THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

မောင်လာနာ နူးရ်မုဟမ္မဒ် ဦးခင်ရွှေ (၁၉၂၀-၁၉၉၁)

မောင်လာနာ နူးရ်မုဟမ္မဒ် ဦးခင်ရွှေ

 

ဆရာသည် ပဲခူးတိုင်း၊ မင်းလှ စစ်ကွင်းဇာတိဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ဖွား ငယ်မည် နူးရ်မုဟမ္မဒ် ဖြစ်သည်။ ငယ်စဉ်က စစ်ကွင်း အထက မှ နဝမတန်းအောင်မြင်ခဲ့သည်။ ရန်ကုန်မြို့ ၆၂ လမ်းထောင့် အစ္စလာမီယာ ဟိုက်စကူးတွင် ဆက်လက်ဆည်းပူးသည်။

            သာသနာ့ပညာကို အိန္ဒိယ လပ်ခနောင်းတွင်ဆည်းပူးပြီး မော်လဝီ ဘွဲ့ရသည်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ကျွန်းကလေးဗလီတွင် လည်းကောင်း၊ အုတ်ြွကပ်ကုန်း ရခိုင်ဗလီတွင်လည်းကောင်း ရှေ့ဆောင် ဆရာအဖြစ် တာဝန်ထမ်းဆောင်သည်။ ဆရာကြီးဆာလေကိုတဝလ် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်နေသော ကန်တော်ကြီးရှိ ဗမာ မွတ်စလင်မ် အထက်တန်းကျောင်းတွင် ဆရာက ဘာသာရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် ဆရာကြီးကိုတဝလ် က ဒုတိယအကြိမ်ထုတ်ဝေခဲ့သော ပျဉ်းမနားဆရာခင် ရေး မိုဟမ္မဒ်သခင် အတ္ထုပ္ပတ္တိ စာအုပ် စကားဦးကို ဆရာက ရေးပေးသည်။ မိမိတာဝန်ကို အစိုးရအသိအမှတ်ပြု ဘာသာရေးနည်းပြဆရာ ဗမာမွတ်စလင်မ် အထက် တန်းကျောင်း ရန်ကုန်ဟု ဖော်ပြထားသည်။

            ဆရာသည် စာပြုစာဆိုအရာ၌ ခေတ်ပြိုင်ပုဂ္ဂိုလ်ကျော်များထက် နောက်မကျ ကလောင်ပြိုင်ဘက်ဖြစ်သည်။ အိုလမာအဖွဲ့ဥက္ကဋ္ဌကြီး၏ ဖိုင်းအတ်ကုမ္ပဏီမှ ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မြန်မာဘာသာဖြင့် ထုတ်ဝေသည့် မွတ်စလင်မ်အပတ်စဉ်စာစောင်တွင် ဆရာသည် တမန်တော် မုဟမ္မဒ်သခင်၏ဩဝါဒတော် ဆောင်းပါးကို အခန်းဆက်ရေးသားသည်။ မစ်ရှ်ကတ်ကျမ်းကို ဘာသာပြန်တင်ဆက်ခြင်းဖြစ်သည်။ အစောဆုံး ဟဒီးဆ်ဘာသာပြန်ချက်ဟု ဆိုကြသည်။ ဆရာသည် ကလောင်အမည်ကို မော်လဝီဦးခင်ရွှေဟု ဖော်ပြသည်ကိုထောက်၍ တိုင်းရင်းအမည်သုံးသူများ တွင် ကနဦးပါဝင်သူတစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။

            ဆရာသည် ကမ္ဘာ့အလင်းစာစောင်ကြီးပေါ်ထွက်လာသောအခါ ၁၉၅၃ ခု မေလတွင် ယှအ်ဗာန်လမြတ်ဆောင်းပါးကို ရေးသားသည်။ အောက်တိုဘာလတွင် ဟစ်ဂျရီသက္ကရာဇ် နိုဝင်ဘာလတွင် နှစ်ဘဝ ကျေးဇူး တော်ရှင် နောက်ဆုံးတမန်တော် ၁၉၅၄-ခု ဩဂုတ်လတွင် အဓိက ကျင့်စဉ်တစ်ပါး၊ နိုဝင်ဘာလတွင် ကရုဏာတော်ရှင် တမန်တော်သခင်နှင့် အဆွဟာဘ်တော်များဆောင်းပါးများကို ရေးသားတင်ပြခဲ့သည်။

            ၁၉၅၄-ခု စက်တင်ဘာလ ၅ ရက်နေ့တွင် ဗမာနိုင်ငံ မွတ်စလင်မ် ကလောင်ရှင်အဖွဲ့ အစည်းအဝေး ကျင်းပရာ ဆရာ ဦးခင်ရွှေက သဘာပတိအဖြစ် ဆောင်ရွက်သည်။ ထိုအစည်းအဝေးမှပင် ဆရာ့ကို အရန်အမှုဆောင်အဖြစ် တင်မြှောက်ကြသည်။

            ၁၉၅၆-ခု အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်က အစ္စလာမ်စာစောင်ထုတ်ဝေသောအခါ ဆရာက အီမာန်စွဲယူ ယုံကြည်သူ ခေါင်းစဉ်ဖြင့် လစဉ်အခန်းဆက် ဘာသာပြန်တင်ဆက်သည်။ အစ္စလာမ် စာစောင်တွင်ပင် မွတ်စလင်မ်တို့၏ ဥပုသ်သီလဆောက်တည်မှု၊ တုဘက် ကင်းသော သာသနာ့အစုအဝေးကြီး၊ တယမွမ်အကြောင်း၊ ရိုဇာစောင့်ထိန်း ခြင်း၊ သမ္မတ သားတော်နှင့် သမီးတော်များ အီးဒ်နေ့ဆင်နွှဲပုံ၊ ဇကာသ် သဘောတရား၊ မွတ်စလင်မ်ဂုဏ်ရည်၊ အီမာန်မှတ်ကျောက်၊ ဇကာသ် အရေးကြီးပုံ၊ ဆွဟဗာဟ်သာဝကကြီးများ၊ ဇကာသ်ဖြင့်အကျိုးသက်ရောက် ပုံ၊ တရားလမ်းမှန်၌ လှူဒါန်းရန်စည်းကမ်းချက်များ၊ ဇကာသ်၏ပညတ် ချက်များစသည့် ခေါင်းစဉ်များဖြင့်လည်း နှစ်လုံးပေါက် ပါဝင်ရေးသားသည်။

            ထိုစဉ် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ကျမ်းပြုဌာန၏ ဥက္ကဋ္ဌသည် မောင်လာနာ အိဗ်ရာဟင် မဇွာဟေရီဖြစ်ပြီး အတွင်းရေးမှူး မှာ မောင်လာနာ မက္ကဆူဒ်ခန် ဦးခင်မောင်ကြီးဖြစ်သည်။ ဆရာကား ဘာသာပြန်မှူးနှစ်ဦးအနက် တစ်ဦးဖြစ်သည်။ ဘာသာပြန်စာအုပ်များ လုံးချင်းမထုတ်ဝေမီ ဆောင်းပါးများအဖြစ် အခါအားလျော်စွာ ကောက်နုတ် တင်ပြသည်ဟု သိရသည်။

