THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ကံချွန်ရဲ့ အလေးအနက် စဉ်းစား နားလည် လိုက်နာရမယ့် စကားအဓိပ္ပာယ်

 

ကံချွန်ရဲ့ အလေးအနက် စဉ်းစား နားလည် လိုက်နာရမယ့် စကားအဓိပ္ပာယ်

ပထမဆုံးပြောချင်တာက ဘယ်သူနဲ့မှ အငြင်းပွားချင်လို့ ဒီစာရေးတာ မဟုတ်ပါဘူး။

 

 

ဒုတိယပြောချင်တာက တမန်တော်မြတ်ရဲ့ အတ္ထုပတ္တိကို ငယ်စဉ်ကတည်းက သိတတ်တဲ့အရွယ် လွန်လာထိ အကြိမ်ပေါင်းများစွာ ကြားခဲ့ရဖူးပါတယ်။

ဒါပေမယ့် တမန်တော်မြတ်ပြောတဲ့ စကားတွေကို အလေးပေးပြီး ဟောပြောတာမျိုးတော့ မကြုံရသလောက်ပါပဲ။ ကျွန်တော့ ၀န်းကျင်မှာ ပြောတာပါ။

တမန်တော်မြတ်ရဲ့စကားတွေကို စာအုပ်တွေမှာ ရှာဖွေပြန်တော့လည်း ကိုးကွယ်ယုံကြည်မှု အပိုင်းအတွက် ဟောပြောချက်တွေသာ အတွေ့ရများပါတယ်။

ကံချွန်က အရဗီလို မဖတ်နိုင်လို့ မြန်မာလို ပြန်ဆိုထားတာတွေကို လိုက်ရှာ ဖတ်တာပါ။ ကံချွန်စိတ်ဝင်စားတာက လူမှုရေးနဲ့ ပတ်သက်တာတွေကပါ။

  အဲဒီလို လူမှုရေးနဲ့ ပတ်သက်တဲ့ အဆိုအမိန့်တွေကိုတော့ အလ်ဟာဂ်ျ ယူစွဖ် ခင်မောင်သက်(မန္တလေး)နဲ့ ဆရာ ၀ါးခယ်မ မောင်မင်းနိုင်တို့ရဲ့

ကျေးဇူးကြောင့် အတော်များများ သိခွင့်ရခဲ့ပါတယ်။ တကယ်တော့ ကံချွန် သိတယ်ဆိုတာ အများကြီး မဟုတ်ပါဘူး။ နည်းနည်းလေးပါ။

 -

အဲဒီ နည်းနည်းလေးကတော့...

-

ဝေနေယျခပ်သိမ်းသည် အလ္လာဟ်၏အိမ်ထောင်စုဝင်များသာဖြစ်သည်။

ဝေနေယျခပ်သိမ်းအပေါ်အကျိုးပြုဆုံးသူကို အလ္လာဟ်က အချစ်ဆုံးဖြစ်အံ့။

 

ရှုပ်ထွေးတဲ့ စကားလုံးတစ်လုံးမှ မပါပါဘူး။

လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ၊ အလွှာနိမ့်မြင့်မရွေး အတွက် စေတနာထားပြီး အကျိုးပြုတဲ့ လုပ်ငန်းတွေ

မင်းဘယ်လောက်လုပ်ပြီးပြီလဲလို့ ကျွန်တော့ကိုယ် ကျွန်တော် မေးကြည့်ပါတယ်။

အလွန်မွန်မြတ်ကြီးကျယ်တဲ့ အများအတွက် အလုပ်ကို တတ်နိုင်သလောက် လုပ်နိုင်သလောက်

လုပ်ခွင့်ကြုံတိုင်းလုပ်ခြင်းဟာ တမန်တော်မြတ်ရဲ့ စကားနားထောင်ခြင်းပဲပေါ့။

-

ဆင်ခြင်တုံတရားထက်ပိုပြီး ကောင်းမွန်ရာဟူ၍ ဘာကိုမျှ ဖန်ဆင်းခဲ့ခြင်းမရှိ။

-

ကျွန်တော်တို့အတွက် အကောင်းဆုံးပါလို့ အသိပေးထားတဲ့ ဆင်ခြင်တုံတရားကိုရော

ကျွန်တော် တို့ ဘယ်လောက်များ အလေးထား လက်ခံကျင့်သုံးကြပါသလဲ။

အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုတာနဲ့ လုပ်သင့် မလုပ်သင့်၊ မှားသလား မှန်သလား၊

