THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင် (၁၉၁၂-၂၀၀၄)

 

သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်

 

သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်ကို ပျော်ဘွယ်မြို့၊ ဆွဲမှန်ရွာ အဘ ဦးအေအေခန်း နှင့် အမိ ဒေါ်တုပ်တို့မှ ၁၂၄၇-ခုနှစ် ၀ါခေါင်လပြည့်နေ့ (၂၈၊ ၆၊ ၁၉၁၂)တွင် ဖွားမြင်သည်။ ငယ်စဉ်က ရွာထဲရှိ ဘာသာရေး ကျောင်းတွင် အူရဒူစာပေ ၄-တန်း အောင်သည်အထိ ဆည်းပူးသည်။ ဆက်လက်၍ ပျော်ဘွယ်မြို့ ၀က်စလီယံ အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်း၌ သတ္တမတန်း အောင်သည်အထိ သင်ယူသည်။

၁၉၂၇-ခုနှစ်တွင် မိဘများသည် ရှမ်းပြည်၊ တောင်ကြီးမြို့သို့  ပြောင်းရွှေ့သွားခဲ့ရာ ဆရာကြီးသည် တောင်ကြီးမြို့ အေဘီအမ် ကျောင်း တွင် တစ်နှစ်နေပြီး မန္တလေးမြို့ ကယ်လီအထက်တန်းကျောင်းတွင် ပညာ ဆက်လက်သင်ယူခဲ့သည်။ အားကစားလည်း ၀ါသနာပါ လိုက်စားသဖြင့် ကယ်လီကျောင်းတွင် တင်းနစ် ချန်ပီယံ ၃-နှစ် ဆက်တိုက် ဖြစ်ခဲ့သည်။

၁၉၃၀-၃၁ ခုနှစ်တွင် ဆယ်တန်းအောင်မြင်၍ ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်သည်။ရန်ကုန်တက္ကသိုလ်တွင် ၁၉၃၇နှစ် (ဘီအေ၊ ဘီအယ်လ်) ဖြေဆိုအောင်မြင်သည်အထိ နေခဲ့သည်။ ရန်ကုန် တက္ကသိုလ်နေစဉ်တွင် တင်းနစ်အသင်း ကပ္ပတိန်နှစ်ကြိမ်ဖြစ်ခဲ့သည်။ နာမည်ကြီး ဘောသမားဦးဝင်းနှင့်တွဲ၍ တက္ကသိုလ် ချန်ပီယံ ၃-နှစ် ဖြစ်ခဲ့ဖူးသည်။ ရန်ကုန်တက္ကသိုလ် ပဲခူးကျောင်းဆောင်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူနေခဲ့သဖြင့် ရင်းနှီးခဲ့သည်။ ဘီအေဘီအယ်လ်တန်း ဆက်လက်သင်ကြားစဉ် ပဲခူးဆောင်မှာပင် အဆောင်မှူးအဖြစ် အမှုထမ်း ခဲ့သည်။

၁၉၃၈-ခုနှစ်တွင် ချောက်၊ ရေနံချောင်းမြို့များတွင် ရေနံမြေ အလုပ်သမား ၀န်ထောက်အဖြစ် အမှုထမ်းနေစဉ် ဒုတိယကမ္ဘာ စစ်ကြီးဖြစ် လာသည်။ ဂျပန်များဝင်ရောက်လာစဉ် လက်အောက်ခံ အမှုထမ်း မလုပ်ဘဲ တောင်ကြီးမြို့သို့ ပြန်သွားခဲ့သည်။

၁၉၄၅-ခုနှစ် စစ်ကြီးအပြီး ပျဉ်းမနားမြို့တွင် ပြည်လုံးကျွတ် ဗမာမွတ်စ်လင်မ်ညီလာခံကျင်းပသည်။ ညီလာခံကြီးတွင် အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၊ ၀န်ကြီး ဦးခင်မောင်လတ် အစရှိသော ပုဂ္ဂိုလ်ကြီးများ နှင့်အတူ လက်တွဲ ဆောင်ရွက်ခဲ့သည်။ ပျဉ်းမနားညီလာခံကြီးမှ ဗမာမွတ်စ်လင်မ်ကွန်ကရက် (ဗမက)အဖွဲ့ကြီး ပေါ်ပေါက်ခဲ့သည်။

