THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင် (၁၉၁၄-၁၉၇၀)

တော်ဝင်သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင် B.A (HONS),  M.R.A.S,  M.R.N.S

 

 

ဆရာ့ကို ပျဉ်းမနားမြို့ရွာကောက်ရပ် ကျောင်းအုပ်ဆရာကြီးဦးဟိန်၊ ဒေါ်စောရင်တို့မှ (၂၇-၁၂-၁၉၁၄)ခုတွင်ဖွားမြင်သည်။

 

အစ်မကြီး(၂)ဦးနှင့်ညီမငယ် (၂)ဦးရှိသည်။ ဆရာသည် ငယ်စဉ်ကပင်ပညာထူးချွန်သည်။

 

(၁၉၃၅)ခု ကျောင်းသားဘ၀ကတည်းကစာပေလောကနှင့်နီးစပ်ထိတွေ့ခဲ့သူဖြစ်သည်။       

 

 မြန်မာ့အလင်းနှင့်သူရိယသတင်းစာတို့၏ ယုဒသန်ကောလိပ်သတင်းထောက်အဖြစ် (၁၉၃၅)ခုမှ(၁၉၄၁)ခုအထိ  ဆောင်ရွက်ခဲ့ပြီး

 

သတင်းအများ အပြားကိုရေးခဲ့သည်။

 

တက္ကသိုလ်ကျောင်းသားဘ၀မှာပင် ကျေးလက် တောရွာပြုပြင်ရေးလုပ်ငန်းအတွက်Socrates of Schoolအမည်ရှိ

 

စာအုပ် ကိုပြုပြင်ဘာသာပြန်သည့် ခေတ်သစ်မာဃအမည်ရှိစာအုပ်ကို(၁၉၃၇) ခုနှစ်၌ရေးသားထုတ်ဝေခဲ့သည်။

 

ယုဒသန်မဂ္ဂဇင်းအတွက်လည်း ဆောင်းပါး များရေးခဲ့ပြီး မြန်မာစာအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည်။

 

ခြင် အမည်ရှိ လက်ရေးမဂ္ဂဇင်း၏ အယ်ဒီတာအဖြစ်လည်း တစ်နှစ်တာ ဆောင်ရွက်ခဲ့ သေးသည်။

 

(၁၉၃၈)ခုတွင် ဂျပ်ဆင်ကောလိပ်မှ အရှေ့တိုင်းရာဇ၀င်ဖြင့်ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ရခဲ့သည်။

 

(၁၉၃၈-၃၉)ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် မွတ်စ်လင်မ်အသင်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။

 

(၁၉၃၉)ခုနှစ်တွင် ဒေါက်တာဦးသာဆိုင်၊ဒေါက်တာအန်ဒရပ်တို့နှင့်အတူ မြန်မာနိုင်ငံကျေးလက် ပြုပြင်ရေးစာတမ်းကို

 

ရေးသားထုတ်ဝေခဲ့သည်။ယုဒသန်ကောလိပ် ကျေး လက်ပြုပြင်ရေးအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

 

ဂျပန်ခေတ်တွင် အာရှ လူငယ်အစည်းရုံး၏ ဉာဏဗလမှူးအဖြစ်လည်းကောင်း၊

 

တပ်မတော် ပညာရေးအရာရှိအဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။

 

အာရှလူငယ်များ အစည်းအရုံးဌာနချုပ်လက်ရွေးစင်ကျောင်း၊ အာရှလုလင်ကျောင်း၊ ပဲခူးစံပြ တပ်ရင်းနှင့်

 

မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းတို့တွင် မြန်မာနိုင်ငံသမိုင်းနှင့် အရှေ့တိုင်းနိုင်ငံ့သမိုင်းဘာသာရပ်များပို့ချသင်ကြားပေးခဲ့သည်။

 

 

 

 

 

 

 

 

 

 

(၁၉၄၄)ခု နှစ်တွင် အာရှလူငယ်စာစဉ်(၁)အဖြစ် အရှေ့အာရှ စစ်ကြီးနှင့် သာတူညီမျှ အကျိုးခံစားရေးစနစ်ကို ထုတ်ဝေသည်။

