THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

“ဟဒီဆ်”သြ၀ါဒတော်ကို အလေးဂရုမပြုသူတို့အဖို့

 
    “ဟဒီဆ်”သြ၀ါဒတော်ကို အလေးဂရုမပြုသူတို့အဖို့
 
 
(ဟဒီဆ်)သြ၀ါဒတော်များကို အစ္စလာမ်သာသနာကျင့်သုံးမှုတွင် အဓိက မဏ္ဍိုင်ကြီးတစ်ခုအဖြစ် အဘယ့်ကြောင့်ထားရပါသနည်း။  အရှင်မြတ်၏ မုက္ခပါဌ်တော်များဖြစ်သော ကျမ်းမြတ်ကုရ်အာန်နှင့်ပင် လုံလောက်ပြီ မဟုတ်ပါလော”ဟု အချို့သောပုဂ္ဂိုလ်တို့ကဆင်ခြေတက်ခဲ့ဖူးကြသည်။
 
(ဟဒီဆ်) သြ၀ါဒတော်တို့၏ အရေးကြီးပုံကို ဂနသေချာစွာ မသိကြသောကြောင့် (ဟဒီဆ်)သြ၀ါဒတော်တို့ကို အပေါ့တစေ သဘောထားကြဟန်တူ၏။
တမန်တော်မြတ်(ဆွ)၏ သြ၀ါဒတော်များကို အလေးဂရု ပြုရမည့်အကြောင်း အရှင်မြတ်ကိုယ်တော်တိုင်က ကျမ်းမြတ် ကုရ်အာန်တွင် မိန့်မြွက်တော် မူခဲ့သည်ဟုဆိုလျှင် ကျမ်းမြတ်ကုရ်အာန် တစ်ခုတည်းကိုသာ လက်ကိုင်ထားလိုသူတို့ မိမိတို့၏ အမှားကို ၀န်ခံကြရမည်သာ ဖြစ်ပေသည်။
 
 
အရှင်မြတ်၏ မုက္ခပါဌ်လာ အချက်များ
 
 
တမန်တော်မြတ်(ဆွ)၏သြ၀ါဒတော်များကို မလိုက်နာလျှင် ငြင်းပယ်သူများဖြစ်ကြရမည်ဟု အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန် အခန်း(၃)၊ အပိုဒ် (၃၂) တွင် ဤသို့ မိန့်မြွက်တော်မူထားသည်။
 
 
ပြောကြားလော့။ 
အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ သြ၀ါဒတော်ကို လိုက်နာကြကုန်။ 
မလိုက်နာသော် -
အလ္လာဟ်အရှင်မြတ်သည် ငြင်းပယ်သူများအားနှစ်သက်တော်မူမည် မဟုတ်ပေ။
( ကုရ်အာန် - ၃း ၃၂ )
 
 
 
တမန်တော်မြတ်(ဆွ)၏ သြ၀ါဒတော်များကို လိုက်နာသူတို့အား အရှင်မြတ်နှစ်သက်တော်မူကြောင်းကို ကျမ်းမြတ်ကုရ်အာန် အခန်း(၃)၊အပိုဒ်(၃၁)တွင် 
ဤသို့တွေ့မြင်ရပြန်သည်။
 
အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိုးလျှင် 
ငါ(မုဟမ္မဒ်)အား လိုက်နာကြကုန်။ 
အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ချစ်တော်မူ၍ 
သင်တို့၏ ပြစ်မှုများမှ သင်တို့ကို ချမ်းသာပေးတော်မူအံ့ ဟုပြောလော့။
( ကုရ်အာန် - ၃း ၃၁ )
 
 
 
အခန်း(၅၉)၊အပိုဒ်(၇)တွင်-
 
ထို့ပြင် တမန်တော်မြတ်က သင်တို့အား ပေးသမျှကို သင်တို့ ခံယူကြပါ။  
တားမြစ်သမျှကို ရှောင်ကြဉ်ကြပါ။ အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြပါ။
( ကုရ်အာန် - ၅၉း ၇ )
 