 ကွန်ဂရက်ကြီးက ဗမာမွတ်စ်လင်မ်များသည် မြန်မာပြည်လွတ်လပ်ရေး တိုက်ပွဲတွင် အင်အားစုတစ်စုအနေဖြင့် ဖဆပလ အဖွဲ့ကြီးနှင့် ပူးပေါင်း ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ချက်ချခဲ့သည်။ ဆုံးဖြတ်ချက်အရ ၁၉၄၆-ခုနှစ်ဆန်း ဖဆပလဦးဆောင်မှုဖြင့် ကျင်းပသည့် ရွှေတိဂုံညီလာခံကြီးသို့ ကိုယ်စားလှယ်စေလွှတ်ခဲ့သည်။ ဆရာကြီး ဦးရာဇတ်နှင့်အတူ ဦးဖေခင် လည်း တက်ရောက်ခဲ့သည်။

ဦးဖေခင်သည် ရှမ်းပြည်ဖွား မဟုတ်လင့်ကစား တောင်ကြီးတွင် နေထိုင်ကြီးမြင့်လာသူဖြစ်၍ ရှမ်းပြည်နိုင်ငံရေးတွင် စိတ်ဝင်စားသည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးနေစဉ်ကပင် ရှမ်းကျောင်းသားများကို စည်းရုံးပြီး ပထမဆုံးရှမ်းပြည် ကျောင်းသားများအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့၏ အတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

 ညီလာခံကြီးတွင် တောင်တန်းဒေသနှင့် မြန်မာပြည် ပူးပေါင်းရေး အဆိုတစ်ရပ်ကို တင်သွင်းသည်။ အင်္ဂလိပ်တို့၏ စက္ကူဖြူစာတမ်းအရ မြန်မာပြည် လွတ်လပ်ရေးပေးရာတွင် တောင်တန်းဒေသများ ချန်လှပ်ထားခဲ့ ရန် အစီအစဉ်ကို တိုက်ဖျက်လိုသဖြင့် ဤသို့ တင်သွင်းခြင်းဖြစ်သည်။

ထိုအချိန်တွင် ဦးဖေခင်သည် ဗမက အလုပ်အမှုဆောင် သာမက ဖဆပလ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်း ဖြစ်နေသည်။ ဖဆပလ ညီလာခံအပြီးတွင် ဖဆပလဌာနချုပ်တွင် တောင်တန်းနယ်ဒေသဆိုင်ရာ သီးခြားဌာန ဖွင့်ပြီး စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရန် ဆုံးဖြတ် ပြီး ဦးဖေခင်ကို အတွင်းရေးမှူးတာဝန်ပေးအပ်ခဲ့သည်။

ဦးဖေခင်သည် လိုအပ်သည့် အစီအစဉ်များပြုလုပ်ပြီးလျှင် ပြီးချင်း တောင်ကြီးသို့ခရီးထွက်သည်။ ရှမ်းပြည်လူထု ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ ရှမ်းစော်ဘွားများနှင့်လည်းကောင်း တိုင်ပင်ဆွေးနွေးသည်။ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ တည်ထောင်ပြီး ဦးတင်အေးကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ပေးသည်။

ရှမ်းပြည်မြောက်ပိုင်းသို့ ခရီးဆက်ပြီး စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူလည်း ရှမ်းပြည် တောင်ပိုင်းသို့ ခရီးလှည့်ပြီး စော်ဘွားများနှင့် ဆွေးနွေးခဲ့သည်။မကြာမီ ဗိုလ်ချုပ်သည် ဘိလပ်သို့ခရီးထွက်သည်။ တောင်တန်း ဒေသ ဆွေးနွေးပိုင်ခွင့်နှင့်ပတ်သက်ပြီး ဦးနုနှင့် တိုင်ပင်သည် ။ သိန္ဒီတွင် ကျင်းပမည့် စော်ဘွားအစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်သည်။ဦးဖေခင်နှင့်အဖွဲ့သည် တောင်ကြီးတွင် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်များနှင့်တိုင်ပင်ပြီး လူထုအစည်းအဝေး တစ်ရပ် ကျင်းပသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံကြောင်း ဆုံးဖြတ်ပြီး ဗိုလ်ချုပ်ထံသို့လည်းကောင်း၊ ဖဆပလ ဌာနချုပ်သို့ လည်းကောင်း ကြေးနန်းပေးပို့ သည်။ ဆက်လက် ၍ ပင်လုံညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် သမိုင်းဝင် ပင်လုံ စာချုပ်ကြီး အောင်မြင်စွာ ချုပ်ဆိုနိုင်ရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ထို့နောက် ဖဆပလ အမတ်အဖြစ် ပျော်ဘွယ်မြို့နယ်မှ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။

၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် မြန်မာ့အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး ပြန်လည်ဖွဲ့စည်းသည့် ၀န်ကြီးအဖွဲ့ တွင် ၀န်ကြီးတစ်ဦးအဖြစ်ရွေးချယ်ခံရသည်။ ၁၉၄၇-ခုနှစ်တွင် ပါကစ္စတန် နိုင်ငံဟူ၍ ပေါ်ပေါက်လာရာ ပထမဆုံးသော သံအမတ်အဖြစ် ခန့်အပ် စေလွှတ်ခံရသည်။ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး ပေးအပ်သော ဂုဏ်ထူးဆောင်ဘွဲ့တွင် မဟာသရေစည်သူဘွဲ့ ချီးမြှင့်ခံရသည်။

၁၉၅၂-ခုနှစ်တွင် ပါကစ္စတန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရပြီး ကမ္ဗောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင် နိုင်ငံများကိုပါ ပူးတွဲတာဝန်ယူရသည်။ ၁၉၅၆-ခုနှစ်တွင် ကုလသမဂ္ဂတွင် အမြဲတမ်း မြန်မာပြည်ကိုယ်စားလှယ် ဖြစ်ခဲ့သည် ။

၁၉၅၈-ခုနှစ်တွင် အီဂျစ်နိုင်ငံနှင့် ၁၉၆၂-ခုနှစ်တွင် ဆိုဗီယက် ယူနီယံနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။

ရူမေးနီးယား၊ ချက်ကိုစလိုဗက်ကီးယားနှင့် ပိုလန်နိုင်ငံများကိုပါ ပူးတွဲတာဝန်ယူရသည်။ ၁၉၆၄-ခုနှစ်မှစ၍ မလေးရှားနှင့် စင်ကာပူနိုင်ငံများတွင် ၆-နှစ်ကျော် အမှုထမ်းပြီး ၁၉၇၁-ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ သံအမတ်ကြီးအဖြစ် နိုင်ငံခြားရောက်မှ ဂေါက်သီးစတင် ကစားခဲ့ရာ ဆုတံဆိပ်အများအပြား ရရှိခဲ့သည်။ ၁၉၈၀-ပြည့်နှစ် ဇွန်လတွင် နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့် ချီးမြှင့်ခံရသည်။

-

အမျိုးသားညီလာခံကြီးတွင် အနာဂတ်မြန်မာပြည်၏ ဖွဲ့စည်း ပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ အစု အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့က ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနား၏ ဂုဏ်ပြုကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးတစ်ဦးဖြစ်သည်။ ရန်ကုန်ဂေါက်ကလပ် တွင်လည်း ဥက္ကဋ္ဌအဖြစ် ပါဝင်သည်။

-

 ဆရာကြီးသည် “ကိုယ်တွေ့ပင်လုံ၊ ဖဆပလရွှေတိဂုံညီလာခံ၊ ပင်လုံ မျိုးစေ့၊ ဘက်မလိုက်ဝါဒနှင့်ဗမာပြည်”တို့အပြင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။

-

 ဆရာကြီး ရေးသားသည့် “ကိုယ်တွေ့ ပင်လုံ”စာအုပ်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ အပါးတော်မြဲ အတွင်းဝန်ဟောင်း ဗိုလ်ထွန်းလှ (တက္ကသိုလ် နေ၀င်း)က ဤသို့ အမှာစာရေးပေးထားပါသည်။