 

အဆိုပါ စာအုပ် မိတ်ဆက်တွင် ထုတ်ဝေသူနှင့် ပြန်ကြားရေးတာဝန်ခံက -

 

“ရန်ကုန်တက္ကသိုလ်ယုဒသန်ကောလိပ်မှ ဦးဘရှင်ဆိုလျှင်တက္ကသိုလ် ကျောင်း၊ သမိုင်းဘာသာ၊ လိုက်စားဝါသနာပါသူများနှင့်

 

ယုဒသန် ကောလိပ် ကျေးလက်ပြုပြင်ရေးသမားများ၏ နယ်ပယ်တွင် အထူး ထင်ရှားလူသိများခဲ့လေသည်”ဟုလည်းကောင်း၊

 

“ကျေးလက်တောရွာပြုပြင်ရေး၌လည်း အထူးစိတ်ဝင်စားသည့် အလျောက် ယုဒသန်ကောလိပ်ကျေးလက်ပြုပြင်ရေးအဖွဲ့၏ ဥက္ကဋ္ဌ

 

အဖြစ် ကိုယ်တိုင်ပါဝင်ပြီး လက်တွေ့ ကျေးလက် ပြုပြင်ရေး လုပ်ငန်းကိုလည်းဆောင်ရွက်ခဲ့သေးသည်။ ကျေးလက်ပြုပြင်ရေးနှင့်

 

သက်ဆိုင်သောခေတ်သစ်မာဃနှင့်“မြန်မာပြည်ကျေးလက်ပြုပြင်ရေး”  စာတမ်းကိုလည်းရေးသားခဲ့သူဖြစ်သည်။”

 

ဟုလည်းကောင်း၊

 

အရှေ့အာရှတိုက်လူငယ်အစည်းအရုံး(ဗမာနိုင်ငံ)၏ဗဟိုအမှုဆောင် အဖွဲ့၌ ဉာဏဗလတာဝန်ခံဟူ၍

 

အမှုဆောင် တစ်နေရာထားရှိ လေရာ ၎င်းင်းနေရာနှင့် အသင့်တော်ဆုံးဟု ယူဆကြပြီး

 

ဦးဘရှင် အား ဉာဏဗလတာဝန်ခံအဖြစ် ရွေးချယ်ခန့်ထားလိုက်သည်။ ဉာဏဗလတာဝန်ခံအဖြစ်

 

အစည်းအရုံး၏ ဉာဏဗလတာဝန်ခံ လုပ်ငန်းများနှင့် စာကြည့်တိုက်ဌာနကို ကြီးကြပ်အုပ်ချုပ်သည့် အပြင် နေပြည်တော်

 

လက်ရွေးစင်ကျောင်းတွင်လည်း အရှေ့ အာရှတိုက်တိုင်းပြည်များ၏ သမိုင်းပညာများကို သင်ကြားပို့ချ လျက် ရှိပေသည်။

 

ဉာဏဗလ တာဝန်ခံ ဦးဘရှင်အဖြစ်နှင့်ကား အာရှလူငယ်များ၏နယ်တွင် အတော်ပင် လူသိများနေလေပြီ”

 

ဟုလည်းကောင်း မိတ်ဆက်ဖော်ပြထားသည်။

 

 ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၄)ရဲဘော်တစ်ဦးအဖြစ် တိုင်း(၄) သတင်းစာကို ဦးစီးထုတ်ဝေခဲ့သည်။

 

တော်လှန်ရေးရဲဘော်များအတွက် အရင်းရှင်စနစ်ပေါ်ပေါက်လာပုံအကြောင်းဖြစ်သောဥရောပစီးပွားရေးသမိုင်း အမည်ရှိ

 

ကျမ်းတစ်စောင်ကိုရေးသားထုတ်ဝေသည်။

 

 

ဒုတိယ ဗိုလ်မှူး ဘရှင်အား မျိုးချစ် ဗမာ့တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း ချီးမြှင့်ခဲ့သော 

 

 

မျိုးချစ် ဗမာ့တပ်မတော် အရေးတော်ပုံ ဂုဏ်ထူးဆောင်လက်မှတ် (၅-၁၀-၁၉၄၅)