            ၁၉၅၆-ခု ဒီဇင်ဘာလတွင်ကျင်းပသည့် အစ္စလာမ်သာသနာရေးရာ ကောင်စီ ညီလာခံသို့ အထွေထွေအတွင်းရေးမှူးကတင်သွင်းသော အစီရင်ခံစာတွင် ကျမ်းပြုကော်မတီက ဘာသာပြန်ဆိုရေးသားပြီး ကျမ်းစာအုပ် ၁၈ မျိုးကိုဖော်ပြသည်။ ယင်း ၁၈ မျိုးအနက် အမှတ်စဉ် (၁) အစ္စလာမ့်အခြေပြ၊ အမှတ်စဉ်(၂) ဇကာသ်အခြေပြ၊ အမှတ်စဉ်(၅) စွဟာဗီသာဝကကြီးများ၊ အမှတ်စဉ်(၈) ဗဟစ်ရှ်သီဇေဝရ်ကျမ်း ပထမတွဲ၊ အမှတ်စဉ်(၉) ဗဟစ်ရှ်သီဇေဝရ်ကျမ်း ဒုတိယတွဲ၊ အမှတ်စဉ်(၁၀) ဗဟစ်ရှ်သီ ဇေဝရ်ကျမ်း တတိယတွဲ ဟူသည့် ကျမ်း ၆ ကျမ်း၏ ဘာသာပြန်သူကို မော်လဝီနူးရ်မုဟမ္မဒ် ဦးခင်ရွှေဟူ၍ ဖော်ပြပါရှိသည်။

            အမှတ်စဉ် (၁၄) အစ္စလာမ်သင်ခန်းစာ တတိယတွဲနှင့် အမှတ်စဉ် (၁၅) အစ္စလာမ်သင်ခန်းစာ စတုတ္ထတွဲကျမ်း နှစ်ကျမ်းကိုမူ မောင်လာနာ ဃာဇီ မုဟမ္မဒ်ဟာရှင်မ်နှင့် မော်လဝီနူးရ် မုဟမ္မဒ် ဦးခင်ရွှေတို့ ပြန်ဆို ရေးသားသည်ဟု ဖော်ပြပါရှိသည်။ ဆရာသည် ကျမ်းပြုကော်မတီ၏ ဘာသာပြန်မှူးဖြစ်သည်နှင့်အညီ ပထမညီလာခံ အမီပြုစုပြီး ကျမ်းများ၏ ၄၅ရာခိုင်နှုန်း(ထက်ဝက်နီးပါး) သည် ဆရာ၏ လက်ရာဖြစ်ခဲ့သည်။ ထိုစဉ်က ဆရာပြန်ဆိုသည့် အစ္စလာမ်အခြေပြ ကျမ်းတစ်အုပ်တည်းသာ ပုံနှိပ်နိုင်ခဲ့ပါသည်။

            ကောင်စီညီလာခံ ကော်မရှင် သုံးရပ်အနက် ကော်မရှင်(၁)၏ တာဝန်ခံသည် မောင်လာနာ အိဗ်ရာဟင် အဟ်မဒ်မဇွာဟီရီ ဖြစ်သကဲ့သို့ ညီလာခံအစ္စလာမ့်စာပေ တာဝန်ခံမှာ (မော်လဝီ ဦးခင်ရွှေ)ဆရာဖြစ်သည်။ စာပေပြခန်း၌ အရဗီ၊ ဖာရစီ၊ အူရဒူ၊ အင်္ဂလိပ်နှင့် မြန်မာဘာသာဖြင့် ပြုစုထားသော ပြည်တွင်း ပြည်ပထုတ်သာသနာ့ စာပေကျမ်းဂန်များကို  ခင်းကျင်းပြသထားသည်။ ဆရာသည် ပြခန်းတာဝန်ခံဖြစ်သည့်အလျောက် အစ္စလာမ့်စာပေပြခန်း မှတ်တမ်းကို ညီလာခံအပြီး ၁၉၅၇ ခုနှစ် ဇန်နဝါ ရီထုတ်နှင့် ဖေဖော်ဝါရီထုတ် အစ္စလာမ်စာစောင် နှစ်စောင်တင် ပြန်လည် ရေးသားတင်ပြသည်။

            ဆောင်းပါးများတွင် ပြခန်း၌ ခင်းကျင်းထားသည့် စာပေကျမ်းဂန် များ မည်သို့ စုဆောင်းခဲ့ရသည်မှ စတင် မှတ်တမ်းပြုသည်။ ကုရ်အာန် ဟဒီးဆ် ဖေကာမူရင်းများ၊ အဋ္ဌကထာ အဖွင့်ကျမ်းများ၊ အင်္ဂလိပ်၊ အူရဒူ ဘာသာပြန်များ၊ ရှားပါးလက်ရေးမူများ၊ ပုံနှိပ်မူများ၊ လက်စွမ်းပြခြယ်သ ပုံနှိပ်မူများ၊ အဖိုးတန်ရှားပါး စာပေအမွေအနှစ်များပါဝင်သည်။ ထူးခြားသည်မှာ လွန်ခဲ့သော နှစ် ၂၅၀ခန့်က ပန်းချီပုံပါဝင်ခြင်းဖြစ်သည်။ မက္ကာနှင့် မဒီနာရှိ မွန်မြတ်သော အဆောက်အဦးများကို ရေးဆွဲထားသည့် ပုံဖြစ်သည်။ အရွယ်ပမာဏ ရှစ်ပေ နှစ်ပေခန့်ရှိပြီး မြိတ်မြို့နယ်သားတစ်ဦး ၏ လက်ရာဖြစ်သည်။ ခံ့ညားလှပသည်။ ပန်းချီကားကြီးကို တန်ဖိုးသိစွာ  အဆင့်ဆင့် ထိန်းသိမ်းထားသူများသည်လည်းကောင်း၊ ရှေးယဉ်ကျေးမှု အမွေကို အများပြည်သူ သဒ္ဓါကြည်ညိုပွားရန် စီစဉ်တင်ဆက်သူများသည် လည်းကောင်း မှတ်တမ်းတင်ထိုက်ပါသည်။

            အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်အတွက် ဆရာပြုစုသည့် -

            အစ္စလာမ်ဘာသာသင်ခန်းစာ ပထမတွဲ

            အစ္စလာမ်ဘာသာသင်ခန်းစာ ဒုတိယတွဲ

            အစ္စလာမ်ဘာသာသင်ခန်းစာ တတိယတွဲ

            အစ္စလာမ်ဘာသာသင်ခန်းစာ စတုတ္ထတွဲ

ဟူသည့် စာအုပ်များသည် ကျောင်းသုံးစာအုပ်များဖြစ်သည်။ အိန္ဒိယနိုင်ငံ မွဖ်သီချုပ် မောင်လာနာ မွဖ်သီ ကိဖာယတွလ္လာဟ်သခင်က အူရဒူ ဘာသာ ဖြင့် စီရင်ရေးသားသော သအ်လီမွတ် အစ္စလာမ်ကျမ်းကို ဘာသာပြန် ခြင်းဖြစ်သည်။

            ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၅-ခုနှစ်က မူရင်းအတိုင်း  မောင်လာနာ ရဟ်မတွလ္လာက အမေးအဖြေ ပုံစံဖြင့် တိုက်ရိုက်ဘာသာပြန် ဆိုပြီး အကြိမ်ကြိမ် ပုံနှိပ်ဖြန့်ချိပြီးဖြစ်သည်။ ယခု ဆရာက အမေးအဖြေ စနစ်ကို မသုံးတော့ဘဲ သင်ခန်းစာခွဲ၍ ရေးသားပြုစုခြင်းဖြစ်သည်။ စာအုပ် အမည်ကို မူလက ဘာသာပြန်စဉ်ကကဲ့သို့ တအ်လီမွလ် အစ္စလာမ်ဟု ဖော်ပြရုံမျှမက အစ္စလာမ်ဘာသာ သင်ခန်းစာဟူသော မြန်မာ အမည်ပါ ပူးတွဲဖော်ပြသည်။ နောက်ပိုင်းတွင် အူရဒူဘာသာ အမည်တစ်ခုတည်းကို သာ သုံးပါသည်။

            ထူးခြားသည်မှာ သင်ခန်းစာနှင့် ဆီလျော်ရာ ကဗျာများ ရေးဖွဲ့ ထည့်သွင်းခြင်းဖြစ်သည်။ ပထမတွဲတွင် ဝန်ခံချက်ကဗျာနှင့် ယုံကြည် ချက်ကဗျာတို့ကို ဖွဲ့ဆိုထည့်သွင်းသည်။

ဝန်ခံချက်

            -           ကိုးကွယ်ဆည်းကပ်၊ ပူဇော်အပ်သည့်

                        ရှင်မြတ်အလ္လာဟ်၊ တစ်ပါးသာစံ သေချာမှန်၏

            -           အရှင်တစ်ဆူ၊ တစ်ပါးဟူ၍

                        မှတ်ယူထုတ်ဖော်၊ ကျွန်တော်မှန်ကန်

                        သက်သေခံ၏

            -           ထို့ပြင် ယုံမှတ်၊ ရစူလ်မြတ်ဟု

                        မုဟမ္မဒ်ကို၊ ထွက်ဆိုဝန်ခံ

                        ကြေညာပြန်၏။ ။

ယုံကြည်ချက်

            -           မိုးမြေနေလ၊ စကြဝဠာ

                        ဝေနေယျာနှင့် ကမ္ဘာလောက

                        ဟူသမျှကို၊ မုချပြုပြင်

                        ဖန်ဆင်းရှင်မှာ၊ အလ္လာဟ် သအာလာ

                        ဖြစ်သည်သာတည်း။

            -           ထိုအလ္လာဟ်သာ၊ အာဏာတန်ခိုး

                        ပြည့်ဖြိုးစွာဖြင့်၊ မလင့်ဖန်ဆင်း

                        တည်စေခြင်းကြောင့်၊ မယွင်းသေချာ

                        ကိုးကွယ်ရာတည့်၊ သွေသည့်သူမှာ

                        ကာဖစ်ရ်သာတည်း။

            -           ယုံကြည်သက်ဝင်၊ မွတ်စလင်မ်ဟု

                        ကင်ပွန်းတပ်အပ်၊ ဂျန္နသ်ဘုံနန်း

                        စံမြန်းရမည်၊ သွေဖည်ငြင်းဆန်

                        ကျင့်ကြံသူကား၊ ဂျဟန္နမ်လား

                        ငရဲသားတည်း။ ။

အလားတူပင် ဆရာသည် သအ်လီမွလ် အစ္စလာမ် ဒုတိယတွဲတွင်-

            ခြေမြစ်တရားငါးပါး အလင်္ကာ

            ကိယာမသ် လက္ခဏာများ လင်္ကာ

            စည်းကမ်းဝတ်တက် ၇ ချက် လင်္ကာ

            ဝိုဒူ ဖရပ်ဇ် ၄ပါး လင်္ကာ

            ရေချိုး ဖရပ်ဇ် ၃ ပါးလင်္ကာဟူသည့် ကဗျာများကိုလည်းကောင်း၊

သအ်လီမွလ် အစ္စလာမ် တတိယတွဲတွင်-

            မြတ်တမန်တော်လင်္ကာ

            ဆွဟဗီ၊ ဝလီ လင်္ကာ ဟူသည့် ကဗျာတို့ကိုလည်းကောင်း၊

သအ်လီမွလ် အစ္စလာမ် စတုတ္ထတွဲတွင်-

            အလ္လာဟ်အရှင် ပြက်ပြက်ထင် လင်္ကာ

            ဓမ္မရာဇ် လင်္ကာ

            ကုဖိရ်၊ ယှစ်ရ်က်၊ ဗစ်ဒအသ်လင်္ကာဟူသည့် ကဗျာကို လည်းကောင်း ဖွဲ့ဆိုထည့်သွင်းထားသည်။ ကျက်ရမှတ်ရ လွယ်ကူသဖြင့် ကလေးသူငယ်များ နှစ်သက်ကြမည် ပျော်ရွှင်ကြမည်ဟု မျှော်လင့်မိ ပါသည်။

            ဆရာသည် ၁၉၆၄ခု၊ ဩဂုတ်လတွင် အစ္စလာမ်ဘာသာဝင် ကလေးသူငယ်များအတွက် ပုံပြင် ပဒေသာပထမတွဲကိုပြုစုသည်။ အိုလမာအဖွဲ့ချုပ် စာစဉ် ၁၉ အဖြစ် ထုတ်ဝေသည်။ ကျမ်းဦးတွင် ကျမ်းပြု၏ စေတနာကို-

            ]]အသက်အရွယ်၊ နုနယ်လှသည့်

            အသိÓာဏ်ရောင်၊ ဖြူပြောင်လှသေး

            ကလေးများအား၊ တရားအရောင်

            လင်းပြောင်မသွေ၊ တင်စေချင်၍

            လက်တွေ့အစစ်၊ ကြုံဖြစ်ခဲ့လတ်

            သိမှတ်သင့်ကြောင်း၊ ရှေးဟောင်းသမိုင်း

            မှန်တိုင်းအသွင်၊ ပုံပြင်သဖွယ်

            ရွေးချယ်စုရ၊ တင်ပြလှာသည် စေတနာတည်း။}}

ဟူ၍ ကဗျာဖွဲ့သီ၍ ဖော်ပြထားသည်။ စေတနာနှင့် အညီ တမန်တော် သခင် မပွင့်မီ မယ်တော်၏ အိပ်မက်ခန်းမှစပြီး အစ္စလာမ့်သမိုင်းဝင် ဖြစ်ရပ် ၉၀ ကို ပုံပြောနည်းဖြင့် တင်ပြသည်။ ပုံပြင်တိုင်းတွင် သက်ဆိုင်ရာ အဖြစ်အပျက်ကို အခြေခံပြီး ဘဝသင်ခန်းစာ ဆုံးမဩဝါဒစကားများဖြင့် နိဂုံးပြုထားသဖြင့် ယဉ်ကျေးလိမ္မာသော ကလေးငယ်များပေါ်ထွန်းရေး ဦးတည်သည်ဟု ဆိုနိုင်ပါသည်။

