THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ့်သာသနိကအဆောက်အအုံများကို တာဝန်ရှိသူမပါဘဲဝင်စစ်ဆေးပါက တရားစွဲရန်

အစ္စလာမ့်သာသနိကအဆောက်အအုံများကို တာဝန်ရှိသူမပါဘဲဝင်စစ်ဆေးပါက

တရားစွဲရန် ဘာသာရေးခေါင်းဆောင်များတိုက်တွန်း

အောင်ဈာန်သစ်
Myanmar Muslim Media
အောက်တိုဘာ ၂၄ ၊ ၂၀၁၆

သာကေတမြို့နယ် ကအစ္စလာမ့်စာသင်ကျောင်းတစ်ခုကို မဘသ လိုလားသူ မျိုးချစ်သွေးဓမ္မကွန်ရက်အဖွဲ့ဝင်တွေဦးဆောင်တဲ့အရပ်သား ၅၀ ၀န်းကျင်က ၀င်ရောက်စစ်ဆေးမူဟာ ဥပဒေဘောင်ကျော်တဲ့ကိစ္စဖြစ်တဲ့အတွက် အခြားအစ္စလာမ့်ဘာသာရေးကျောင်းတွေအနေနဲ့ သက်ဆိုင်ရာမပါဘဲ အထက်ပါပုံစံမျိုး လာရောက်စစ်ဆေးပါက ငြင်းပယ်ဖို့နဲ့ အတင်းဝင်ရောက်စစ်ဆေးပါကတရားစွဲဖို့ အစ္စလာမ့်ဘာသာရေးခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

“လာစစ်ရင်လည်းအစစ်ခံစရာမလိုဘူး။တားမြစ်တဲ့ကြားက အနိုင်ကျင့် ၀င်စစ်တယ်ဆိုရင် သက်ဆိုင်ရာကိုတိုင်ပြီးတရားစွဲပါ”လို့ အစ္စလာမ်သာသနာရေးရာကောင်စီအတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက Myanmar Muslim Media ကို အထက်ပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝေဖန်ရာမှာ ထည့်သွင်းပြောကြားပါတယ်။

သာကေတမြို့နယ် မှာရှိတဲ့ ငြိမ်းချမ်းသာယာ အစ္စလာမ့်ဘာသာရေးစာသင်ကျောင်းဟာ မြန်မာစာကိုပါတွဲဘက်သင်ကြားနေတဲ့ မိဘမဲ့ကလေးကျောင်းတစ်ခုဖြစ်ပြီး ကြံတောသင်းချိုင်္င်းပြောင်းရွေ့ရာမှာ ဖျက်သိမ်းခံရတဲ့အတွက် နိုင်ငံတော်က လက်ရှိနေရာကို အစားပြန်ပေးထားတဲ့ ဟာဖိဇ်ကျောင်းတစ်ခုဖြစ်ပါတယ်။

“မိတ်ဆွေတို့ကဘယ်ကလဲလို့မေးတော့ စစ်ဆေးရေးအဖွဲ့ကလို့ပြောတယ်။ဘယ်စစ်ဆေးရေးအဖွဲ့လဲမေးတော့မဖြေဘူး”ဟု ငြိမ်းချမ်းသာယာ အစ္စလာမ့်ဘာသာရေးစာသင်ကျောင်း ဥက္ကဌ ဦးမောင်မောင်က ယနေ့နံနက်ပိုင်း ကအရပ်ဝတ်တွေရဲ့ ၀င်ရောက်စစ်ဆေးရာမှာအရပ်ဝတ်တွေရဲ့ဖြေကြားပုံကို ပြောပါတယ်။

ဒီလိုဖြစ်ရပ်တွေဟာ အစ္စလာမ်ဘာသာအပေါ်မတော်မတရားလုပ်ဆောင်သည့်လုပ်ရပ်အဖြစ်ရှု့မြင်ကြောင်းနှင့်အထက်ပါလုပ်ရပ်အတွက် သက်ဆိုင်ရာအနေဖြင့်ထိရောက်စွာအရေးယူရန်လိုအပ်ကြောင်း မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ ဥက္ကဌ ဦးမြင့်ထွန်းက သုံးသပ်ပါတယ်။

“တစ်ခုခုမင်္သကာဖွယ်ရာတွေ့ရင်ဌာနဆိုင်ရာကိုအကြောင်းကြားပြီး ဌာနဆိုင်ရာကဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လေ။ဒါဟာဥပဒေမဲ့လုပ်တယ်လို့ပဲသတ်မှတ်ရမယ်။ဒါကိုသက်ဆိုင်ရာအာဏာပိုင်တွေကလည်း ထိရောက်စွာအရေးယူပေးဖို့လိုတယ်”ဟု ဦးမြင့်ထွန်းက Myanmar Muslim Media ကိုပြောပါတယ်။

သင်္ကန်းကျွန်းနဲ့သာကေတမြို့နယ်တို့မှာရှိတဲ့ အစ္စလာမ့်ဘာသာရေးစာသင်ကျောင်းတွေမှာ ဆွလာသ်ဝတ်ပြုမှုရှိမရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေက ၀င်ရောက်စစ်ဆေးမှုတွေရှိခဲ့ပြီးနောက်ပိုင်း တာဝန်ရှိသူတွေမပါဘဲ မ.ဘ.သ လိုလားသူ မျိုးချစ်သွေးဓမ္မကွန်ရက်ဝင်တွေက ယခုလိုအာဏာပိုင်ဆန်ဆန် ၀င်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ ပြည်သူပြည်သားတွေအကြား အမုန်းပွားပြီး မလိုလားအပ်တဲ့ ပဋိပက္ခတွေဖြစ်လာတဲ့အပြင် ဘာသာပေါင်းစုံချစ်ကြည်ရေးကိုပါထိခိုက်စေနိုင်တဲ့အတွက် ဒီလိုဥပဒေပလုပ်ရပ်တွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက်အရေးယူဖို့မဖြစ်မနေလိုအပ်တယ်လို့ဦးတင်မောင်သန်းက ပြောပါတယ်။

“ဘာသာရေးစာသင်ကျောင်းတွေကိုဝတ်မပြုရဘူးလို့ဆိုတာဟာ အကြီးအကျယ်လွဲမှားနေတယ်။ဘုန်းကြီးကျောင်းမှာ စာပဲသင်ရမယ် ဘုရားမရှိခိုးရဘူးလို့တားမြစ်သလိုမျိုးပဲ။ တရားဥပဒေစိုးမိုးရေးကို မလုပ်ရင်၊ မလုပ်ရဲရင်၊ မလုပ်တတ်ရင်၊ မလုပ်ချင်ရင်"အစိုးရမလုပ်ပါနဲ့ ”လို့ ဦးတင်မောင်သန်းကဆက်လက် ဝေဖန်ပါတယ်။

သာကေတမြို့နယ် လယ်ဝေးကဘရ်စတန်အနီးရှိ ငြိမ်းချမ်းသာယာ မိဘမဲ့ကလေးကျောင်းကို မဘသထောက်ခံသူများ ၀င်ရောက်စစ်ဆေးနေပုံ(အောက်တိုဘာ ၁၄၊ ၂၀၁၆)