THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

လူငယ်တွေအသံကို သုံးသပ်အကောင်အထည်ဖော်ပေးမယ်လို့ အစ္စလာမ်ကောင်စီဥက္ကဋ္ဌပြော

လူငယ်တွေအသံကို သုံးသပ်အကောင်အထည်ဖော်ပေးမယ်လို့ အစ္စလာမ်ကောင်စီဥက္ကဋ္ဌပြော

 

မတ်လ ၂၃၊ ၂၀၁၆
မေဦး၊ကိုပေါက်(Myanmar Muslim Media CJ)

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်က ဦးစီးပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားမှာကျင်းပဖို့စီစဉ်ထားတဲ့ အစ္စလာမ့်လူငယ်တွေ့ဆုံပွဲတွေအနက် ' ဒုတိယအကြိမ်အဖြစ် ဖျာပုံမြို့ ဈေးဗလီခန်းမမှာ ယနေ့တစ်နေ့တာ အချိန်ယူကျင်းပနေပြီဖြစ်ပါတယ်။

“ဖြစ်ပျက်နေတဲ့ ကျွန်တော်တို့ရဲ့ လက်ရှိပကတိအခြေအနေတွေကို သူတို့ကိုပြောပြမယ်။ပြီးရင်သူတို့ဆီက ကောင်းမြတ်ပြီး သဘောထားပြည့်ဝတဲ့ ဆွေးနွေးချက်တွေ၊သူတိုရဲ့ တုန့်ပြန်မှုတွေ၊သူတို့ရဲ့ တွေးခေါ်မျှော်မြင်နိုင်တဲ့ အခြေအနေတွေကို ကျွန်တော်တို့ပြန်လည်သုံးသပ်ရမယ် ပြီးရင်လူ့အဖွဲ့အစည်းမှာပြန်လည်ချပြပြီးတော့ အကျိုးရှိတဲ့နေရာမှာ အသုံးချရမယ်၊နောက်ဆက်တွဲတွေလုပ်ဖို့ရှိတယ်”လို့အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဋ္ဌကြီး ဦးညွန့်မောင်သျှိန်က Myanmar Muslim Media ကိုပြောပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာစေဖို့ အတွေ့အကြုံရှိတဲ့လူကြီးတွေနဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့လူငယ်တွေရဲ့အကြံဥာဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး လူငယ်တွေ့ဆုံပွဲများကျင်းပရခြင်းဖြစ်တယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ တွဲဘက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက အထက်ပါအခမ်းအနားမှာ ရှင်းပြပါတယ်။

ဒီလူငယ်တွေ့ဆုံပွဲမှာ အစ္စလာမ့်ရေးရာကဏ္ဍ၊ ပညာရေးကဏ္ဍနဲ့ လူမှုရေးရာကဏ္ဍတွေကို ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)၊ ၀ါးခယ်မမောင်မင်းနိုင်၊ မောင်လာနာဦးအုန်းသောင်၊ ဦးဝဏ္ဏရွှေ၊ ဦးအုန်းမောင်၊ ဦးမျိုးမြင့်၊ ဒေါ်သဉ္ဇာခင်မျိုးဝင်း၊ ဒေါ်ယဉ်မင်းနိုင်တို့က ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပြီး တက်ရောက်လာတဲ့ လူငယ်တွေက မေးခွန်းများမေးမြန်းပြီး ပြန်လှန်ဆွေးနွေးသွားမှာပါ။

ရန်ကုန်မြို့မှာ ပထမအကြိမ်လူငယ်တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၄ရက်နေ့က ကျင်းပခဲ့ပြီး
ယနေ့ ဖျာပုံမြို့လူငယ်တွေဆုံပွဲမှာတော့ ဖျာပုံခရိုင်အတွင်းက ဖျာပုံ၊ဘိုကလေး၊ဒေးဒရဲ၊ကျိုက်လတ် မြို့တွေက ဖိတ်ကြားထားသူ ၁၀၀ နီးပါးတက်ရောက်ပါတယ်။