            ဆရာသည် ချစ်သမီးဂုဏ်ရည်ကို ၁၉၆၆ခု၊ ဇွန်လ ၂၀ရက်နေ့ တွင်ရေးသားပြီးစီးသည်။ ကျမ်းမြတ်ကုရ်အာန်၊ ဟဒီးဆ်၊ စီရတ်အပါအဝင် ကျမ်း ၁၀ကျမ်းကို ကိုးကား၍ ကိုယ်တိုင်စီရင်ပြုစုသော ကျမ်းဖြစ်သည်။

            ဆရာ၏ ရင်နှစ်သည်းချာ သမီးဦးရတနာသည် ၁၈နှစ်အရွယ် အသက်ငယ်ငယ်နှင့် အလ္လာဟ့်အမိန့် ခံယူပြီးခွဲခွာသွားသဖြင့် ယူကျူံးမရ အပူလုံြးွကနေစဉ် ဖြေဆည်ရာအဖြစ် ပြုစုသည်ဟု ဖော်ပြသည်။

            ဆရာ၏ အာသီသကို ကျမ်းဦးတွင် ကဗျာဖွဲ့သီ၍ တင်ပြသည်မှာ-

သမီးဂုဏ်ရည်၊ ဤစာသည်ကား

နှလုံးသားမှ  ဆူတပူဆွေး

နှလုံးသွေးဖြင့်  မှတ်ရေးအပ်သည်

သီရိကုမာ သမီးကညာ၏

မြတ်သည့် ဂုဏ်ရည် အတည်ပင်တည်း။

            ဤစာမွန်ဖြင့် တွေးချင့်ကြည်သာ

            ကရီမာဟူ ခင်မေကြူအား

            မှတ်သားမြဲမြံ စိတ်တည်ရန်ကို

            ဤကုသိုလ်ဖြင့် မလင့်ဆက်ပြီး

            ချစ်သမီး၏ အာခိရသ်ပင်

            မြတ်စေချင်တည်း။

ဟူ၍ဖြစ်သည်။

            မာတိကာကို မြန်မာမူမဟုတ်ဘဲ အူရဒူ၊ အရဗီမူများကဲ့သို့ ကျမ်းပြီးမှ ဖော်ပြထားသည်။ သမီးချစ်၏ သောကကို အရင်းတည်သည်ဟု ဆိုသော် လည်း ပုဂ္ဂလဓိဋ္ဌာန် ခံစားမှုများ ဖော်ကျူးခြင်းမဟုတ်ဘဲ မွတ်စလင်မ် အမျိုးသမီးလောကအတွက် ရည်စူးတင်ပြနိုင်သဖြင့် ဆရာ့စေတနာကို လေးစားအပ်ပါသည်။

            အစ္စလာမ်သာသနာတွင် သမီးမိန်းကလေးများကို အရေးပေးပုံ၊ ဘဝမြှင့်တင်ပေးပုံ၊ မိန်းကလေးတို့ဂုဏ်ရည်မွန်မြတ်ပုံကို ပထမအခန်းတွင် တင်ပြသည်။

            ဒုတိယအခန်းတွင် တမန်တော်မြတ်၏ သမီးတော်လေးပါး အကြောင်းနှင့် တတိယအခန်းတွင် ချစ်သမီးတို့အား လက်ဆောင်စကားများ ဖော်ပြပါရှိသည်။

            အစ္စလာမ့်သုတ ရကြပေအံ့ ဟူသောစာအုပ်ပါဆောင်ပုဒ်အတိုင်း အမျိုးသမီးတို့နှင့် ပတ်သက်သည့် သုတအဝ၀ကို လိုရင်းတိုရှင်းတင်ပြနိုင် သည်မှာ ကျမ်း၏ဂုဏ်ပင်ဖြစ်ပါသည်။

            ဆရာ၏ အစ္စလာမ်ဟူသည်ကျမ်းကို အိုလမာအဖွဲ့ချုပ်က  စာစဉ် သစ် ၁၂ အဖြစ် ၁၉၆၇ခု၊ နိုဝင်ဘာလတွင် ထုတ်ဝေဖြန့်ချိသည်။

            အိန္ဒိယနိုင်ငံမှ ကျော်ကြားသော သာသနာ့ပညာရှင်ကြီး မော်လာနာ  မုဟမ္မဒ် မန်ဇူးရ် နုအ်မာနီသခင်၏ မူရင်း အူရဒူဘာသာဖြင့် ရေးသားသော အစ္စလာမ်ကျားဟဲကျမ်းကို မြန်မာဘာသာပြန်ဆိုပြုစုခြင်း ဖြစ်သည်။ ၁၉၆၅-ခု၊ စက်တင်ဘာ ၆ ရက်နေ့တွင် ပြန်ဆိုပြီးစီးသည်။

            မူရင်းကျမ်းကို လူကြိုက်များသဖြင့် အင်္ဂလိပ်၊ ဟိန္ဒီ၊ ဘင်္ဂလီစသည့် ဘာသာများသို့ ပြန်ဆိုခဲ့ကြသည်။ မွတ်စလင်လောကတွင် ကြားနေကျ အမြစ်တရား ငါးပါးအပြင် သပ်ကဝါတရား၊ ဟလလ်စားသုံးခြင်း၊ အချင်းချင်းပြုအပ်သည့် တာဝန်၊ စာရိတ္တဂုဏ်ရည်၊ သာသနာ၌ကြံ့ကြံ့ခံ ရပ်တည်ခြင်း၊ ဗရ်ဇပ်ခ်၊ ကိယာမတ်၊ အာခိရတ်၊ ဂျန္နတ်ဂျဟန္နမ်၊ ဝန်ချ တောင်းပန်ခြင်း၊ ဆုမွန်ဒုအာများ အပါအဝင် ခေါင်းစဉ် ၂၆ခု(စာမျက်နှာ ၁၂၀)ကို လွယ်ကူရှင်းလင်းစွာ တင်ပြထားပါသည်။ အစ္စလာမ်သာသနာ တော်၏ အနှစ်သာရကို အကျဉ်းချုံး၍ စုံလင်စွာတင်ပြထားသည့် ကျမ်း ဖြစ်သည်။ ခေတ်မီကျမ်းများပြုစုနည်းအတိုင်း ကျမ်းနောက်ပိုင်းတွင် အက္ခရာစဉ် မာတိကာပါဝင်သည်။

            ဆရာပြုစုသည့် အာရေဗျနှင့် ရွှေလမ်းငွေလမ်းကျမ်းကို အိုလမာ စာစဉ်သစ်(၁၇)အဖြစ် အစ္စလာမ့်သုတရကြစေအံ့ ဆောင်ပုဒ်ဖြင့် ၁၉၇၀ပြည့်နှစ်၊ ဩဂုတ်လတွင် ထုတ်ဝေသည်။ သာသနာ့စာစဉ်များအကြား တွင် တစ်မူထူးခြားသည့် သမိုင်းအခြေပြုစာစုဖြစ်သည်။