 

 

 

 

စစ်ပြီးကာလ (၁၉၄၅)ခုနှစ်တွင် ဗမာမွတ်စ်လင်မ်အဖွဲ့အစည်း ဟောင်းများ ပြန်လည်တည်ထောင်စဉ်

 

အောက်မြန်မာနိုင်ငံမှ လူငယ်များကို ခေါင်းဆောင်ပါဝင်ခဲ့သည်။

 

တိုင်းပြည်၏ လက်ရှိအခြေအနေတွင် လုပ်သင့် လုပ်ထိုက်သည်များကို ညှိနှိုင်း၍

 

ကျွန်ုပ်တို့ဖြစ်စေလိုသောဗမာမွတ်စ်လင်မ် များဟူသောစာတမ်းကိုရေးသားထုတ်ပြန်ခဲ့သည်။

 

ထုတ်ပြီးမကြာမီ တပ်မတော်သို့ဝင်ရောက်ခဲ့သည်။

 

စစ်မှတ်တမ်း တပ်မှူးအဖြစ်လည်းကောင်း၊

 

ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး (ဗိုလ်မှူးကြီးအဆင့်)အဖြစ် လည်းကောင်း ဆောင်ရွက်သည်။

 

 

 

 

 

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် စာပေနှင့်သမိုင်းရေးရာ သုတေသီလုပ်ငန်းဘက်တွင် ပိုမိုအားစိုက်ပြန်သည်။

 

(၁၉၄၈)ခုနှစ်တွင် မြန်မာနိုင်ငံတော်သမိုင်းကို ရေးသားပြုစုထုတ်ဝေခဲ့သည်။

 

နောင်သော် ထိုစာအုပ်ကို တက္ကသိုလ်ဝင်တန်း ကျောင်းသုံးစာအုပ်အဖြစ် နှစ်အတန်ကြာ ပြဋ္ဌာန်းသုံးစွဲခဲ့သည်။

 

မြန်မာနိုင်ငံတော်သမိုင်းစာအုပ်တွင် ရှေးဟောင်းခေတ် မြန်မာနိုင်ငံ၊ မြို့စားရွာစား ဘုရင်ခေတ်၊ အရင်းရှင်စနစ်ဝင်ခေတ်၊

 

ပြည်ထောင်စု မြန်မာ နိုင်ငံတော်ခေတ်ဟူ၍ အခန်းကြီး (၄)ခန်းခွဲကာ တင်ပြထားသည်။

 

ရာဇ၀င် ဝေါဟာရအစား(၁၉၃၇ခုနှစ်က ကောလိပ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင် နှင့်၊ဂျပန်ခေတ်ကပါမောက္ခဦးဘညွန့်တို့

 

အသုံးပြုဖူးသော) သမိုင်းဝေါဟာရ နေရာမှန်ရစေရန်ဖွင့်ဆိုကြိုးပမ်းမှုအတွက်လည်းကောင်း၊

 

ထူးခြားခေတ်မီ သော သမိုင်းအမြင်အတွက် လည်းကောင်း ထင်ရှားသည်။

 

ကျမ်းဦးတွင် ပါမောက္ခလုစ်၊ မြန်မာစာပါမောက္ခ ဦးသက်တင်၊ ဗိုလ်မှူးကြီးကျော်ဇောနှင့် သခင်နုတို့၏

 

ချီးကျူးဂုဏ်ပြုဆိုမိန့်ထားမှုများတွေ့ရသည်။

ဗိုလ်မှူး ဘရှင်၊ ဦးဘိုကေ၊ ဦးဝန် (ဆရာ မင်းသုဝဏ်)၊ မစ္စတာ လု(ခ်)

 

မြန်မာစာပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ဖွဲ့သောအခါ အဖွဲ့ဝင် အဖြစ်ပါဝင်သည်။

 

တပ်မတော်တွင် အမှုထမ်းနေစဉ်အတွင်း စစ်နှလုံးဂျာနယ်နှင့် မြ၀တီမဂ္ဂဇင်းတို့တွင် ယဉ်ကျေးမှုသမိုင်းနှင့်

 

