THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

မိတ္တီလာ ဗလီများပြန်ဖွင့်နိုင်ရေးနှင့် အမုန်းတရားဖြန့်မှုများ တားဆီးပေးရေး အစ္စလာမ်ဘာသာရေးခေါင်းဆောင်များတောင်းဆို

မိတ္တီလာ ဗလီများပြန်ဖွင့်နိုင်ရေးနှင့် အမုန်းတရားဖြန့်မှုများ တားဆီးပေးရေး သူရဦးအောင်ကိုထံ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များတောင်းဆို

 

မေဦး၊ကိုပေါက်
Myanmar Muslim Media
မေ ၄၊ ၂၀၁၆

ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို အဟန့်အတားဖြစ်စေတဲ့အမုန်းတရားဟောပြောဖြန့်ချိမှုတွေကို တားဆီးပိတ်ပင်ပေးဖို့နဲ့ မိတ္တီလာမြို့မှာ ပိတ်သိမ်းခံထားရတဲ့ဗလီဝတ်ကျောင်းတော်တွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို အစ္စလာမ်ဘာသာကိုယ်စားပြုတွေ့ဆုံသူတွေက တောင်းဆိုလိုက်ပါတယ်။

“မိတ္တီလာမှာ ဖွင့်ခွင့်မရသေးတဲ့ဗလီဝတ်ကျောင်းတော်တွေ ကိုဥပုသ်လလည်းနီးနေပြီဆိုတော့ ဖွင့်ပေးဖို့ ၊အမုန်းတရားတွေကိုလည်း တားဆီးပိတ်ပင်ပေးဖို့ ဒါတွေကိုလည်းအစွမ်းကုန်ကြိုးစားပါ့မယ် လုပ်နေပါတယ်ဆိုပြီး အကောင်းဘက်က သူပြောသွားတာရှိပါတယ်၊သက်ဆိုင်ရာနဲ့လည်းညှိပြီးတော့ လုပ်ပေးပါ့မယ် အစွမ်းကုန်လုပ်ပေးပါမယ်လို့ပြောသွားပါတယ်” လို့ သူရဦးအောင်ကိုနဲ့ တွေ့ဆုံရာမှာပါဝင်တဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မန္တလေးတိုင်း တွဲဘက်အတွင်းရေးမှူး အစ္စလာမ်ဘာသာဝင် ဦးခင်မောင်သိန်း(အတွင်းရေးမှူး-မန္တလေးတိုင်းဒေသကြီး အစ္စလာမ်ကောင်စီ)က Myanmar Muslim Media ကိုပြောပါတယ်။

မိတ္ထီလာမြို့နယ်မှာ ၂၀၁၃ ခုနှစ်ကဖြစ်ခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုဖြစ်စဉ်အပြီး ၀တ်ပြုခွင့်ပိတ်ထားတဲ့ ဗလီတွေကို ပြန်လည်ဝတ်ပြုခွင့်ပေးရေးကိစ္စ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေရဲ့ တောင်းဆိုတင်ပြချက်ကို မေလ ၅ ရက်မှာကျင်းပမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ သူရဦးအောင်ကိုက တင်ပြသွားမှာဖြစ်တယ်လို့လည်း Irraweddy သတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဟာ မန္တလေးတိုင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နဲ့ မေလ ၄ ရက်က မန္တလေးမြို့ Oriential ဟိုတယ်မှာ ယနေ့နံနက် ၈ နာရီကနေ ၁၀ နာရီအထိတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“အသစ်တာဝန်ယူတဲ့သာသနာရေးဝန်ကြီးတစ်ယောက်ရဲ့ သဘောထားကိုလည်းသိရတယ်။မတူညီတဲ့ဘာသာတွေအားလုံးကိုစုစည်းပြီးတော့မှ နိုင်ငံတော်တည်ဆောက်ရေးအတွက် အင်အားတစ်ရပ်အနေနဲ့ဆောင်ရွက်သွားမယ်ဆိုတာ ကောင်းတဲ့ကိစ္စတစ်ခုပါ”လို့ လည်း ဦးခင်မောင်သိန်းက သူရဦးအောင်ကိုနဲ့တွေ့ဆုံမှုအပေါ်အထက်ပါအတိုင်းမှတ်ချက်ချပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ မိတ္တီလာမြို့အကြမ်းဖက်မှုကြောင့် အစ္စလာမ်ဘာသာဝင် ၈၀ ထက်မနည်းသတ်ဖြတ်ခံခဲ့ရပြီး ယနေ့အချိန်အထိ ဗလီ ၆ လုံးကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်မပြုသေးပါဘူး။

လွတ်လပ်စွာကိုးကွယ်ခွင့်အတွက်လည်း ၎င်းအနေနဲ့ဆက်လက်ကြိုးစားပေးမယ်လို့ ဗုဒ္ဓဘာသာ၊ ခရစ်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာဝင်များပါဝင်တဲ့ မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နဲ့တွေ့ဆုံစဉ်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုရေးရာဝန်ကြီး သူရဦးအောင်ကိုက ဂတိပြုပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။

သူရဦးအောင်ကိုနှင့် မန္တလေးတိုင်းဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တို့ တွေ့ဆုံစဉ်။(ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ)

 

Myanmar Muslim Media