THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ဟာဂျီ ဦးသိန်း (၁၉၂၉-၂၀၀၃)

 
 
 
ရှိုက်ခွလ်အစ္စလာမ် ဥက္ကဋ္ဌကြီး ဟာဂျီ ဦးသိန်း
 
 
မိဘတို့မှာ ဦးနူးရ်စမတ်နှင့် ဟာဂျီမဒေါ်ဧ တို့ဖြစ်သည်။ ၁၉၂၉ ခု ဒီဇင်ဘာ ၁၆ ရက်တွင် မေမြို့(ပြင်ဦးလွင်မြို့)၌ ဖွားမြင်သည်။ ငယ်စဉ်က မေမြို့ (ပြင်ဦးလွင်မြို့) အေဘီအမ် အင်္ဂလိပ်အထက်တန်းကျောင်းတွင် ၁၀ တန်း အထိ ပညာ ဆည်းပူးခဲ့သည်။ အင်္ဂလိပ်၊ အရဗီ၊ ဖာရစီ၊ အူရဒူ၊ ဘင်္ဂါလီ ဘာသာစကားများကျွမ်းသည်။ မိခင်သည် ရှမ်းတိုင်းရင်းသူဖြစ်သဖြင့် ဟာဂျီသိန်းသည် ရှမ်းဘာသာစကားကို အထူးကျွမ်းသည်။ မိသားစု အချင်းချင်း ပြောဆိုဆက်ဆံရာတွင် ရှမ်းဘာသာစကားကိုသာ အသုံးပြုကြ သည်။
မေမြို့(ပြင်ဦးလွင်မြို့)အသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဟာဂျီမ ဒေါ်ခင်သန်းသန်း၊ ဒေါ်ခင်ခင်ကြီးတို့နှင့် အိမ်ထောင်ဖက်ရာ သားသမီး ၁၂-ဦး ထွန်းကားခဲ့သည်။ ဟာဂျီသိန်းသည် ၁၉၅၅-ခုတွင် ပြင်ဦးလွင်မြို့နယ် အစ္စလာမ်ကောင်စီ စတင်ဖွဲ့စည်းစဉ် ၁-ရပ်ကွက် အခြေခံကောင်စီခွဲဥက္ကဋ္ဌ၊ မြို့နယ်ကောင်စီခွဲဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးစသည့် အဆင့်ဆင့် တာဝန်ယူခဲ့သည်။
၁၉၅၆-ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း အစ္စလာမ်ကောင်စီ သီးခြားခရိုင်တွင် အမှုဆောင်အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။
၁၉၅၇-ခုနှစ်တွင် ဌာနချုပ်ဥက္ကဋ္ဌကြီး ဦးခင်မောင်လတ်နှင့် ဟဂ်ျကော်မတီတို့၏ တာဝန်ပေးအပ်ချက်အရ အိန္ဒိယ နိုင်ငံဘုံဘေမြို့သို့ သွားရောက်၍ မြန်မာဌာနခွဲဖွဲ့ကာ မြန်မာဟာဂျီများ အား ပတ်စ်ပို့ကိစ္စအပါအဝင် မြန်မာဟာဂျီများနှင့်ဆိုင်သောကိစ္စများကို ဆောင်ရွက်ခဲ့သည်။
၁၉၆၄-ခုနှစ်တွင်ကျင်းပသော အစ္စလာမ်ကောင်စီ ပြည်လုံးကျွတ် ညီလာခံသို့ ရှမ်းပြည်နယ်မြောက်ပိုင်း သီးခြား ခရိုင်ဦးစီးအဖြစ် တက် ရောက်ခဲ့ပြီး ထိုညီလာခံမှ ဗဟိုအမှုဆောင်အဖြစ် ရွေးချယ် တင်မြှောက် ခြင်းခံရသည်။
၁၉၆၈-ခုနှစ်တွင် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းငါးဖွဲ့ ညီညွတ်ရေးဆွေးနွေးပွဲများ၌ ပထမပိုင်းတွင် အကြံပေးအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ စတုတ္ထအကြိမ် အစည်းအဝေးမှစ၍ ဌာနချုပ်ဥက္ကဋ္ဌကြီး ဆရာဃာဇီ၏နေရာတွင် အစားထိုးတာဝန်ယူလျက် ညှိနှိုင်းပွဲသို့ ဦးစိန်၊ ဦးလှမောင်တို့နှင့်အတူ ပါဝင်ခဲ့သည်။
၁၉၆၉-ခုနှစ်နောက်ပိုင်းတွင် ဌာနချုပ် ဘဏ္ဍာရေးမှူးအဖြစ် လည်း ကောင်း၊ ၁၉၇၁-ခု မန္တလေးမြို့တွင်ကျင်းပသော သတ္တမအကြိမ်မြောက် ပြည်လုံးကျွတ် ကောင်စီညီလာခံကြီးမှ အတွင်းရေးမှူးချုပ်အဖြစ် လည်းကောင်း ရွေးချယ်ခံရသည်။
 
 
 