-

“ဦးဖေခင် ရေးသားထားသည့်အတိုင်း ပင်လုံမြို့သို့ ရောက် ပြီးကာမှ အခြေအနေ မသေမချာဖြစ်နေခြင်းကြောင့် ဗိုလ်ချုပ်သည် စိတ်ပျက်လာရာမှ ရန်ကုန်ပြန်တော့မည်ဆိုကာ ကျွန်တော့် အား လေယာဉ်ပျံမှာယူခိုင်းပါသည်။ သို့သော်ဦးဖေခင်နှင့် ကျွန်တော်တို့ တိုင်ပင်ပြီး လေယာဉ်မမှာသေးဘဲ တစ်ဖက်က လူမျိုးစုခေါင်းဆောင်များအား ကြိုးစားစည်းရုံးရင်း တစ်ဖက်က လည်း ဗိုလ်ချုပ်အား ရန်ကုန်မပြန်ရန် ဖျောင်းဖျ ပြောဆိုခဲ့မှု ကြောင့် ဗိုလ်ချုပ်သည် စိတ်ပြေပြီးမပြန်ဘဲ ပင်လုံမှာဆက်နေရန် ဆုံးဖြတ်ခဲ့ပါသည်။

အကယ်၍သာ ကျွန်တော်တို့က ဗိုလ်ချုပ် စိတ်ပြေအောင် ဖျောင်းဖျပြောဆိုခြင်းမပြုနိုင်ပါက ယနေ့သမိုင်းဝင် ပင်လုံစာချုပ်သည် အကောင်အထည် ပေါ်လာစရာအကြောင်း မရှိရုံမက မြန်မာနိုင်ငံသမိုင်းသည်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားကာ ဗြိတိသျှ နယ်ချဲ့တို့ အကြိုက်ဖြစ်သွားမည်မှာ သေချာသည်ဟု ဆိုနိုင်ပါသည်”

-

 ဆရာကြီး၏ နိုင်ငံကို ချစ်မြတ်နိုးမှု၊ စေတနာထားမှု ထင်ရှားနေပါသည်။

-

ပင်လုံဦးဖေခင်ဟု ထင်ရှားသော ဆရာကြီးသည် ၂၀၀၄ ခု- ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူ ပါသည်။

-

 သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်ကို အစ္စလာမ်သာသနာ့ရေးရာကောင်စီနာယကကြီးအဖြစ် တွေ့ဆုံခွင့်ရသည့်အခါ ဆရာကြီး၏ သြ၀ါဒအမှာအထားမှာ-

-

“တိုင်းရေးပြည်ရေးမှာ ဖြစ်ဖြစ်၊ လူမှုရေးနယ်ပယ်မှာ ဖြစ်ဖြစ်၊ ဘာသာရေးလောကမှာ ဖြစ်ဖြစ် စေတနာအမှန်နှင့် ကျရာတာဝန်ကို မလစ်ဟင်းရအောင် တာဝန်သိသိ၊ သစ္စာရှိရှိ၊ ဇွဲ၊ ၀ီရိယ၊ လုံ့လဥဿဟနှင့် ကြိုးပမ်းဆောင်ရွက်ကြရင် တစ်နေ့ နေ့မှာ တစ်ခုခုတော့ ကောင်းခြင်း မင်္ဂလာကို လက်တွေ့အကျိုး ခံစားရမှာသာဖြစ်ပါတယ်”

ဟူ၍ ဖြစ်ပါသည်။

-

(အစ္စလာမ်ကောင်စီဌာနချုပ်စာစဉ်(၆၀)၊ ပါမောက္ခဒေါက်တာအောင်ဇော် ပြုစုရေးသားသော တိုင်းရင်းမွတ်စ်လင်မ် စာပြုစာဆို ပုဂိုလ်ကျော်များ ဒုတိယတွဲမှ )

-

 

 

 

 

 

 

 

 

 

 

 

 

သန်လျင်မြို့ ငါးပါးသခင်ဒါရ်ဂါတော်ဝင်းအတွင်းရှိ ကဘရ်စတာန်အတွင်းမှ

 

မဟာသရေစည်သူ ဦးဖေခင် အားမြုပ်နှံထားရာ ကဗရ်နေရာ....။