THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

NV Card ထုတ်ပေးခြင်းကိစ္စ အသိပေးတင်ပြခြင်း

 

စာအမှတ် ။   ။  မအဘ / စီမံ / ၇၇ / ၂၀၁၇ ( အစ-၄ )။

ရက်စွဲ ။  ။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။

 

အကြောင်းအရာ။          နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား Identity Card for National Verification (NV Card)ထုတ်ပေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ အသိပေးတင်ပြခြင်း။

 

 

 

ရည်ညွှန်းချက်(၁)             မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ၂-၉-၂၀၁၆ ရက်စွဲပါ အစ္စလာမ်ဘာသာဝင်များ သိရှိစေရန် အကြောင်းကြားစာ။

           

          (၂)          အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏

                           ၆ - ၁၁ - ၂၀၁၇ ရက်စွဲပါ စာ။

 

                   (၃)                                      အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏

                           ၁၅ - ၁၁ - ၂၀၁၇ ရက်စွဲပါ စာ။

 

၁။         နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားIdentity Card for National Verification (NV Card)ထုတ်ပေးခြင်းကိစ္စနှင့်ပတ်သက်၍ ]]မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး}} အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးရန်ရှိပါသဖြင့် ဆွေးနွေးမှု ရလဒ် ထွက်ပေါ်လာပြီးမှသာ အစ္စလာမ်ဘာသာဝင်များ ဆက်လက် ဆောင်ရွက်ကြ ပါရန် အထက်ရည်ညွှန်းချက်(၁)ပါ စာဖြင့် အသိပေးအကြောင်းကြားခဲ့ပါသည်။

 

 

၂။         ၄င်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ တာဝန်ရှိသူ  များသည် ၁၀-၁၂-၂၀၁၆ ရက်နေ့တွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် လည်းကောင်း၊ ၂၁-၁-၂၀၁၇ ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၃။         ထိုသို့ တွေ့ဆုံ ဆွေးနွေးရာတွင် အစ္စလာမ်ဘာသာဝင်များ နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားရာတွင် လည်းကောင်း၊ အိမ်ထောင်စု စာရင်း ရွှေ့ပြောင်းရာတွင် လည်းကောင်း၊ မွေးတိုးစာရင်း ရေးသွင်းရာတွင်လည်းကောင်း ကြန့်ကြာမှုနှင့် ကြုံတွေ့နေရသည့် အခက်အခဲ များကိုတင်ပြခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားသူများကို NV Card ထုတ်ပေးမည့် အစီအစဉ်အစား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ထိုက်သူများကို ဖြစ်ထိုက်သည့် အခွင့်အလမ်းအလိုက် နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုး ကြန့်ကြာမှုမရှိ၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးသည့်အစီအစဉ် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြကာ NV Card ထုတ်ပေးခြင်းကိစ္စ မဖြစ်မနေ ဆောင်ရွက်မည်ဆိုပါက အများပြည်သူသိရှိနိုင်ရန် ရှင်းလင်းတိကျသည့် လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များ စာထုတ်ပြန်ပေးပါရန် တင်ပြခဲ့ပါသည်။

 

၎။    ၄င်းကိစ္စနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အထက်ရည်ညွှန်းချက်(၂)နှင့် (၃)ပါ စာများဖြင့်  အစ္စလာမ်ဘာသာရေးအဖွဲ့(၅)ဖွဲ့မှ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်တွင် အခြေခံအကျဆုံး လုပ်ငန်းဖြစ်သော နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NV Card ထုတ်ပေးရန် လုပ်ငန်းအား အပြည့်အဝ ပူးပေါင်း ပါဝင်ဆောင် ရွက်ရန် လိုအပ်လျက်ရှိပါသဖြင့် တိုက်တွန်းနှိုးဆော်ရှင်းပြကူညီပေးပါရန်နှင့် အခြား ဘာသာရေး အဖွဲ့အစည်းများသို့  ဖြန့်ဝေရှင်းလင်းအသိပေးပါရန် မေတ္တာရပ်ခံကာ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် NV Card ကိုင်ဆောင်ရမည့်သူများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း ရှင်လင်းဖော်ပြခဲ့ပါသည်။

 

 

 