အကောင်းဆုံးသော စံနမူနာ
 
 
(ဟဒီဆ်)သြ၀ါဒတော်များကို လိုက်နာရေးအတွက် ကျမ်းတော်မြတ် ကုရ်အာန်တွင် ဤသို့လည်း ထင်ရှားစေပြန်ပါသည်။
 
အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ပေါ်တွင် မျှော်လင့်ချက်ထား၍ အလ္လာဟ်အရှင်မြတ်ကို များစွာ သတိရသူအဖို့
အလ္လာဟ်အရှင်မြတ်၏ တမန်တော်တွင် အကောင်းဆုံးသော စံနမူနာကို ဧကန်စင်စစ် သင်တို့ရရှိထားပေပြီ။
ကုရ်အာန်ကျမ်းမြတ်၊အခန်း(၃၃)၊အပိုဒ်(၂၁)
 
 
>>>
 
ဤသည်မှာ မြင့်မြတ်သော စေတမန်တစ်ပါး (ယူဆောင်လာသော) သြ၀ါဒတော်ဖြစ်၏။ 
(ထိုစေတမန်သည်) ပလ္လင်တော်ပိုင်ရှင်၏ ရှေ့တော်၌ နေရာရထားသော အင်အားပိုင်ရှင်၊ 
သစ္စာရှိသူ၊ ရိုသေရမည့်သူဖြစ်သည်။ သင်တို့၏ အဖော်သည် မရူးပါ။ မိုးကုတ်စက်ဝိုင်းအပေါ်၌ 
၎င်းအား ထင်ရှားစွာ ဧကန်မြင်ခဲ့သူဖြစ်သည်။
ကုရ်အာန်ကျမ်းမြတ်၊အခန်း(၈၁)၊အပိုဒ်(၁၉)မှ(၂၃)အထိ။
 
 
 
လမ်းမှားရောက်သူ
 
 
တစ်ဖန် တမန်တော်မြတ်(ဆွ)၏ အမိန့်ကို မလေးစားလျှင် လမ်းမှားရောက်မည်ဟု ကျမ်းမြတ်ကုရ်အာန်က ဆိုထားသေးသည်။
 
အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်တို့က ကိစ္စတစ်ခုတွင် အဆုံးအဖြတ်ပေးပြီးပါက 
ယုံကြည်သော အမျိုးသားတစ်ဦး၊ သို့မဟုတ် ယုံကြည်သောအမျိုးသမီးတစ်ဦးအတွက်  မိမိတို့ကိစ္စတွင် 
ရွေးချယ်ခြင်းပြုရန် မလျောက်ပတ်ပေ။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်၏ အမိန့်ကို
မလေးစားသူသည် အမှန်ပင် ထင်ရှားသော လမ်းမှား၌ ရောက်နေပေသည်။
ကုရ်အာန်ကျမ်းမြတ်၊အခန်း(၃၃)၊အပိုဒ်(၃၆)
 
အောင်မြင်သူ
 
 
တမန်တော်မြတ်(ဆွ)နှင့်အတူ ချပေးသော အလင်းရောင်ကို လိုက်သူများမှာ အောင်မြင်သူများဖြစ်သည်ဟု အောက်ပါအတိုင်း တွေ့ရပါသည်။
 
သောင်ရသ်နှင့်အင်န်ဂျီလ်ကျမ်းတို့၌ ဖေါ်ပြထားသည်ကိုတွေ့ရသော “အွမ္မီ”တမန်တော်မြတ်ကို လိုက်နာကြသူများအား 
ထိုတမန်တော်မြတ်သည် မကောင်းမှုမှ ရှောင်ကြဉ်စေ၍ ကောင်းမှုကို ဆောင်စေ၏။ ကောင်းသောအရာများကို တရား ၀င်စေ၍ 
မသန့်ရှင်းသည်တို့မှ မြစ်တား၏။ ထိုသူတို့အပေါ်၌ ရှိနေသောဝန်များနှင့် အနှောင်အဖွဲ့များကို ဖယ်ရှင်းပေး၏။ သို့ဖြစ်၍
သူ(မုဟမ္မဒ်)ကို ယုံသူများ၊ ဂုဏ်ပြုသူများ၊ကူညီသူများ၊ သူနှင့်အတူ ချပေးသောအလင်းရောင် (ကုရ်အာန်)ကို လိုက်နာသူများ 
ဤသူများသည် အောင်မြင်သူများဖြစ်၏။
ကုရ်အာန်ကျမ်းမြတ်၊အခန်း(၇)၊အပိုဒ်(၁၅၇)
 