စစ်ရေးဆိုင်ရာ ဆောင်းပါး အများရေးခဲ့သည်။ ထို့ပြင် ခလေးဂျာနယ်၊ ဗမာ့ခေတ်သတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့တွင်

 

ကလေးသူငယ်များအတွက် ဆောင်းပါး များရေးခဲ့သည်။

 

စစ်ပညာဂျာနယ်တွင် စစ်ရေးဆောင်းပါးများကို အလျဉ် မပြတ်ရေးခဲ့သည်။

 

 

 

 

 

(၁၉၅၂)ခုနှစ် ရန်ကုန်မြို့လုံးဆိုင်ရာ တမန်တော်နေ့ကျင်းပရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။

 

မြန်မာ့အသံမှ အသံလွှင့် ခွင့်ကို ကော်မတီက စတင်တာဝန်ယူလိုက်သည်။

 

(၁၉၅၄)ခုနှစ်စက်တင်ဘာလ(၅)ရက်နေ့တွင်ဖွဲ့စည်းသော မြန်မာ မွတ်စ်လင်မ်ကလောင်ရှင်များအဖွဲ့က  နာယကအဖြစ်

 

တင်မြှောက်သည်။

 

(၁၉၅၄)ခုနှစ်တွင် နိုင်ငံတော်အစိုးရတိုက်တွန်းအားပေးမှုဖြင့် အစ္စလာမ်သာသနာရေးသက်သက်ဆောင်ရွက်နိုင်ရန်

 

ပြည်ထောင်စု မြန်မာနိုင်ငံအစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ဖွဲ့စည်းတည်ထောင် သောအခါ

 

ဗဟိုအမှုဆောင်အဖြစ်ပါဝင်သည်။ ကျမ်းပြုကော်မတီ အဖွဲ့ဝင် လည်းဖြစ်သည်။

 

 

(၁၉၅၆)ခုနှစ်တွင် မိတ္ထီလာမြို့တွင် ကျင်းပသော ပထမအကြိမ်အစ္စလာမ်သာသနာရေးရာကောင်စီ ပြည်လုံးကျွတ် ညီလာခံကြီးက

 

အတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ပြဿနာအရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းပြီး ကွယ်လွန်ချိန်အထိ

 

အစ္စလာမ်သာသနာရေးရာကောင်စီ အတွင်းရေးမှူးချုပ်တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။

 

 

 

 

(၁၉၅၆)ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူပြီးသည့် နောက်တွင် မြန်မာနိုင်ငံသမိုင်း ကော်မရှင်၌

 

ကျမ်းပြုအရာရှိ အဖြစ် အမှုထမ်းခဲ့သည်။ အရှေ့ဖျားနှင့် မြန်မာ့သမိုင်းကထိကအဖြစ်လည်း

 

(၁၉၅၉မှ၆၀ထိ) ရန်ကုန် တက္ကသိုလ်၌ အမှုထမ်းခဲ့သည်။

 

သမိုင်းကော်မရှင်၌ ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်နေစဉ် သမိုင်းတံခွန်ဂျာနယ်တွင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာတို့ဖြင့်

 

သုတေသန စာတမ်းများကို ရေးခဲ့သည်။

 

အစောဆုံး ပုဂံယဉ်ကျေးမှုနှင့် မြန်မာစာ အကြောင်းကိုဖော်ပြသော လောကထိပ်ပန် စာအုပ်ကို အင်္ဂလိပ်ဘာသာ ဖြင့်ရေးခဲ့သည်။

 

“သုတေသနတန်ဖိုးအများကြီးရှိသည့် တင်ပြချက်ဖြစ်လို့   အားရနှစ်သက်စရာရှိပါတယ်”ဟုလည်းကောင်း၊

 

“နံရံဆေးရေးကားတွေကမြန်မာစာ၊ မွန်စာတွေကို အသေးစိတ် ရှင်းလင်းပြီး မြန်မာစာပေရဲ့ အစကို ဖော်ထုတ်ပေးတယ်။

 

