်ပါတယ်။အစွန်းရောက်ခြင်းရဲ့ နိဂုံးဟာ ပျက်သုန်းခြင်းဘဲဖြစ်ပါတယ် ”လို့လည်း ဦးညွန့်မောင်သျှိန်က အစ္စလာမ်ဘာသာဝင်များကိုတိုက်တွန်းခဲ့ပါတယ်။
ဒါ့ကြောင့် တိုင်းပြည်တည်ငြိမ်အောင် အေးချမ်းအောင် နိင်ငံတော်အစိုးရက တရားဥပဒေစိုးမိုးရေးကို ထိရောက်အောင် လုပ်ဆောင်ပေးဖို့လိုအပ်သလို အတိတ်က တည်ရှိပြီးဖြစ်တဲ့ ဘာသာပေါင်းစုံချစ်ချစ်ခင်ခင်နေထိုင်ခဲ့တဲ့ အခြေအနေမျိုးပြန်ရောက်အောင် အားလုံးဝိုင်းဝန်းကြိုးစားကြဖို့လိုကြောင်းလည်း အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဋ္ဌကြီး ဦးညွန့်မောင်သျှိန်က ထပ်ဆင့်တိုက်တွန်းသွားပါတယ်။

ဘာသာရေးကိုအခြေခံပြီး ရခိုင်ပြည်နယ်ကတဆင့်ကူးစက်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိင်ငံအတွင်းမှာ အစ္စလာမ်ဘာသာဝင် တစ်သိန်းလေးသောင်းထက်မနည်းဟာ အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ရတဲ့အထိ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး ဗလီဝတ်ကျောင်းတော်များလည်း အကြမ်းဖက်ဖြိုဖျက်ခံခဲ့ရပါတယ်။