THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

ပုသိမ်ရှိကရုဏာလူမှုကူညီအသင်း၏ ငွေစာရင်းရှင်းတမ်းတွင် အစ္စလာမ်ဘာသာကို ပုတ်ခတ်သည့် စာသားများပါဝင်နေသောကြောင့် အသင်းက ပြန်လည်တောင်းပန်

ပုသိမ်ရှိကရုဏာလူမှုကူညီအသင်း၏ ငွေစာရင်းရှင်းတမ်းတွင် အစ္စလာမ်ဘာသာကို ပုတ်ခတ်သည့် စာသားများပါဝင်နေသောကြောင့် အသင်းက ပြန်လည်တောင်းပန်

ဆူးနီ

အောက်တိုဘာ ၃၁၊ ၂၀၁၅။

ပုသိမ်မြို့၊ ကရုဏာလူမှုကူညီရေးအသင်း၏ အောက်တိုဘာလ ၁ ရက်နေ့တွင်ထုတ်ပြန်သည့် လစဉ်ငွေစာရင်းရှင်းတမ်းတွင် အစ္စလာမ်ဘာသာဝင်များကို ပုတ်ခတ်ရေးသားသည့်စာသားများ ပါဝင်သည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များက အစ္စလာမ်ဘာသာဝင်များကို တောင်းပန်ဖြေရှင်းခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ သတိထားမိတာကတော့ အချက်နှစ်ချက်ပေါ့ဗျာ။ တစ်ချက်ကတော့ ဗုဒ္ဓကဖန်ဆင်းရှင်ဆိုတဲ့ အယူအဆကိုငြင်းပယ်ခဲ့တယ်လို့ သူရေးတယ်။ ဖန်ဆင်းရှင်လက်ခံတဲ့သာသနာနဲ့ လက်မခံတဲ့သာသနာရှိတယ်ဗျာ။ လက်ခံတာ လက်မခံတာကတော့ သက်ဆိုင်ရာဘာသာတွေရဲ့ ယုံကြည်ချက်ပေါ့။ ဗုဒ္ဓက ငြင်းပယ်ခဲ့တယ်လို့ရေးတယ်ဗျာ။ ဗုဒ္ဓ ငြင်းတယ် မငြင်းဘူးဆိုတာ ကျွန်တော်တို့ အငြင်းပွားရမယ့်ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် သူ့အနေနဲ့ဒီလိုရေးတာ မသင့်တော်ဘူးလို့ ကျွန်တော်တို့တော့ သုံးသပ်တယ်။ နောက်တစ်ချက်က သူကဘာရေးလဲဆိုတော့ စစ်ရေးနဲ့အခြေပြုလာတဲ့ ဘာသာဝင်တွေနဲ့ပတ်သတ်ပြီးတော့ လက်ဝှေ့စင်ပေါ်မှာ တစ်တန်းစားတည်းမနေသင့်ဘူးလို့တော့ သုံးသပ်တယ်ဆိုပြီး စစ်ရေးနဲ့ပတ်သတ်ပြီးဆိုရင် ဘာသာရေးနဲ့ပတ်သတ်ပြီးခုခံစစ်တွေက အစ္စလာမ်မှာပဲရှိတာလေ။ ဒီနေ့လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကလည်း မွတ်စလင်မ်နဲ့ပဲလက်ရှိဖြစ်နေတာဆိုတော့ဗျာ။ ဒါဟာဘယ်သူ့ကို ရည်ရွယ်လဲဆိုတာ ဖတ်လိုက်ရင်သဘောပေါက်တာပေါ့” ဟု ဧရာဝတီတိုင်း အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်အေးက Myanmar Muslim Media သို့ပြောသည်။