မြန်မာ့ သမိုင်းအဖွဲ့ရဲ့ ပထမတစ်အုပ်ပဲလို့ ဂုဏ်ယူနိုင်လောက်အောင် ပထမစွဲတဲ့စာအုပ်ဖြစ်ပါတယ်”ဟုလည်းကောင်း

 

ခေတ်ပြိုင် မြန်မာသမိုင်းပညာရှင်တို့က လှိုက်လှိုက်လှဲလှဲ ချီးကျူးခံရသည့် စာအုပ်ဖြစ်ပါသည်။    

 

ပုဂံရှေးဟောင်းမင်စာများအကြောင်း ဖော်ပြသော ပုဂံမင် စာစု သုတေသနခရီး အစီရင်ခံစာ အမည်ရှိစာအုပ်ကိုလည်း

 

ရေးသားပြုစုသည်။ အဆိုပါ မင်စာနှင့်ပတ်သက်သည့် စာအုပ်နှစ်အုပ်ကို သမိုင်းကော်မရှင်မှ ပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

 

မြန်မာ့စွယ်စုံကျမ်း (အတွဲ ၁ မှ ၁၁၊ ကအက္ခရာမှ ရ အက္ခရာ)၌ လည်း ကချင်ပြည်နယ်၊ ကချင်လူမျိုး၊ ကယားပြည်နယ်၊

 

ကယားလူမျိုး၊ ကရင်ပြည်နယ်၊ ကရင်လူမျိုး အစရှိသဖြင့် တိုင်းရင်းသားလူမျိုးများ အကြောင်း၊ တိုင်းနှင့်ပြည်နယ်ဆိုင်ရာ

 

အကြောင်းများနှင့် ကင်းထောက်၊ ကင်းထောက်အမျိုးသမီးကဲ့သို့ လူမှုရေးဆိုင်ရာ အကြောင်းများနှင့် ပျူလူမျိုး၊ ကပ္ပလီကျွန်း

 

အစရှိသည့် သမိုင်းဆိုင်ရာ အကြောင်းရပ်များကို ဓာတ်ပုံမြေပုံ အထောက်အထားများ ဝေေ၀ဆာဆာဖြင့် ရေးသားခဲ့သည်။

 

တက္ကသိုလ်များအုပ်ချုပ်ရေးရုံးမှ ကြီးမှူးထုတ်ဝေသော ပညာ ပဒေသာစာစောင်၊ ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် မြန်မာစာအသင်း၊

 

သတ္တဗေဒ အသင်း၊ မွတ်စလင်ကျောင်းသူကျောင်းသားများအသင်း စသည်တို့မှ ထုတ်ဝေသော မဂ္ဂဇင်းများနှင့် ငွေတာရီ၊ မြ၀တီ၊

 

ရှုမ၀၊ မိုးဝေ၊ စစ်ပြန်၊ စစ်ပညာဂျာနယ်၊ ပညာတန်ဆောင်၊ ပညာလောက၊ ယဉ်ကျေးမှုစာစောင်၊ သမိုင်းတံခွန်၊ကမ္ဘာ့အလင်းစာစောင်၊

 

အစ္စလာမ်စာစောင်၊လုပ်သားပြည်သူ့ နေစဉ် အင်္ဂလိပ်နှင့် မြန်မာသတင်းစာတို့၌ ဆောင်းပါးများ ရေးခဲ့သည်။

 

ဆောင်းပါးများရေးရာ၌ ဗိုလ်မှူးဘရှင်၊ ဦးဘရှင်ဟူသော  ကလောင်အမည်များအပြင် စံအောင်၊ ဗိုလ်မှူးဉာဏ၊ မောင်ပင်တည်၊

 

သုတေသီ၊ တိုင်း(၄)ရဲဘော်ဟောင်း၊ ကင်းထောက်မောင်၊ ၀ရီးစံ ဟူသော ကလောင်အမည်ခွဲများဖြင့်လည်း ရေးသားခဲ့သည်။

 

အစ္စလာမ်စာစောင်တွင် ကလေးများအတွက် ပုံပြင်ရေးရာ၌ ဒါဝတ်ဟိန်း အမည်ကိုသုံးခဲ့သည်။

 