            ဆရာက အာရေဗျနှင့် ရွှေလမ်းငွေလမ်းကျမ်း နိဒါန်းတွင်-

]မိတ္တဗလသည် ရေမြေဒေသ မခွဲခြားဘဲ လူတို့၏ဇာတိ ဗီဇတွင် စွဲကပ်လိုက်ပါလာသော အမြုတေတစ်ပါး ဖြစ်ချေသည်။ လောကီရေးကို အခြေခံသည်ဖြစ်စေ၊ လောကုတ္တရာရေးကို အခြေခံသည်ဖြစ်စေ ဘုရင်ဧကရာဇ်တို့ပင် မိတ္တဗလကို လက်ရ ဆုပ်ကိုင်ထားကြကုန်၏။ ထို့အတွက် အချင်းချင်းသဝဏ်စာများ ရေးသားခြင်း၊ လက်ဆောင်ပဏ္ဏာများ ပို့သခြင်းတို့ကို အဓိက ထား၍ ပြုလုပ်ခဲ့ကြလေသည်။}

ဟု ပြည်ထောင်ချင်း ရွှေလမ်းငွေလမ်းဖောက်ခြင်းသည် ရင်းနှီးချစ်ကြည်မှု အတွက် ဖြစ်သည်။ ငြိမ်းချမ်းသာယာမှုအတွက်ဖြစ်သည်။ အာရေဗျနှင့် ရင်းနှီးချစ်ကြည်ရန် သဝဏ်လွှာပါးကြပုံ၊ ပဏ္ဏာကာရဆက်သကြပုံများကို ဖော်ကျူးထားသည်။

            ဆရာသည် ဟစ်ဂျရီ ၅ ရာစုတွင် သမိုင်းသုတေသီကြီးအဖြစ် ကျော်ကြားခဲ့သော ကာဇီရယှီးဒ်အစ်ဗနုဇုဗိုင်ရ်၏ ကျမ်းနှင့် အခြား အခြားသောအစ္စလာမ့်သမိုင်း၊ ကမ္ဘာ့သမိုင်း၊ ဗမာ့သမိုင်းများမှ ထုတ်နုတ် ကိုးကားရေးသားပြုစုကြောင်း ကျမ်းဦးတွင် ကျမ်းကိုး ၅အုပ်ကို ညွှန်းဆို ထားသည်။

            အာရေဗျနှင့် ရွှေလမ်းငွေလမ်းတွင် အာရေဗျနှင့် သဝဏ်စာလွှာပါး၍ လည်းကောင်း ပဏ္ဏာကာရဆက်သ၍လည်းကောင်း ချစ်ကြည်ရင်းနှီးမှု ပြုမူပုံ ၁၀ရပ်ကို တွေ့နိုင်သည်။ အစဉ်အတိုင်း တင်ပြပါအံ့။

(၁)       ဟစ်ဂျရီ ၄၁မှ ၅၉ခု(ခရစ်နှစ် ၆၆၁မှ ၆၇၉)အထိ စိုးစံခဲ့သော အာရေဗျဘုရင်မင်းမြတ် ဟဇရသ်မုအာဝိယာဟ် အစ်ဗနုအဗီ စွဗ်ယံထံ တရုပ်နိုင်ငံ ဘုရင်မင်းမြတ်က ပေးပို့သော သဝဏ်စာလွှာ ကို တင်ပြသည်။ ပေးဆက်သည့် ထူးခြားသော လက်ဆောင်မွန် အကြောင်း၊ တရုပ်ပြည်သို့ အစ္စလာမ်ဝိနည်းကျမ်းများနှင့် ဓမ္မဝါစကဆရာများ ချီးမြှင့်ပါမည့်အကြောင်း များပါဝင်သည်။

(၂)       ဟစ်ဂျရီ ၁၀၅ခု(ခရစ်နှစ် ၇၂၁ ခုနှစ်တွင်)နန်းတက်သည့် အုမိုင်ယဟ်မင်းဆက် ဒဿမမြောက်ဘုရင် ခလီဖဟ်ဟိယှမ် အစ်ဗနု အဗ်ဒလ်မာလစ်က်ထံ အိန္ဒိယနိုင်ငံ၏ ဘုရင်တစ်ပါးက ပေးပို့သည့် ကုလားအုတ်ရုပ်အကြောင်း ဖော်ပြသည်။ ကုလား အုတ်နို့အုံတွင်း ပုလဲ၊ လည်ကုပ်တွင်း ပတ္တမြားများသွင်းထားသည်။ ငွေလှည်းပေါ်တွင် တပ်ဆင်ထားသည်။ လှည်းကို မြေပေါ်တွင် ချလိုက်သောအခါ အလိုအလျောက် လှုပ်ရှားနေသည်။ အံ့ဩဖွယ် ထူးဆန်းသည့် ဤအရုပ်ကို မင်းအဆက်ဆက်က ဆက်ခံ ထိန်းသိမ်းခဲ့ကြသည် ဟုဖော်ပြသည်။

(၃)       ဟစ်ဂျရီ ၁၀၇ခု(ခရစ်နှစ် ၇၈၆)ခုနှစ် သက်တော် ၂၂နှစ် တွင် နန်းတက်သည့် ခလီဖဟ် ဟာရူးန်ရယှီးဒ်ထံ အိန္ဒိယရာဇာ တစ်ပါးက တစ်တောင်ခန့်ရှည်သော ကျောက်စိမ်းနှင်တံပေးပို့ သည်။ နှင်တံထိပ်ဖူးတွင် သိန်းတန်ပတ္တမြားဖြင့် ပြုလုပ်ထားသည်။ လှပနူးညံ့သည့် ငှက်ရုပ်တပ်ဆင် ထားသည်။ မင်းစဉ်မင်းဆက် ဂုဏ်ယူထိန်းသိမ်းခဲ့သည်ဟု ဖော်ပြသည်။

(၄)       ဟစ်ဂျရီ ၁၉၈ခု(ခရစ်နှစ် ၈၁၃ခုနှစ်)တွင် နန်းစံသော ခလီဖဟ် မအ်မူးန်ဘုရင်ထံ အိန္ဒိယတောင်ပိုင်း ဘင်္ဂလားနယ် ရုဟမီပြည့်ရှင် မင်းက သဝဏ်လွှာနှင့် လက်ဆောင်တော်များဆက်သသည်။ သစ်ခေါက်ရေးသဝဏ်လွှာဖြစ်သည်။ အစီအကုံးအရေးအဖွဲ့ ထီးဟန်နန်းဟန် ကြငှန်းဆန်သည်။ လက်ဆောင်တော်များတွင် ပတ္တမြားစီခြယ်ထားသော ပုလဲပြည့်ထည့်ထားသော ခွက်ရှည်၊ ဆင်ကိုမျိုနိုင်သောြွေမ၏သားရေအခင်း ရွှေခြည်ပွင့်ဖော် ပုလဲကွပ် ပွင့်ရိုက်ထည်များ၊ ကော်ဇော၊ ငှက်တောင်မှီအုံးများ၊ အဖိုးသိန်းတန် နံ့သာတုံးများ ပါဝင်သည်။ ထူးခြားသည်မှာ အရပ် ၇ တောင်မြင့် သော လှပတင့်တယ်ဆင်းနိကာယ်နှင့် ပြည့်စုံသော ဆင်းပြည် နယ်သူ လှပျိုဖြူတစ်ဦးကိုပါ ဆက်သလိုက်ခြင်းဖြစ်သည်။

