THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

ကုရ်အာန်အပေါ်စော်ကားပြောသည့်လုပ်ရပ်ဟု အစ္စလာမ့်ဘာသာရေးအဖွဲ့ခေါင်းဆောင်များတုံ့ပြန်

ကုရ်အာန်အပေါ်စော်ကားပြောသည့်ဦးဝီရသူ၏မိန့်ကြားချက်အသိဥာဏ်အဆင့်အတန်းမရှိသည့်လုပ်ရပ်ဟု အစ္စလာမ့်ဘာသာရေးအဖွဲ့ခေါင်းဆောင်များတုံ့ပြန်

ဟိန်းအောင်
Myanmar Muslim Media
သြဂုတ် ၆၊ ၂၀၁၆

အစ္စလာမ်ဘာသာဝင်တိုင်းအလေးအမြတ်ထားသည့် ကျမ်းတော်မြတ်ကုရ်အာန်အားအကြမ်းဖက်မှုတို့၏ လက်သည်တရားခံဖြစ်သည်ဟူသော ဦးဝီရသူ၏မိန့်ကြားချက်အပေါ် နိုင်ငံတော်အဆင့် က အရေးယူဆောင်ရွက်ပေးရမည့်ကိစ္စဖြစ်သည်ဟု အစ္စလာမ့်ဘာသာရေးအဖွဲ့အသီးသီးမှတာဝန် ရှိသူများကပြောကြားလိုက်သည်။

“ကုရ်အာန်နဲ့ပတ်သက်ပြီးတော့ ဘယ်ဘာသာဝင် ဘယ်ပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ် ဝေဖန်တာသုံးသပ်တာ ကဲ့ရဲ့ရှုတ်ချတာအစ္စလာမ်ကိုထိထိရောက်ရောက်နဲ့တိုက်ရိုက်ကြီးကို စနစ်တကျစော်ကားလိုက်တာပဲ၊(အစ္စလာမ်တစ်ယောက်အနေနဲ့ရောအဖွဲ့အစည်းအနေနဲ့ရောလုံးဝလက်မခံနိုင်ဘူး)ပြောတဲ့ပုဂ္ဂိုလ်က တာဝန်ယူဖြေရှင်းပေးရမယ်”ဟု မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ထွန်းက Myanmar Muslim Media သို့ပြောသည်။

ထို့အပြင် ကျမ်းမြတ်ကုရ်အာန်အား ဦးဝီရသူ၏စော်ကားပြောဆိုချက်သည် အသိဥာဏ်အဆင့်အတန်းမရှိသူတို့၏လုပ်ရပ်မျိုးသာဖြစ်သည်ဟု အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ပြန်လည် တုံ့ပြန်လိုက်သည်။

“ဒါကတော့အသိဥာဏ်မရှိလို့ဘာသာတရားရဲ့လေးနက်သိမ်မွေ့မှုကိုနားလည်ခံစားနိုင်စွမ်းမရှိလို့၊ ဘာသာပေါင်းစုံချစ်ကြည်ရေးကိုတန်ဖိုးထားရကောင်းမှန်းမသိလို့ပြောတယ်ပဲယူဆတယ်။

နေမျိုးဝေလည်းဒီလိုမျိုးပြောဖူးတယ်ခွေးဟောင်လို့လမင်းအလင်းမပြယ်ဘူးဆိုတာသိလို့လျှစ်လျှူရှု့ထားတာ”ဟု အစ္စလာမ်သာသနာရေးရာကောင်စီအတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက Myanmar Muslim Media သို့ပြောသည်။

အစ္စလာမ်ဘာသာတစ်ခုတည်းကိုသာဦးတည်တိုက်ခိုက်နေသည့် ဦးဝီရသူအားတစိုက်မတ်မတ်နဲ့အမုန်းတရားကိုရှေ့တန်းတင်ကာပြောကြားနေသည့် ဦးဝီရသူနှင့်ပတ်သက်ပြီး အထွေအထူးဝေဖန်လိုခြင်းမရှိဟု မှတ်ချက်ပေးသူလည်းရှိသည်။

“ဒီကုရ်အာန်ထဲမှာအကြမ်းဖက်ဖို့ရောလူသားတွေကိုဒုက္ခပေးဖို့ရောမပါဘူး….ကုရ်အာန်ကျမ်းမြတ်ကိုဘာမှဒီလိုအဆင့်အတန်းမရှိတဲ့ဒီပုဂ္ဂိုလ်ဝေဖန်ချက်ကိုလက်ခံစရာလည်းအကြောင်းမရှိဘူး။…အမုန်းတရားကိုရှေ့တန်းတင်ပြီး လှုံ့ဆော်ချက်သာဖြစ်တယ်လို့သုံးသပ်တယ်”ဟုမော်လ၀ီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးကပြောသည်။

ဦးဝီရသူသည် အစ္စလာမ်ဘာသာဝင်များအားခွဲခြားဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်သည့် ၉ ၉ ၆၉ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် ကုလအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီအားလည်း ဖာသည်မဟု ယုတ်ရင်းကြမ်းတမ်းစွာဆဲဆိုခဲ့ဖူးသည့် မစိုးရိမ်တိုက်သစ်(မန္တလေး)၏ ဦးဆောင်နာယက ဆရာတော်တစ်ပါးဖြစ်သည်။

“နိုင်ငံတော်အနေနဲ့လည်း ဒီလိုဘာသာတစ်ခုအပေါ်ပုတ်ခတ်စော်ကားပြောဆိုတာကို အရေးယူဆောင်ရွက်ပေးဖို့လိုအပ်တယ်။ဒီလိုအရေးယူဆောင်ရွက်ပေးမှုမရှိဘူးဆိုရင် မြန်မာပြည်တွင်းမှာရှိတဲ့ဘာသာတစ်ခုနဲ့တစ်ခုအကြား ထိပ်တိုက်ရင်ဆိုင်မှုတို့ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခတွေပိုပြန့်ပွားလာနိုင်တယ်”ဟုလည်း မ.မ.လ ဥက္ကဌ ဦးမြင့်ထွန်းက ထပ်လောင်းပြောကြားသည်။