ဆရာသည် မြန်မာနိုင်ငံရှိ သွေးရင်းသားရင်းလူမျိုးနွယ်များ၏ ဘာသာစကားကို တတ်ကျွမ်းသည်။

 

မွန်ခမာအုပ်စု တိဗက်မြန်မာအုပ်စု ထိုင်း သို့မဟုတ် တရုတ်ဘာသာစကားများကို တတ်ကျွမ်းသည်။

 

ထိုမျှမက အိန္ဒိယဘာသာစကား အများအပြားကိုလည်း လေ့လာထားသည်။

 

အင်္ဂလိပ်ဘာသာစကားကိုကား အရေးရော အပြောပါ ကျွမ်းကျင်သည်။ ထိုသို့ကျွမ်းခြင်းကြောင့်လည်း နိုင်ငံတကာ

 

သုတေသီတို့အလယ်တွင် ၀င်ဆံ့နိုင်သည်။

 

ရှေးဟောင်းမြန်မာစာနှင့် ရှေးမွန်စာတို့တွင်လည်း တကယ် အားထား ကိုးစားရသူဖြစ်သည်။

 

ပါဠိဘာသာကို ကောင်းစွာ ကျွမ်းသည်။ ဗုဒ္ဓဘာသာ ပါဠိကျမ်းစာများတွင် နှံ့စပ်သည်။

 

ဆရာသည် စာဖတ်အားကောင်းသည်။ ခရီးလည်းအလွန် ထွက် နိုင်သည်။ သိပ္ပံနည်းကျ သုတေသနကို အားသန်သည်။

 

ပြည်တွင်းမှာ သာမက နိုင်ငံရပ်ခြားမှာပါ သမိုင်းအရင်းအမြစ်များကို စုဆောင်းပေး နိုင်သူလည်းဖြစ်ပါသည်။

 

ဆရာသည် အစောပိုင်းမြန်မာနိုင်ငံသမိုင်းကျမ်းကို ပြုစုနေစဉ် (၁၉၇၀)ခု၊ဇန်န၀ါရီ(၇)ရက်၊ညနေ(၅)နာရီ၊မိနစ်(၅၀)တွင်

 

နှလုံးရောဂါဖြင့် အလ္လာဟ်အရှင်အမိန့်တော်ခံယူခဲ့သည်။

 

မကွယ်လွန်မီ“အနော်ရထာ့ အရင် ကမြန်မာနိုင်ငံ”စာအုပ်ကိုလက်စသတ်ခဲ့သည်။

 

ကွယ်လွန်ချိန်၌ ဗိုလ်မှူး ဘရှင်တွင်ဇနီးသတ္တဗေဒဌာနကထိကဒေါ်ခင်မေကြီးနှင့်သားမောင်ဉာဏ်ထိန်၊

 

သမီး မဉာဏ်သစ်၊ မနီလာ၊ မအေးအေး၊ မထွေးထွေးတို့ ကျန်ရစ်သည်။

 

 

ဆရာ ကွယ်လွန်သည်ဟု သတင်းကြားသည်နှင့် ဆရာကို ချစ်သူ၊ လေးစားသူ၊တန်ဖိုးထားသူအများအပြား လာရောက်

 

မေးမြန်းကြည့်ရှု ဂါရ၀ ပြုကြသည်။

 

ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လုပ်ဖော်ကိုင်ဖက်များ၊ တပည့်တပန်းများ အထူးသဖြင့် ရန်ကုန်တိုင်း

 

အတွင်းရှိ အစ္စလာမ်ကောင်စီခွဲများသာမက နယ်အသီးသီးမှ သတင်းကြား ကြားချင်း ရောက်ရှိလာကြသူများဖြင့် စည်ကားလှသည်။

 

 

 ပြည်လမ်း၊ရွှေဟင်္သာလမ်းနေအိမ်မှရုပ်ကလာပ်မြှုပ်နှံရာ တာမွေသို့ ပို့ဆောင်ရာလိုက်ပါပို့ဆောင်သောကားတန်းကြီးမှာ

 

ပြည်လမ်း၊ တက္ကသိုလ် ရိပ်သာလမ်းတစ်လျောက် ရှုလေရှုလေ မျက်ခြည်ဝေမျှ ရှည်လျားများပြား သည်။