            ခလီဖဟ်မအ်မူးန်ကလည်း လက်ဆောင်ပြန်အဖြစ် တစ်လက်မ ထူသော ဖောင်ြးွကသဝဏ်စာပို့ခဲ့သည်။ စာလွှာနှင့်အတူ မြင်းစီး သူရဲတစ်ဦး၊ ရတနာကကြိုးများဆင်ထားသော မြင်းတစ်ကောင်နှင့် ရှေးမင်းအစဉ်အဆက်က ထိန်းသိမ်းခဲ့သည့် ရတနာအထူးထူး ဆန်းကြယ်စွာ စီခြယ်ထားသော လင်ပန်း၊ အီဂျစ်ယမန် စသည့် နိုင်ငံများမှ အဖိုးတန် ပိုးထည်ချည်ထည်များ၊ ကော်ဇော်မျိုးတစ်ရာ မှီအုံးများနှင့် မွေ့ရာထိုင်ခင်းတစ်ရာနှင့် ပိုးအခင်းများ၊ အီဂျစ်ဘုရင် စဉ်ဆက် ဘဏ္ဍာတိုက်တွင် ထိန်းသိမ်းခဲ့သည့် အံ့ဖွယ် ဖန်ပုလင်း ကြီး၊ ထိုပုလင်းတွင် ကျားရုပ်ရှိပြီး ထိုကျားရှေ့၌ ဒူးထောက်လျက် မြားချိန်နေသော လူရုပ်ပါရှိသည်ဟု ဖော်ပြသည်။

(၅)       ခလီဖဟ် မအ်မူးန်ဘုရင်သည် ဟစ်ဂျရီ ၂၁၀ခု(ခရစ် ၈၂၅-ခု) နှစ်တွင် ပါရှန်းအင်ပါယာနွယ် ဟစန်အစ်ဗနိုစအလ်၏သမီးတော် ဗော်ရန်အား မိဖုရားတင်မြှောက်စဉ် အိန္ဒိယနိုင်ငံ ဘုရင်မင်းမြတ်က မင်္ဂလာလက်ဖွဲ့အမြောက်အမြားအပြင် ကရမက်နံ့သာတုံး တစ်ထောင်ပေးပို့သည်ဟု ဖော်ပြသည်။

(၆)       ဟစ်ဂျရီ ၂၇၁-ခု(ခရစ်နှစ် ၈၈၄ခု)တွင် အာရေဗျဘုရင်များလက် အောက်ခံ အိန္ဒိယဆင်းပြည်နယ်ဦးစီးက ဆင်ပြောင်ကြီး၊ ကုလား အုတ်များ၊ သမင်ကြီးများ၊ ငွေစင်ရုပ်ထု ၃ ခု၊ ကတိုးနံ့သာ ပိုးထည်နှင့် ကရမက်သား ပလ္လင်တော်အပါအဝင် အဖိုးတန်ပစ္စည်း များ ဆက်သပုံကို ဖော်ပြသည်။

(၇)       ခလီဖဟ်ဝါစစ်က်ဗစ်လ္လာထံ အိန္ဒိယနိုင်ငံ ဆင်းပြည်နယ်ဦးစီး အင်မရာန် အစ်ဗနု ယဟ်ယာက ခြင်္သေ့အပါအဝင် သားရဲများ၊ ကျေးငှက်များ၊ ကတိုး၊ ကရမက်နံ့သာများ၊ရွှေပန်းကန်၊ ငွေကုလားထိုင်၊ နံ့သာပလ္လင်၊ သံလျှက်၊ ဓားလှံလက်နက်များ နှင့် သံချပ်ကာအင်္ကျီများ ပေးပို့ပုံကို ဖော်ပြသည်။ ဦးစီးဖြစ်သူ လုပ်ကြံခံရစဉ် အထူးကိုယ်စားလှယ်တော်များက နံ့သာတုံးများ၊ ရွှေပန်းကန်၊ ရွှေလင်ပန်းများနှင့် ရွှေထည်ပစ္စည်းများ ဆက်သကြ ကြောင်းလည်း ပါဝင်သည်။

(၈)       ဟစ်ဂျရီ ၂၈၁ ခုနှစ်မှ ဟစ်ဂျရီ ၆၄၁-ခုနှစ်အတွင်း အာရေဗျဘုရင် များ အသုံးပြုသော အရှေ့တိုင်းလက်ဆောင်တော်များ အကြောင်း ရေးသားဖော်ပြသည်။ အထူးသဖြင့် အိန္ဒိယ နံ့သာတုံး၊ တရုတ် အမွှေးအကြိုင်၊ ကျောက်မျက်ရတနာ၊ အိန္ဒိယနံ့သာတုံးရွက်တိုင်၊ သစ်မွှေးမင်အိုး၊ မင်တံ၊ တိဗက်အမွှေးနံ့သာ၊ တိဗက်အမွှေးနံ့သာ ရွက်တိုင်နှင့် မီးမကူးသော ငှက်တောင်ရက်ပုဝါကြီးများ ပါဝင်သည်။

(၉)       နှစ်ပေါင်း ၉၈၀(ယခု ၁၀၂၀)က စွလ်သာန်မဟ်မူးဒ်ဂဇနဝီဘုရင် လက်ခံရရှိသည့် ဆင်ပြောင်အုပ်ကြီးနှင့် ဆင်ပြောင် ၃၀ဝ၀ကို နန်းတွင်းမြင်တွေ့ရပုံ၊ ဘုရင်ထွက်တော်မူသည့်အခါ ဆင်များက ဦးချဖူးမျှော်ပုံများ ပါဝင်သည်။

(၁၀)     မင်းတုန်းမင်းတရားကြီးလက်ထက် မက္ကာမြို့တော်တွင် ကုသိုလ် တော်ဧည့်ရိပ်သာ(ဇရပ်)ဆောက်လုပ်လှူဒါန်းရန် ကိုယ်စားလှယ် တော်များ အာရေဗျသွားရောက်ပုံသည် ကျမ်း၏နောက်ဆုံးအခန်း ဖြစ်သည်။ ဆရာ၏ စေတနာ၊ ဆရာ၏ရည်ရွယ်ချက်နှင့် ကြိုးပမ်းမှု တန်ဖိုးကို သုံးသပ်နိုင်ရန် ကောက်နုတ်တင်ပြပါသည်။