 
 
သြ၀ါဒတော်နှင့် ၀ဟီ
 
 
အမှန်စင်စစ် ကျမ်းမြတ်ကုရ်အာန်ပါမုက္ခပါဌ်တော်တို့မှာ “၀ဟီ”များဖြစ်သကဲ့သို့ တမန်တော်မြတ်(ဆွ)၏(ဟဒီဆ်)သြ၀ါဒတော်များမှာလည်း “၀ဟီ”များ ပင်ဖြစ်သည်။ ကွာခြားသည်မှာ - ကျမ်းမြတ်ကုရ်အာန်ပါ “၀ဟီ”တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ကြရ၍ (ဟဒီဆ်)သြ၀ါဒတော်များဖြစ်သော “၀ဟီ”တို့ကို 
ရွတ်ဖတ်သရဇ္ဈာယ်ခြင်းမပြုရခြင်းပင်ဖြစ်သည်။ သြ၀ါဒတော်တို့မှာ “၀ဟီ”ဖြစ်ကြောင်းကို ကျမ်းမြတ်ကုရ်အာန်၊  အခန်း(၅၃)၊ အပိုဒ်(၂)မှ(၄)အထိတွင် ဤသို့တွေ့ရပါသည်။
 
အသင်တို့အဖော်သည် အမှားမပြု၊ သွေလည်းမသွေဖည်၊ မိမိဆန္ဒအလျောက် ပြောခြင်းလည်း မဟုတ်။ 
ထင်ရှားစွာ ဖော်ထုတ်ခဲ့သော “၀ဟီ”အမိန့်တော်မှတစ်ပါး အခြား မဟုတ်ပေ။
( ကုရ်အာန် - ၅၃း ၂-၄ )
 
 
 
ရစူလ်သခင်၏ မှာကြားချက်
 
 
ဤမျှဖြင့် (ဟဒီဆ်)သြ၀ါဒတော်တို့၏ အရေးကြီးလှပုံကို သဘောပေါက်နိုင်ပေပြီ။ တမန်တော်မြတ်(ဆွ)ကိုယ်တော်တိုင်က သြ၀ါဒတော်တို့ကို အလေးဂရု မပြုလိုသူတို့အား “ကုရ်အာန်ကဲ့သို့သောသြ၀ါဒတော်များ” ဖြစ်ကြောင်းကို အထင်အရှား သတိပေးခဲ့သည်။ 
ဤကျမ်းစာအုပ် စာမျက်နှာ(၃၂၀)နှင့်(၃၂၁)တွင်ပါရှိသော သြ၀ါဒတော်အမှတ်(၁၅၄/၁၅၅)ကို ကြည့်ရှုစေလိုပါသည်။
 
သြ၀ါဒတော်ကျမ်းမှာ ကျမ်းမြတ်ကုရ်အာန်ပါ အချက်အလက်တို့ကို ရှင်းလင်းပေါ်လွင်စေသော အဓိပ္ပာယ်ဖော်ပြချက်များဖြစ်ရာ ယုံကြည်သူတို့အဖို့ လက်လွှတ်၍ မဖြစ်နိုင်သော သာသနာ့ကျင့်သုံးမှု မဏ္ဍိုင်ကြီးဖြစ်ပေသတည်း။
 
-
 
ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်
 
အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)
 
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
 
(၁၉၆၃)ခုနှစ်၊ဧပြီလ(၂၀)ရက်။
 
 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အထက်ပါဖော်ပြချက်များသည် သီရိပျံချီ အလ္လာမဟ် ဃာဇီမုဟမ္မဒ်ဟာရှင်မ် ပြန်ဆိုရေးသားသော တမန်တော်မြတ်(ဆွ)၏သြ၀ါဒတော်(မိရှ်ကာသ်ကျမ်း) (ပထမတွဲ)တွင် ဇေယျကျော်ထင်ဗိုလ်မှူးကြီးဘရှင်ရေးသားခဲ့သော အမှာစာမှ ကောက်နှုတ်ဖ်ာပြခြင်းဖြစ်ပါသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
 