 

ကားခေါင်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံအလံ၊ “အလ္လာဟ်ဟု အတ်ကဗရ်”စာတန်းပါ အစ္စလာမ်ကောင်စီအလံတို့

 

တဖျပ်ဖျပ် လူးလွင့်နေ သဖြင့် တစ်လမ်းလုံး အနီရောင် ပိတ်တန်းကြီး ဆက်နေသည်။

 

 

 

တာမွေ သုသာန်သို့ ကြိုရောက်နှင့်သူတို့မှာလည်း တိုးမပေါက်အောင်ရှိ နေသည်။ ထာဝရခွဲခွာသွားပြီးဖြစ်သော

 

ဗိုလ်မှူးကို မြေမြှုပ်နှံခြင်းမပြုမီ တွင်းဝသို့ တရွေ့ရွေ့တိုး၍ နောက်ဆုံးဂါရ၀ပြုလိုသူ အများအပြားမှာ လူအုပ်ကြီး နောက်တွင်

 

ကျစ်ရစ်ရှာသော်လည်းပညာရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ အမျိုးသားစာဆို ဆရာကြီးဇော်ဂျီနှင့် သမိုင်းကော်မရှင် အဖွဲ့ဝင်များ၊

 

တက္ကသိုလ်အသိုင်းအ၀ိုင်းမှပုဂ္ဂိုလ်များသည်တွင်းနှုတ်ခမ်းဝနားတွင်ရင်တွင်း စကား အမှာအထားများ ပြောကြားနေသယောင်

 

မတ်ရပ် အနေအထား ရှိနေကြသည်ကို တွေ့ရသည်။ ဗိုလ်မှူးကို အသေစော၍ နှမြောကြသည်။

 

 

 မြန်မာစာပါမောက္ခဦးမောင်မောင်ကြီး (တက္ကသိုလ်မောင်မောင်ကြီး) က ရင်းနှီးသော သက်တူရောင်းရင်းအဖြစ်-

 

“ကျောက်စာအကူးတွင် ကိုဘရှင်ကား ကျွန်တော့် ရောင်းရင်းနည်းပြဆရာပါပေ။ ထို့ကြောင့်လည်း သူ့ကို ခင်မင်ခဲ့ခြင်း ဖြစ်ပေသည်။

 

ရုံးပိတ်ရက်များတွင် သူနှင့် ကျွန်တော်သည် ဗဟန်း ရေတာရှည်လမ်းရှိ တရုတ်ဘုန်းကြီးကျောင်းများသို့ သွားလေ့ ရှိပါသည်။

 

မုတ်ဆိတ်ကြင်စွယ်ရှည်ရှည်မျောမျော ဖြူဖြူ ဖွေးဖွေးရှိသော တရုတ်ဆရာကြီးထံ တရုတ်စာကိုသူသင် ပါသည်။

 

ကျွန်တော်က အဖော်လိုက်သွားခြင်းဖြစ်ပါသည်။ ဆရာတပည့်ပြောကြသော ကွိကွိကွကွတို့ကို ကျွန်တော်နား မလည်ပါ။

 

ဆရာကြီးထံကအပြန်တွင် ၂၁လမ်း၊ တောင်ဘက်ရှိ တရုတ် စာအုပ်ဆိုင်သို့ ၀င်ကြပါသည်။ ဆိုင်ရှင်သည် သူ့ကို သိနေပါသည်။

 

သူလိုချင်သော စာအုပ်များကိုရောင်းပါသည်။ သူကား တရုတ်ဘာသာဖြင့် ရေးသားသောသမိုင်းကို ဆည်းပူး လေ့လာနေကြောင်း

 

နောက်မှသိရပါသည် ။ သူ့ကို အားကျ၍ တရုတ်စာကိုတရုတ်မလေးတစ်ဦးထံမှ ကျွန်တော်သင်ယူဖူး ပါသည်။

 

ငေါ်စောင်ကျိဝါ့စီဗျယ်က မတက်ခဲ့ပါ။ သူနှင့် ကျွန်တော် နှစ်နှစ်ခန့်အတူတွဲခဲ့ပါသည်။ သူသည်  ကျောက်စာ တရုတ်စာတို့ကို