                        မင်းတုန်းမင်းတရားကြီးသည် ညီလာခံသဘင်၌ဆုံးဖြတ်၍ ငွေအလုံအလောက်ပေးပြီး မက္ကဟ်မြို့တွင် လစ်လ္လာဟ်တိုက်ဇရပ် တစ်ခုဆောက်လုပ်ရန် ဗမာမွတ်စလင်မ် သူတော်စင်နှစ်ဦးတို့အား တာဝန်ပေးခဲ့သည်။ ယင်းသို့ မွန်မြတ်သည့် တာဝန်လွှဲအပ်ခံရသူ များမှာ ဟာဂျီကရီမ်(ခေါ်)ဟာဂျီ ဦးရွှေဘော်နှင့် ခလီဖဟ်အဟ်မဒ် (ခေါ်)ကျော်ထင်ဂုဏ္ဏရပ်ဘွဲ့ရ ခလီဖာဟ် ဟာဂျီဦးဖိုးမြတို့ဖြစ်ကြ လေသည်။  ထိုပုဂ္ဂိုလ်နှစ်ဦးတို့သည် မင်းတုန်းမင်းတရားကြီး၏ ယုံပုံလွှဲအပ်မှုကို တာဝန်သိသိ သစ္စာရှိရှိနှင့် မက္ကဟ်ရွှေမြို့တော်တွင် ၂ထပ်တိုက် အဆောက်အဦကို ဆောက်လုပ်ခဲ့ကြလေသည်။ ယင်း အဆောက်အဦမှာ အရှေ့မျက်နှာ လေးခန်း၊ အနောက်အလျား ၁၂ခန်းရှိပြီး အရှေ့နဖူးစီးတွင် ဒေါင်းတံဆိပ်ထုလုပ်ထား၏။ ယင်း အဆောက်အဦ ဆောက်လုပ်ရသည့် ရည်ရွယ်ချက်မှာ မြန်မာ တိုင်းရင်းသား မွတ်စလင်မ်များ ဟဂ်ျပြုရန် အာရေဗျနိုင်ငံ၊ မက္ကဟ် မြို့သို့ ရောက်လာသော အခါ ဣနြေ္ဒရှိရှိ တည်းခိုနေထိုင်ရန်အတွက် ဖြစ်သည်။ ဤသည်ကား မြန်တိုင်းရင်းသားမွတ်စလင်မ်များအပေါ် တွင်ထားရှိခဲ့သည့် မင်းတုန်းမင်းတရားကြီး၏ ကောင်းမြတ်လှသော စေတနာပင်ဖြစ်ချေသည်။

                        ဟာဂျီများတည်းခိုရန် ဆောက်လုပ်ခဲ့သော ဧည့်ရိပ်သာ အဆောက်အဦးမှာ အရဗ်တို့အခေါ်အဝေါ်အရ ]ဗရမာရိုဗားသ်} အမည်တွင်လျက် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဟဂ်ျပြုရန် နှစ်စဉ် ရောက်ရှိလာကြသော လူမျိုးအသီးသီးတို့ရှုစားရာတွင် ဝင့်ြွကားစွာ တည်ရှိနေ၏။ ယိုယွင်းသော်လည်း ယခုတိုင် မားမားမတ်မတ် တည်ရပ်လျက်ရှိနေသေး၏။

                        ယင်းဗရမာရိုဗားသ်(ခေါ်) ဗမာမွတ်စလင်ဟာဂျီများ၏ ဧည့်ရိပ်သာ ဆောက်လုပ်ပြီးစီးခဲ့သောအခါတွင် မင်းတုန်းမင်းတရား ကြီး၏ ကိုယ်စားလှယ်တော်များသည် အာရေဗျနိုင်ငံရုံးတော်တွင်  မှတ်ပုံတင်ခဲ့ကြ၏။ ယင်းမှတ်ပုံတင်စာချုပ်မှာ အရဗီဘာသာဖြင့် တစ်ဖက်ပါအတိုင်း ဖြစ်၏။

အဆိုပါမှတ်ပုံတင်စာချုပ်မှာ မူရင်းအတိုင်းဖြစ်၏။ သို့ရာတွင် ဟောင်းမြေ့နေခြင်းကြောင့် အပိုင်းအစလောက်မျှကိုသာ ဤသို့  ဖတ်ရှုမှတ်ယူရ၏။

 

 

___ဓာတ်ပုံ___

အစပိုင်းမှ အချို့၏ အဓိပ္ပာယ်မှာ

                        ဤကား မက္ကဟ်မြို့ရုံးတော်တွင် အစ္စလာမ်သာသနာ လက်ထောက်တရားမှူးချုပ် မော်လာနာ ဖခရ်ရှေ့တော်တွင်ဟစ်ဂျရီ ၁၂၈၀-ခု၊ ဇိလ်ကအ်ဒဟ်လ ၂၀ရက်နေ့တွင် မက္ကဟ်မြို့ယှရီအသ် တရားဌာနတွင် တံဆိပ်ခတ်နှိပ်၍ မှတ်ပုံတင်သော စာချုပ်တည်း။

                        ယင်းဧည့်ရိပ်သာကား မြန်မာနိုင်ငံပြည့်ရှင်မင်း၊ အိမ်ရှေ့မင်း ၏ သားတော် ကုန်းဘောင်မင်း၏ သားတော်၊ မင်းတုန်းမင်း၏ တရားဝင်ခန့်အပ်ခြင်းခံရသော ကိုယ်စားလှယ်တော်များဖြစ်သည့် (ရန်ကုန်)မြို့သား မုဟမ္မဒ်၏သား ဟာဂျီ ခလီဖဟ် အဟ်မဒ်(ခလီဖာ ဟာဂျီ ဦးဖိုးမြ) ရန်ကုန်မြို့သား အဗ်ဒွရ်ရဟ်မာန်၏သား ဟာဂျီ အဗ်ဒွလ်ကရိမ်းမ်(ဟာဂျီဦးရွှေဘော်)ပုသိမ်မြို့သား အဗ်ဒွရ်ရဟီးမ်၏ သား မုဟမ္မဒ်ဟနီးဖ်တို့က ဝကဖ်ပြုလှူဒါန်းသော ဧည့်ရိပ်သာ အဆောက်အဦဖြစ်၏။

            စသည်ဖြင့် ပါရှိ၏။ သို့ဖြင့် ယင်းစာချုပ် ချုပ်ဆိုလှူဒါန်းခဲ့သည်မှာ အစ္စလာမ် သာသနာ့ခုနှစ် ၁၂၈၀နှစ်က ဖြစ်ခဲ့ပြီး ယခု ၁၃၉၀ပြည့် ဖြစ်သဖြင့် နှစ်ပေါင်း တစ်ရာ့တစ်ဆယ်ရှိပြီဖြစ်ကြောင်း ထင်ရှား လေသည်။

ဟုဖော်ပြပါရှိ၏။ ဆက်လက်၍ ကုန်းဘောင်မင်းဆက် မဟာရာဇဝင် တော်ကြီး စာမျက်နှာ ၄၄၀လာ အလှူတော်စာရင်းကို ကိုးကားပြီး အာရေဗျ နှင့် မြန်မာဆက်သွယ်မှုမှာ မွန်မြတ်သည်။ ရှေးကျသည်။ မန္တလေးနေပြည် တော်မှ မက္ကဟ်ရွှေမြို့တော်သို့ ခရီးသွားလျှင် ၉ လခန့်ကြာသည်။ အဆိုပါ ဇရပ်ဆောက်လုပ်ရာတွင်လည်း ၉လခန့်ပင်ကြာသည်။ ဝေးလံခက်ခဲသော ခရီးကို အရောက်သွားပြီး ကုသိုလ်တော်ဇရပ် ဆောက်လုပ်ခဲ့ခြင်း၊ မြန်မာမင်း၏ အလှူတော်ဖြစ်ခြင်းတို့မှာ ကမ္ဘာ့မော်ကွန်းဝင် ဆောင်ရွက် ချက်တစ်ရပ်ဟု ဂုဏ်ယူဖွယ်တင်ပြသည်။

