THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ့်တံခွန် ကျောင်သား/သူများတွေ့ဆုံပွဲ(16-1-2016)

တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အစ္စလာမ့်အနှစ်သာရသိမှသာ ဘာသာမတူသူညီနောင်များနှင့် သဟဇာတ ဖြစ်နိုင်မယ်လို့ မွတ်စလင်မ်လူကြီးတွေသုံးသပ်

မေဦး
ဇန်န၀ါရီ ၁၈၊ ၂၀၁၆။

မွတ်စလင်မ် ကျောင်းသား ကျောင်းသူများအနေနဲ့ ဘာသာရပ်ဆိုင်ရာပညာရပ်များကို တတ်မြောက်အောင်ကြိုးစားရမယ့်အပြင် အစ္စလာမ့်အနှစ်သာရ အသိပညာတွေကိုလည်း သိရှိနားလည်ထားမှ ဘာသာမတူသူညီနောင်တွေနဲ့ သဟဇာတ ဖြစ်အောင်နေထိုင်နိုင်လိမ့်မယ်လို့ အစ္စလာမ့် တံခွန်ရဲ့ ဦးဆောင်တာဝန်ခံ ဦးတင်မောင်သန်းက ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ မွတ်စလင်မ်တွေဆိုရင် အစ္စလာမ့်ရဲ့အနှစ်သာရတွေကိုလည်း သိထားဖို့လိုတယ်။ အစ္စလာမ့်ရဲ့ အသိပညာကို တစ်ဖက်တစ်လမ်းကနေပြီးတော့ ကိုယ်စီကိုယ်ငှလေ့လာပြီးတော့ အနှစ်သာရကို သိအောင်လုပ်ရမယ်။ ဒါမှ ကျွန်တော်တို့က တခြားဘာသာရပ်ဆိုင်ရာ ပညာတွေ ကိုလည်း ပူးတွဲပြီးတော့ ဒီအနှစ်အသားကို သိတဲ့အပေါ်မှာ ဘယ်သူဘယ်နေရာကိုရောက်ရောက် ကိုယ်ပတ်ဝန်းကျင်တွေမှာ တခြားဘာသာခြား ညီနောင်တွေနဲ့ သဟဇာတ ဖြစ်ဖို့စွမ်းဆောင်နိုင်မယ်။ သူတို့ကိုလည်း အစ္စလာမ့်ရဲ့အနှစ်သာရကို တင်ပြနိုင်ပြီးတော့ ဘာသာခြားတွေနဲ့ ပိုပြီးကောင်းကောင်းမွန်မွန်နေထိုင်နိုင်ပြီးတော့ အစ္စလာမ်ရဲ့ ကောင်းသတင်းတွေ အနှစ်သာရတွေ ကို သူတို့တွေကိုသိအောင်လုပ်နိုင်ဖို့ အားလုံးမှာကိုယ်စီတာဝန်ရှိပါတယ်” လို့ ဦးတင်မောင်သန်းက ပြောပါတယ်။

အစ္စလာမ့်တံခွန် ပညာရေးအလှူဒါန ကော်မတီမှ ထောက်ပံ့ပေးထားတဲ့ ၂၀၁၆ခုနှစ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနဲ့ တွေ့ဆုံပွဲတစ်ရပ်ကို အစ္စလာမ်သာသနာရေးရာကောင်စီမှာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အစ္စလာမ့်တံခွန်အနေနဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို မေဂျာအလိုက် လစဉ်ကြေးများနဲ့ ထောက်ပံ့နေပြီး ယခုနှစ်အတွက် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်ကို ထောက်ပံ့ပေးနေကြောင်း၊ အစ္စလာမ့်တံခွန်မှ ပညာသင်ထောက်ပံ့ကြေးအကူအညီလိုချင်သူများအနေနဲ့ အစ္စလာမ်ကောင်စီဌာနချုပ်၊ အိုလမာသာသနာ့ပညာရှင်များအဖွဲ့၊ မအဖ ရုံး၊ မမလ ရုံး၊ အစ္စလာမ့်ဓမ္မဗိမ္မာန် တို့တွင် ဆက်သွယ်ပြီး လျှောက်ထားနိုင်ကြောင်း ဦးဆောင်တာဝန်ခံ ဦးတင်မောင်သန်းက Myanmar Muslim Media ကိုပြောပါတယ်။

“ပညာဥာဏ်မရှိဘဲနဲ့ လူတစ်ယောက်က အောင်မြင်တဲ့ဘ၀ကို တည်ဆောက်လို့မရပါဘူး။ အောင်မြင်တဲ့ဘ၀ကို တည်ဆောက်ဖို့အတွက်ကို အသိဥာဏ်ပညာဆိုတာလိုပါတယ်။ ဘာသာရပ်ဆိုင်ရာပညာတွေအပြင် အထွေထွေဗဟုသုတလည်း ရှိဖို့လိုပါတယ်။ ဥပမာ စီးပွားရေးလုပ်ရင် လုပ်ရင်းနဲ့မှ ရလာတဲ့ပညာတွေလည်း ရှိပါတယ်” လို့ အစ္စလာမ့် တံခွန်ရဲ့ ဦးဆောင်တာဝန်ခံအဖြစ်ဆောင်ရွက်ပေးနေတဲ့ အစ္စလာမ့်သာသာနာရေးရာကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ပြောပါတယ်။

အစ္စလာမ်သာသာနာရေးရာကောင်စီဌာနချုပ်မှာပြုလုပ်တဲ့ အစ္စလာမ့်တံခွန်အဖွဲ့ရဲ့ ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ခံရတဲ့ ကျောင်းသားကျောင်းသူများတွေ့ဆုံပွဲမှာ တက္ကသိုလ်မောင်မယ်များအနေနဲ့ ဂုဏ်သိက္ခာရှိစွာနဲ့  ဘာသာမတူသူညီနောင်များနှင့် လိုက်လျှောညီနေထိုင်တတ်စေဖို့၊ အမုန်းစကားများ ပြောဆိုရေးသားခြင်းကို ရှောင်ဖို့နှင့် မိမိတို့နိုင်ငံကို အကျိုးပြုနိုင်သည့် မွတ်စလင်မ်များဖြစ်ဖို့ ကြိုးစားကြဖို့ စတဲ့ဆုံးမစကားတွေကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခ မြန်မာစာဌာနမှူး ဒေါက်တာစိုးနိုင်က ကျောင်းသားကျောင်းသူများကို ဆုံးမစကားပြောကြားပါတယ်။
စင်္ကာပူနိုင်ငံမှာ ပညာသင်ယူဖူးသည့် အင်ဂျင်နီယာ ဦးရန်နိုင်စိုးကလည်း စင်္ကာပူနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း၊ စင်္ကာပူနိုင်ငံရဲ့ ပညာရေးအခွင့်အလန်းတွေအကြောင်းကို ရှင်းပြပေးပြီး အစ္စလာမ့်တံခွန် တက္ကသိုလ်ကျောင်းသားကျောင်းသူများကလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

Myanmar Muslim Media