၁၉၇၅-ခုနှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးနေ၀င်း အမှူးပြုသော နိုင်ငံခေါင်းဆောင်များနှင့် အစ္စလာမ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပွဲ၌ ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ 
၁၉၇၆-ခုနှစ်တွင် အစ္စလာမ်အဖွဲ့အစည်းခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးတို့ မျက်နှာစုံညီ တွေ့ဆုံညှိနှိုင်းရာတွင် ကောင်စီ၏ ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ သည်။
 
 
၁၉၈၀ ပြည့်နှစ်တွင် ကောင်စီဌာနချုပ် ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် တာဝန်ယူသည်။
၁၉၈၂-ခုနှစ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင်ကျင်းပသော အစ္စလာမ့် ညီလာခံသို့လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့သည်။
၁၉၉၃-ခုနှစ်တွင် ဌာနချုပ်ဥက္ကဋ္ဌကြီး ဃာဇီမုဟမ္မဒ်ဟာရှင် အလ္လာဟ့်အမိန့် တော်ခံယူသော် ဟာဂျီသိန်းက ဈာပနကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ခံ ဆောင်ရွက်ပြီး ဆရာ၏ဂျနာဇာနမာဇ်ကိုလည်း ဦးဆောင်ဝတ်ပြုဆုတောင်း ပေးခဲ့သည်။ (အောက်ပုံတွင်ကြည့်ပါ။)
 
၁၉၉၃-ခုနှစ် ၁၃ ကြိမ်မြောက် ကောင်စီညီလာခံတွင် ဌာနချုပ် ဥက္ကဋ္ဌကြီးအဖြစ် တညီတညွတ်တည်း ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ၁၉၉၄-ခုနှစ် အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမြို့တွင် ကျင်းပသော ကမ္ဘာ့အစ္စလာမစ်ညီလာခံသို့ လည်းကောင်း၊ ၁၉၉၄-ခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပသောRISEAPညီလာခံသို့လည်းကောင်း တက်ရောက်၍ ဘာသာ သာသနာအကျိုး၊ တိုင်းပြည်နှင့်လူမျိုးအကျိုး အတွက် ကြိုးစားဆောင်ရွက်ခဲ့သည်။
 
 
ဥက္ကဋ္ဌကြီးသည် ၁၉၇၆-ခုနှစ်မှစ၍ အစ္စလာမ်ကောင်စီဌာနချုပ် အစ္စလာမ်ဓမ္မသတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၁၉၉၂ မှစ၍ အစ္စလာမ်ဓမ္မသတ်ခုံရုံးချုပ်တွင် ခုံရုံးချုပ်သဘာပတိအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက် လျက်ရှိသည်။
ဥက္ကဋ္ဌကြီးသည် အီဒွလ်အသွဟာနေ့ အသံလွှင့်မိန့်ခွန်းများကို မြန်မာ့အသံမှ အကြိမ်ပေါင်းများစွာ ထုတ်လွှင့်ခဲ့သူဖြစ်ပါသည်။ အဆိုပါ မိန့်ခွန်းများကို ရေးသားပြုစုရုံမျှမက ညီလာခံအတွေ့အကြုံများနှင့် အခြား ဘာသာရေး ဆောင်းပါးများကိုလည်း အစ္စလာမ်စာစောင်များတွင် ရေးသား ဖော်ပြခဲ့သည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုဆောင်းပါးကို ပုလဲသိန်း အမည်ဖြင့် ၁၉၈၄ ကောင်စီနှစ် ၃၀ ပြည့် အထူးထုတ်စာစောင်တွင် တွေ့ရသည်။ ထိုစာစောင်တွင်ပင် ၁၉၈၃-ခု အီဒွလ်အဿွဟာနေ့ အထိမ်းအမှတ် အသံလွှင့်မိတ်ဆက်စကားပါရှိသည်။ အရှေ့တောင်အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာRISEAPအစ္စလာမ်ညီလာခံများ၏ အတွေ့အကြုံ တင်ပြချက်ကို ၁၉၉၅ ခု ကောင်စှီနှစ်(၄၀)ပြည့် အထိမ်း အမှတ် မဂ္ဂဇင်းတွင် ဖော်ပြသည်။
 
ဟောပြောရေးသားသမျှတို့၏ ဦးတည်ချက်မှာ တိုင်းရင်းသားပီသ ရန်၊ မွတ်စလင်မ်ပီသရန်၊ ဘာသာရေး အယူမသည်းရန်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရန်ဖြစ်သည်။ လက်သုံးဟဒီးဆ်ဩဝါဒမှာ ဟုဘ်ဘွလ် ဝသနိမိနလ်အီမာန် ဟူ၍ဖြစ်သည်။ ]]မိမိတိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးခြင်း၊ သစ္စာရှိခြင်း၊ တာဝန်ကျေပွန်ခြင်းဟာ အီမာန် ယုံကြည်မှု သဒ္ဓါတရားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်}} ဟူသောဩဝါဒကို အလေးအနက် ခံယူကြောင်း လေ့လာသိရှိနိုင်ပါသည်။
ဥက္ကဋ္ဌကြီး ဟာဂျီဦးသိန်းသည် ၂၀ဝ၃ ခု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသည်။      ။
 
 
 
ပါမောက္ခ ဒေါက်တာ အောင်ဇော်