            ဆရာက မြေထူးမြို့ ဗလီထိုင် မော်လဝီဆရာ ဦးရွှေတောင်ပြုစု စီရင်သော ရှကျတွလ်အီမန်ကျမ်းလာ လစ်လ္လာဟ်တိုက်(ဇရပ်တော်) မှတ်တမ်းလင်္ကကို ကိုးကားတင်ပြသည်။ (တိုင်းရင်းမွတ်စလင်မ်စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ ပထမအုပ်တွင် ဦးရွှေတောင်၏ လက်ရာအဖြစ် တင်ပြခဲ့ပြီး ဖြစ်၍ ဤတွင်ထပ်မံမဖော်ပြတော့ပါ။)

            ကုသိုလ်တော်ဇရပ်ကို အကောင်အထည်ဖော်သူ ဟာဂျီဦးရွှေဘော် နှင့် ခလီဖာ ဟာဂျီဦးဖိုးမြတို့သည် မက္ကာရွှေမြို့တော်သို့ အကြိမ်ကြိမ်ရောက် ဖူးကြသည်။ အရဗီဘာသာစကားလည်း တတ်သည်။ ထိုခေတ်ထိုအခါက အာရေဗျသွားခရီးစဉ်မှာ ခက်ခဲ့လှသည်။ အထက်မြန်မာနိုင်ငံ အမရပူရမှ လှေဖြင့် ရေလမ်းခရီးစတင်ရသည်။ ဆင်ဖြူကျွန်း၊ စလင်တို့မှ တစ်ဆင့် ရိုးမတောင်အထပ်ထပ်ကို ကျော်ဖြတ်ရသည်။ ရခိုင်ကမ်းရိုးတန်းမှ ရွက်လှေ ဖြင့် စစ်တကောင်း၊ ကာလကတ္တားမှတစ်ဆင့် ကုန်းလမ်းဖြင့် ဘုံဘေသို့ သွားရသည်။ ထိုမှ ပင်လယ်ခရီးဖြင့် ဂျစ်ဒါသို့ သွားရသည်။ ခက်ခဲပင်ပန်း လှသော ခရီးကြမ်းကို သွားပြီး မင်းတရားကြီးကုသိုလ်တော်ဇရပ်ကြီးကို တာဝန်သိသိ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု တင်ပြထားသည်။

            ဆရာက အရဗ်တို့သည် ရှေးကတည်းက ကမ္ဘာ့အရှေ့ဖျားနိုင်ငံများ နှင့် ကူးလူးဆက်ဆံခဲ့သည်။ တမန်တော်ပွင့်တော်မူပြီးကာလက အရဗ်တို့ သည် မြန်မာ့ကမ်းရိုးတန်းမြို့ကြီးများသို့ ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံသား များလည်း အာရေဗျသို့ ရောက်ပေါက်ခဲ့သည်။

            ဗဒုံမင်းတရားလက်ထက် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ၊ မက္ကဟ်မြို့သို့ ဟဂ်ျပြုရန်သွားခဲ့သည်။ ၁၂၄၄ ခုနှစ်တွင် မန္တလေးနေပြည် တော်မှ ဟာဂျီဦးဘိုးအို၊ ဦးဘိုးရင်နှင့် ဟာဂျီဦးမောင်ကြီးတို့ ခေါင်းဆောင်၍ ဟာဂျီပေါင်း ၈၀ကျော်တို့သည် မက္ကာမြို့သို့ ဟဂ်ျပြုရန်သွားခဲ့သည်ကို အထောက်အထားများဖြင့် တင်ပြသည်။ ထိုစဉ်က ကမ္ဘာတွင် ဗမာ မွတ်စလင်မ်ဖြစ်ရသည်မှာ ဂုဏ်ယူဖွယ်ကောင်းပေစွ။ ကုသိုလ် တော် ထူးပေစွဟု ဆိုနိုင်ပါသတည်း။

            အာရေဗျနှင့် ရွှေလမ်းငွေလမ်းတွင် ဆရာ၏အတင်အပြသည် အ့ဩဖွယ်၊ ချစ်ကြည်ဖွယ် ချမ်းမြေ့ဖွယ်လွှမ်းနေသည်။ အလ္လာဟ့်လမ်းတွင် စွန့်စားလိုစိတ် ပြင်းပြစေသည်။ ဓမ္မဝီရ ရသဖြင့် သာယာနှစ်သက်စေ ပါသည်။

            လေကြောပေါ်မှ ဟောစကားသည် အိုလမာသာသနာ့ပညာရှင်များ အဖွဲ့ချုပ်ကိုယ်စား မော်လဝီ ဦးခင်ရွှေဟောကြားသည့် ဟောပြောချက်များ ကို စုစည်းထားခြင်းဖြစ်သည်။ ဆရာက ဝါကျွတ်အီးဒ်နေ့ စိတ်ချမ်းမြေ့၊ ဥပုသ်ရိုဇဟ် မြတ်ရတနာ စသဖြင့် ရွတ်ရဆိုရလွယ်၊ စိတ်ဝင်စားဖွယ် ခေါင်းစဉ်များ ရွေးပေးလေ့ရှိသည်။ ဥပုသ်လနှင့် ပတ်သက်သည့် အကြောင်း အရာများ တစ်နှစ်နှင့်တစ်နှစ် မထပ်အောင် တင်ပြသည်။ ခေါင်းစဉ်ငယ်များခွဲကန့်ပေးထားသဖြင့် ဖတ်ရလွယ်၊ မှတ်ရလွယ် စိတ်ဝင် စားဖွယ်ဖြစ်သည်။

            အိုလမာသာသနာ့ ပညာရှင်များအဖွဲ့ အမြဲတမ်းတွင်းရေးမှူးချုပ် ဓမ္မကထိက ဆရာကြီးနူးရ်မုဟမ္မဒ် ဦးခင်ရွှေသည် ၁၉၉၁ခုနှစ် မတ်လ ၁၇ရက်နေ့တွင် အလ္လာဟ်အရှင့်အမိန့်တော် ခံယူခဲ့ရပါသည်။

            ဆရာသည် ဇနီးသည် ဒေါ်စိန်လှခေါ် ဇိုင်နတ်ဘီနှင့် သားသမီး ၆ ဦးထွန်းကားသည်။ သား၂ဦး သမီး၎ဦး ဖြစ်သည်။ သားတစ်ဦးဖြစ်သူ မော်လဝီ ဦးလှမြင့်သည် ဆရာကြီး၏ သာသနာ့အမွေကို ဆက်ခံပြီး ယခုအခါ အိုလမာဌာနချုပ်တွင် ရုံးအဖွဲ့မှူးတာဝန်ကို ထမ်းဆောင်လျက်ရှိ သည်။

 

ပါမောက္ခ ဒေါက်တာ အောင်ဇော်
 

(နာယက-အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်)