(က)      ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ- ၆၅ အရ နိုင်ငံသား / နိုင်ငံသားပြုခွင့်ရသူ ဟုတ်/မဟုတ် ဗဟိုအဖွဲ့၏အဆုံးအဖြတ်ခံယူရန်လျှောက်ထားသူများ၊(အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားကိုင်ဆောင်ထားသူဖြစ်ပါက NV Card ထုတ်ပေးရန်မလိုပါ။)

 

 

(ခ)       သက်တမ်းကုန် ယာယီ သက်သေခံလက်မှတ်အပ်နှံသူများနှင့် ယာယီ သက်သေခံ လက်မှတ် ပျောက်ဆုံး ပျက်စီးကြောင်း သတင်းပို့ထားသူများအနက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အရ နိုင်ငံသားစိစစ်မှုခံယူရန် လိုအပ်သူများ၊

 

(ဂ)       ယခင်က နိုင်ငံသားစိစစ်ရေးကတ်ပြားအပါအဝင် မှတ်ပုံတင်တစ်မျိုးမျိုးရရှိကိုင်ဆောင်ခဲ့ပြီး နိုင်ငံသားအရည်အချင်း ပြည့်စုံခိုင်လုံမှုမရှိသဖြင့် ကိုင်ဆောင်မှတ်ပုံတင်လက်မှတ်အား ပြန်လည် သိမ်းဆည်း ပယ်ဖျက် ဖျက်သိမ်းခြင်းခံရသူများ၊

 

(ဃ)      မြန်မာနိုင်ငံအတွင်း အစဉ်အဆက် နေထိုင်သူ မှန်ကန်သော်လည်း အိမ်ထောင်စုလူဦးရေ စာရင်းဖြစ်စေ၊ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ ရရှိကိုင်ဆောင်ထားခြင်းမရှိသည့် နိုင်ငံသားစိစစ်မှုခံယူရန် လိုအပ်သူများ။

 

            (နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသည့် မိဘနှစ်ပါးက မွေးဖွားလာ သော သားသမီးများသည်လည်းကောင်း၊ အမျိုးသားမှတ်ပုံတင်သက်သေခံ ကတ်ပြားကိုင်ဆောင်ထားသော်လည်း ဥပဒေအရ နိုင်ငံသားအရည်အချင်း ရှိသူဟု သတ်မှတ်နိုင်သော မိဘနှစ်ပါးက မွေးဖွားလာသော သားသမီး များသည် လည်းကောင်း  NV Card  ကိုင်ဆောင်ရန် မလိုဘဲ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်တွင် တိုက်ရိုက် လျှောက်ထားနိုင်သည်။)

 

 

၅။    သို့ဖြစ်ပါ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားခြင်းနှင့်စပ်လျဉ်းသော အထက်အပိုဒ်(၄)ပါ အချက်များကို အစ္စလာမ်ဘာသာဝင်များ သိရှိဆောင်ရွက်နိုင်ပါရန်နှင့် နိုင်ငံတော်၏ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များမှတစ်ဆင့် ရှင်းလင်းဖော်ပြအပ်ပါသည်။

 

(အလ်ဟာဂ်ျ မောင်လာနာ ယူစွဖ်)

ဒု-ဥက္ကဋ္ဌ

အိုလမာ-အစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့ချုပ်

-

(အလ်ဟာဂ်ျ တင်မောင်သန်း)

အတွင်းရေးမှူးချုပ်

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်

-

(အလ်ဟာဂ်ျ မြင့်ထွန်း)

ဥက္ကဋ္ဌ

မြန်မာမွတ်စ်လင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ (မ-မ-လဌာနချုပ်)

-

(ဟာဂျီ ကျော်ခင်)

အထွေထွေအတွင်းရေးမှူး

မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်(မ-အ-ဖဌာနချုပ်)

 

ဖြန့်ဝေခြင်း

- အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များအားလုံး

မိတ္တူကို

- အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊နေပြည်တော်

- ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန၊ နေပြည်တော်

- တိုင်းဒေသကြီး / ပြည်နယ် ဦးစီးမှူး၊ -------------- တိုင်းဒေသကြီး / ပြည်နယ်

- ရုံးလက်ခံ / မျှောစာတွဲ