 
 
တမန်တော်မြတ်(ဆွ)၏  သြ၀ါဒတော်များကို  မငြင်းပယ်ရာ
 
 
မိရှ်ကာသ်ကျမ်း၊ ဟဒီဆ်အမှတ် (၁၅၄)
----------------------------------------
 
သာဝကကြီးအဗူရာဖိအ်(ရ)ထံမှတစ်ဆင့်ကြားသိရ၏။ ထိုသာဝကကြီးကပြောပြ၏။ တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူခဲ့သည်မှာ-
“ကျွန်ုပ်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်သောသူကို ဤသို့မတွေ့ပါရစေနှင့်၊ ထိုသူသည် မိမိ၏ သလွန်ပေါ်မှီလျက်ရှိအံ့။ 
ထိုသူထံသို့ ကျွန်ုပ်မိန့်ကြားခဲ့သောအမိန့်၊ သို့မဟုတ် တားမြစ်ခဲ့သော ပညတ်များ ရောက်ရှိလာအံ့။ ထိုအခါ ထိုသူက - “ကျွန်ုပ်သည်
(ကုရ်အာန်မှအပ မည်သည့်အရာကိုမျှ) မသိပါ။ အလ္လာဟ် အရှင်မြတ်၏ ကျမ်းဂန်၌ တွေ့ရှိရသောအမိန့်ပညတ်တော်များကိုသာ
ကျွန်ုပ်တို့ လက်ခံနာယူကြပါသည်”ဟုဆိုအံ့။
  
(အဟ်မဒ်ကျမ်း၊အဗူဒါဝူဒ်ကျမ်း၊သိရ်မိဇီကျမ်း၊အိဗ်နုမာဂျဟ်ကျမ်း)
 
“အိမာမ် ဗိုင်ဟကီ” (ရဟ)က  ဤသြ၀ါဒတော်ကို “ဒလာအိလွန် နုဗူဝသ်”တွင် ဖော်ပြထားသည်။
 
 
ရှင်းလင်းချက်
 
ဆိုလိုသည်ကား - အချို့သူမိုက်များသည် “ကျွန်ုပ်တို့သည် ကုရ်အာန် ကျမ်းလာ အမိန့်ပညတ်များကိုသာ လက်ခံနာယူကြသည်။ ထိုမှတစ်ပါး 
ကျွန်ုပ်တို့သည် ဘာမျှမသိကြပါ”ဟုဆိုကာ တမန်တော်မြတ်(ဆွ)၏ ဟဒီဆ်သြ၀ါဒတော်များကို ငြင်းပယ်ကြမည်။ အမှန်မှာအစ္စလာမ်သာသနာရေးရာ အချို့အသေးစိတ်အမိန့်ပညတ်များကို ကုရ်အာန်ကျမ်းမြတ်၌ မတွေ့ရှိရပေ၊ တမန်တော်မြတ်(ဆွ)၏ သြ၀ါဒတော်များတွင်သာ တွေ့ရှိရပေသည်။ 
ကုရ်အာန်သည် “၀ဟီ”ဖြစ်သကဲ့သို့ ဟဒီဆ်တော်များသည်လည်း “၀ဟီ”ပင်ဖြစ်သည်။ ကုရ်အာန်ကို - “၀ဟီမသ်လူ” ရွတ်ဖတ်သရဇ္ဈာယ်ရသော“၀ဟီ” ဟုခေါ်သည်။ ဟဒီဆ်ကို - “၀ဟီဃိုင်ရိမသ်လူ” ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုရသော “၀ဟီ”ဟုခေါ်သည်။တမန်တော်မြတ်(ဆွ)သည် အစ္စလာမ်သာသနာ ရေးဆိုင်ရာ အမိန့် ပညတ်များကို “၀ဟီ”အရသာ ဟောကြားတော်မူသည်။ မိမိသဘောဖြင့် အလျှင်း ဟောကြားတော်မမူပေ။ ကြည့် - ကုရ်အာန်(၅၃း၃)
တမန်တော်မြတ်(ဆွ)ဟောကြားတော်မူသောအမိန့်ပညတ်များလိုက်နာကျင့်မူရမည့်အကြောင်းကုရ်အာန်ကျမ်းမြတ်(၅၉း၇)တွင်အတိအလင်းပါရှိသည်။
သို့ဖြစ်ရာ တမန်တော်မြတ်(ဆွ)၏သြ၀ါဒတော်များကို အလျှင်းမပယ်ရာ။ အဘယ်ကြောင့်ဆိုသော်  “ဟဒီဆ်”ကိုပယ်ခြင်းသည် “ကုရ်အာန်”ကို ပယ်ရာ ရောက်သည်။
 