 

ကြိုးကြိုးစားစား ဆည်းပူးသူဟူ၍ ကျွန်တော် လေးစားခဲ့ပါသည်။ သို့ရာတွင် တနင်္ဂနွေနေ့တိုင်းလိုလိုပင်

 

ကျေးလက်တောရွာပြုပြင်ရေးလုပ်ငန်းများကို စိတ်ပါလက်ပါ ဆောင်ရွက်သူဖြစ်ကြောင်းသိရသောအခါပို၍လေးစားခဲ့ပါသည်”ဟု

 

(၁၉၇၀)ပြည့်နှစ်၊မတ်လထုတ် ငွေတာရီမဂ္ဂဇင်းတွင် ဂုဏ်ပြု ရေးသားပါသည်။

 

 

    အလားတူပင်လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဒေါက်တာနိုင်ပန်းလှ က-

 

“၁၉၇၀-ပြည့်နှစ်၊ ဇန်န၀ါရီ ၇-ရက်နေ့တွင်  ဗိုလ်မှူးဘရှင် ကွယ်လွန်သွားခြင်းကား မြန်မာတစ်မျိုးသား လုံးအတွက် သာမက

 

ကမ္ဘာတစ်ဝန်းရှိ သုတေသီများ အဖို့ရာပါ ကြီးမားလှသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါသည်။

 

သူကား ပညာအရာဝယ် ထူးချွန် ထက်မြက်လွန်းလှပေရာ ဆရာအဖြစ်လည်းကောင်း၊ စာရေးဆရာအဖြစ်လည်း ကောင်း၊

 

ဘာသာရေးခေါင်းဆောင် အဖြစ်လည်းကောင်း၊ ရုပ်ပွားဆင်းတုတော်များ လေ့လာသူ သမိုင်းပညာရှင်အဖြစ် လည်းကောင်း၊

 

ကျောက်စာကပ္ပည်းစာ လေ့လာသူအဖြစ် လည်းကောင်း  ဘက်စုံ ကျော်ကြားသူပင် ဖြစ်သည်။

 

သူသည် အလုပ်ကို မဆုတ်မနစ်ဝါယမစိုက်ထုတ် လုပ် တတ်ပြီးသတ္တိနှင့်ခံယူချက်အပြည့်ရှိသူဖြစ်ပါသည်။ဟု

 

(၁၉၇၂)ခု ဒီဇင်ဘာလထုတ် မြန်မာနိုင်ငံသုတေသန အသင်း ဂျာနယ်တွင် အမှတ်ရရဖော်ကျူးထားသည်။

 

 

 

ဆရာကားကွယ်လွန်ခဲ့ပြီ။

 

ဆရာ၏စွမ်းဆောင်ချက်များကား ထာဝစဉ်အကျိုးပြုနေဦးမည်ဖြစ်ပါသည်။

 

နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပုံရိပ်များထင်ရှားနေဦးမည်ဖြစ်ပါသည်။

 

 

(ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော  “တိုင်းရင်းမွတ်စ်လင်မ်စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ”အတွဲ-၂မှ ကူးယူဖော်ပြ ခြင်းဖြစ်ပါသည်။)

 

-

 

ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်  ရေးသားသော စာအုပ်များ အောက်ပါ လင့်တွင် ဖတ်ရှု/Downloadနိုင်ပါသည်။

 

အနော်ရထာ အရင်က မြန်မာနိုင်ငံ (ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်)

http://iracmyanmar.org/2012-12-04-19-26-13/70-2014-08-11-10-28-25

 

မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာရောက်ရှိလာခြင်း

http://iracmyanmar.org/2012-12-04-19-26-13/296-2015-02-12-22-17-06

 

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့အား ရှေးမြန်မာမင်းများက ချီးမြှင့်ခဲ့ပုံ

http://iracmyanmar.org/2012-12-04-19-26-13/52-2014-07-22-23-33-15

 

အစ္စလာမ့်ဖြစ်စဉ်သမိုင်း

http://iracmyanmar.org/2012-12-04-19-26-13/352-2015-04-29-02-42-57