မောင်မောင်နိုင်( ဂရုဏာ ) ကလောင်အမည်ဖြင့်ရေးသားသည့် “အမှန်တရားစစ်ရှာဖွေခြင်း” ဆောင်းပါးတွင် “ဖန်ဆင်းရှင်ဆိုသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က စီမံကွပ်ကဲနေသည်ဟူသော အယူအဆကိုငြင်းပယ်ခဲ့သည်” ဟုလည်းကောင်း “စစ်ရေးကိုအခြေပြု၍ သာသနာပြုလာသော ဘာသာဝင်များနှင့်တော့ လက်ဝှေ့စင်ပေါ်တက်၍ တစ်တန်းတည်းမနေသင့်ဟု အကြံပေးချင်ပါသည်” ဟူ၍ အစ္စလာမ်ဘာကိုဆန့်ကျင်သည့်သဘောဆောင်သောစာသားများပါဝင်သည့် အဆိုပါဆောင်းပါးကို ဂရုဏာလူမှုကူညီရေးအသင်းက အောက်တိုဘာ ၁ ရက်နေ့ထုတ် ငွေစာရင်းရှင်းတမ်းနှင့်အတူ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်း အစ္စလာမ်သာသနာရေးရာကောင်စီမှ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး စိတ်မကောင်းဖြစ်ရကြောင်း အသိပေးအကြောင်းကြားစာပို့ခဲ့ကြောင်း ဦးမောင်မောင်အေးကဆိုသည်။ အကြောင်းကြားစာတွင် ယခုကဲ့သို့အရေးအသားသည် ဂရုဏာလူမှုကူညီရေးအသင်းကြီး၏ ဂုဏ်အသရေကို မှေးမှိန်သေးသိမ်စေရုံသာမက တစ်ဘာသာနှင့် တစ်ဘာသာကြားအထင်အမြင်လွဲမှားမှုများဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။

ကရုဏာလူမှုကူညီရေးအသင်းကြီး၏ ဥက္ကဋ္ဌ ဦးအေးကျော်၊ နာယက ဦးစိုးမြင့်နှင့် အမှူဆောင်တစ်ဦးတို့မှ ဖြစ်ခဲ့သည့်ကိစ္စအတွက် တောင်းပန်ကြောင်း၊ တစ်ဖက်ဘာသာဝင်များကိုလည်း အထင်မလွဲစေဖို့ ရှင်းပြပေးရန်နှင့် မည်သည့်သဘောမျိုးနဲ့မှရေးသားခြင်းမဟုတ်ပါကြောင်း၊ နောက်နောင်ထိုသို့ မဖြစ်စေရန် အထင်အမြင်လွဲမှားစေမည့် စာသားမျိုးမပါစေရန်လည်း ဂရုစိုက်မည်ဖြစ်ကြောင်း ၊စာပို့အကြောင်းကြားသည့်အတွက်ကျေးဇူးတင်ကြောင်း။ နောက်နောင်အားနည်းချက်ရှိလျှင်လည်းပြောစေလိုကြောင်း အောက်တိုဘာ ၃၁ ရက်နေ့တွင် တရားဝင်လာရောက်တောင်းပန်သွားသည်ဟု ဧရာဝတီတိုင်း အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်အေးက ပြောသည်။

ကရုဏာလူမှုကူညီရေးအသင်းကထုတ်ပြန်သည့်ငွေစာရင်းရှင်းတမ်းတိုင်းတွင် မောင်မောင်နိုင်( ကရုဏာ) ရေးသားသည့်ဆုံးမစာ စာတိုများပါဝင်လေ့ရှိပြီး အဆိုပါ စာရွက်များကို ပုသိမ်မြို့တွင်ဖြန့်ချီသည့် သတင်းစာထဲတွင်ညှပ်ကာ လစဉ်စာစောင်အဖြစ်ထုတ်ပြန်လေ့ရှိသည်ဟု သိရသည်။

သေသွားတဲ့လူတွေ အသက်ရှုရပ်သွားသော်လည်း ရှင်ကျန်ခဲ့သူများအသက်ရှုမကြပ်စေဖို့အတွက် လူမျိုးမရွေး၊ ဘာသာမရွေးကူညီရန်ရည်ရွယ်ချက်ဖြင့် ဂရုဏာလူမှုကူညီရေးအသင်းကြီးကို ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်လို့ အဆိုပါအသင်းကြီးရဲ့ ယခင်ဥက္ကဋ္ဌဖြစ်သည့် နာယကကြီးဦးစိုးမြင့်က ဒုန်းကွင်းဗလီအစ္စလာမ်ခန်းမတွင် ပြောဖူးသည်။

Myanmar Muslim Media
https://www.facebook.com/MyanmarMuslimMedia2/?ref=bookmarks