 
 
“ကုရ်အာန်” နှင့် “ဟဒီဆ်”  -  (၂)ခုလုံးကို လက်ခံရမည်
 
 
 
မိရှ်ကာသ်ကျမ်း၊ ဟဒီဆ်အမှတ် (၁၅၅)
----------------------------------------
 
သာဝကကြီး မိက်ဒါမ်အိဗ်နုမအ်ဒီကရိဗ်(ရ)ထံမှတစ်ဆင့် ကြားသိရ၏။ ထိုသာဝကကြီးကပြောပြ၏။ တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူခဲ့သည်မှာ-
“သတိပြုကြကုန်။ ကျွန်ုပ်သည် “ကုရ်အာန်”ကျမ်းမြတ်ကို ချီးမြှင့်ခြင်းခံရသည်။ ၄င်းပြင် ထို “ကုရ်အာန်”ကျမ်းမြတ်နှင့်အတူ ထို“ကုရ်အာန်”ကဲ့သို့သော (သြ၀ါဒတော်များ)ကိုလည်း ချီးမြှင့်ခြင်းခံရသည်။ သတိပြုကြကုန်။မကြာမီအတွင်း ၀မ်းဗိုက်ပြည့်နေသော ပုဂ္ဂိုလ်တစ်ဦးသည် မိမိ၏သလွန်ပေါ်၌ထိုင်ကာ -“အသင်တို့အပေါ်၌ ဤ“ကုရ်အာန်”ကိုသာ လက်ခံရန် တာဝန်ရှိသည်။ ထို “ကုရ်အာန်” ကျမ်းမြတ်တွင် “ဟလာလ်”ဟူ၍တွေ့ရှိသော အရာများကို “ဟလာလ်” ဟူ၍မှတ်ယူကြကုန်။ ထိုကျမ်းမြတ်တွင် “ဟရာမ်” ဟူ၍ တွေ့ရှိသော အရာများကို “ဟရာမ်”ဟူ၍  မှတ်ယူကြကုန်”ဟု ပြောဆိုအံ့။
(တမန်တော်မြတ်(ဆွ)က ဆက်လက် မိန့်ကြားတော်မူသည်မှာ) “အမှန်သော်ကား - အလ္လာဟ်အရှင်မြတ်၏ တမန်တော်က “ဟရာမ်”ဟူ၍ ပညတ်သော အရာသည်လည်း အလ္လာဟ်အရှင်မြတ်က “ဟရာမ်”ဟူ၍ ပညတ်ထားသော အရာကဲ့သို့ပင် ဖြစ်သည်။ သတိပြုကြကုန်။ အသင်တို့အဖို့ အိမ်နေ “မြည်း” သတ္တ၀ါသည် လည်းကောင်း၊ သားရဲတိရစ္ဆာန်များအနက် အစွယ်ပါသော တိရစ္ဆာန် များသည်လည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသူ၏ ကျပျောက်သော ပစ္စည်းသည်လည်းကောင်း မစားသုံးပိုင်၊ သို့ရာတွင် အကယ်၍ ထိုပစ္စည်း ရှင်သည် ထိုပစ္စည်းကို ဂရုမမူသည်ရှိသော် (စားသုံး ပိုင်သည်)။(၁) 
အကြင်သူတစ်ဦးသည် လူမျိုးတစ်မျိုးထံသို့ ၀င်ရောက်တည်းခိုသည်ရှိသော် ထိုအမျိုးသားများအပေါ်၌ ထိုပုဂ္ဂိုလ်အား ဧည့်ခံကျွေးမွေးရန်တာဝန်ရှိသည်။ 
အကယ်၍ ထိုအမျိုးသားများက ထိုပုဂ္ဂိုလ်အား ဧည့်ခံမကျွေးမွေးကြလျှင် ထို ပုဂ္ဂိုလ်အဖို့ ယင်းအမျိုးသားများထံမှ မိမိအတွက်  မိမိဧည့်စရိတ်ကို ရယူပိုင် ခွင့်ရှိသည်။(၂)
 
(ဤကျမ်းချက်ကို အဗူဒါဝူဒ်က ဟောကြားသည်၊ ၄င်းနောက် ထို့အတူ ဒါရိမီကလည်း ဟောကြားသည်။ ထို့အတူ အိဗ်နုမာဂျဟ် ကလည်း 
“အလ္လာဟ်အရှင်မြတ်က “ဟရာမ်”ဟူ၍ ပညတ်ထားတော်မူသောအရာကဲ့သို့”အထိ ဟောကြားသည်။)
 
 
ရှင်းလင်းချက်
 
 
(၁) ဤသြ၀ါဒတော်တွင် တမန်တော်မြတ်(ဆွ)သည် ကုရ်အာန်၌မပါ၊ ဟဒီဆ်တော်၌သာပါရှိသောအချို့ အမိန့်ပညတ်များကို သာဓကအဖြစ် 
ထုတ်ဖော်မိန့်ဆိုထားတော်မူသည်။ ဥပမာ- အိမ်နေ“မြည်း”သည် မစားသုံးပိုင်၊ တောနေ“မြည်း”သည် စားသုံးပိုင်သည်။ အစွယ်ဖြင့် ဖမ်းဆီးကိုက်ဖြဲ စားသုံးလေ့ရှိသော ကျား၊ ခြင်္သေ့ စသည့် သားရဲတိရစ္ဆာန်များသည် မစားသုံးပိုင်။ အေးချမ်းစွာနေထိုင်ရန် ပဋိညာဉ်စာချုပ်-ချုပ်ဆိုထားသော ဘာသာခြား မဟာမိတ်တစ်ဦး၏ ကျပျောက်သော ပစ္စည်းသည်လည်း မစားသုံးပိုင်၊ သို့ရာတွင် ယင်းသည့် ကျပျောက်သော ပစ္စည်းသည် အဖိုးမတန်သော သာမန် ပစ္စည်းဖြစ်ပါက ဥစ္စာရှင်ကလည်း ထိုပစ္စည်းကို ဂရုမမူပါက ထိုသို့သော သာမန်ပစ္စည်းကိုမူ စားသုံးပိုင်သည်။
 
 
 
(၂) မိမိတို့အရပ်သို့ ဧည့်သည့် အာဂန္တု တစ်ဦးရောက်ရှိလာပါက- ထိုဧည့်သည်အား ဧည့်ခံကျွေးမွေးရမည်။ ဤသည် “ဖရဒွ်” မဟုတ်။ “မွတ်စ်သဟဗ်” ဖြစ်သည်။ ဧည့်သည်တစ်ဦးသည် -ဆာလောင်မွတ်သိပ်၍ မချိမဆန့်ဖြစ်နေသော် စားသောက်ဖွယ်ရာ တစ်စုံတစ်ရာ မရရှိပါက အသက်အန္တရာယ် ဖြစ်မည်ကို စိုးရိမ်ရသော် ထိုသို့သော ဧည့်သည် သည် -မိမိ၏ အသက်ဘေးကို ကာကွယ်နိုင်ရန်အတွက် မိမိအား ဧည့်ခံကျွေးမွေး အပ်သည့် အာဟာရကို သက်ဆိုင်ရာ အရပ်သားများထံမှ ရယူပိုင်ခွင့် ရှိသည်။ အချို့က -ဤအမိန့်သည် “မန်စူခ်” ပလပ်သွားပြီဟုလည်း ဆိုကြသည်။
(ကြည့် - မိရ်ကာသ်)
 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သီရိပျံချီ အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ် ပြန်ဆိုရေးသားသော တမန်တော်မြတ်(ဆွ)၏သြ၀ါဒတော်(မိရှ်ကာသ်ကျမ်း)(ပထမတွဲ)မှ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