စဉ်းစား ဝေဖန်ပိုင်းခြားမှု လုပ်ကြပါသလား။

-

လူသားကို ကူညီတာ၊ အလ္လာဟ်ကို ကူညီတာ ဖြစ်တယ်။

-

ထပ်ပြီးရှင်းပြဖို့ မလိုလောက်အောင်ကိုရှင်းနေတဲ့စကားပါ။

ကျွန်တော် HIVပိုးရှိနေတဲ့ AIDSရောဂါ ရထားတဲ့ လူတွေကို ကျွန်တော်နဲ့ စကားပြောစဉ် ခဏပဲဖြစ်ဖြစ်

သူတို့ခံစားနေရတဲ့ စိတ်မချမ်းသာမှုကို မေ့နေအောင် ဟာသတွေပြောဖူးတယ်။

စိတ်ဝင်စားစရာ ဇာတ်လမ်းတွေပြောဖူးတယ်။

ခြေတု၊ လက်တုတပ် ရမယ့် ချိုင်းထောက်လို ဘီးတပ်ထိုင်ခံလို ရှိနေမှ ရွေ့လျားနိုင်တဲ့

မသန်စွမ်းတွေကို စိတ်ဓာတ်မြင့်တင်ပေးတဲ့ ဟောပြောပွဲလုပ်ဖူးတယ်။

 ဆွံ့အနားမကြားကလေးတွေကို (သူတို့ရဲ့ ဆရာမက စကားပြန်လုပ်ပြီး) ဟော ပြောဖူးတယ်။

 ခုလိုရေးပြလို့ ကြွားတယ်မထင်လိုက်ပါနဲ့ဦး။

ကျွန်တော်ဟောပြောတာက တစ်နာရီ၊ နှစ်နာရီ ဆိုသလိုပါ။

သူတို့အတွက် နှစ်နဲ့ချီပြီး ပြုစုစောင့်ရှောက်ကူညီနေသူတွေရဲ့

စိတ်ဓာတ်ဟာ ဘယ်လောက်လေး စားဖို့ကောင်းသလဲ။

တကယ်တော့ ကျွန်တော်တို့ကို ခိုင်းထားတဲ့ အလုပ်ပါ။

တကယ်လုပ်နေတာက အခြား ဘာသာဝင်တွေ။

ဒါကို ရိုးရိုးမြင်ပြီး အမှန်အတိုင်း လက်ခံဖို့လိုပါတယ်။ ကျွန်တော်ရဲ့ ကိုယ်တွေ့ပါ။

-

သည်းခံတရား မပြသူသည် ယုံကြည်ချက်မရှိပြီ။

-

ကျွန်တော်တို့ ဘယ်လောက်သည်းခံနိုင်သလဲ။

သည်းခံနိုင်တာကိုက ကျွန်တော်တို့ဟာ တမန်တော် ရဲ့ဆန္ဒ၊ အဆုံးအမကို လိုက်နာခြင်း မဟုတ်လား။

-

အလ္လာဟ်အရှင်မြတ် အမုန်းဆုံးသူသည် ခိုက်ရန်ဖြစ်ပွားသူဖြစ်၏။

-

ဒေါသကို ချုပ်တီးနိုင်မှ သည်းခံခြင်းကို ကျင့်သုံးနိုင်မှာပါ။

 ခိုက်ရန်ဖြစ်ပွားခြင်းဆိုတာ ဒေါသအပေါ်မှာ အခြေခံတာပဲ။ စဉ်းစားကြပါ။

-

မုသားပြောရင် ငါ့နောက်လိုက် မဟုတ်ဘူး။

-

မှန်သောစကားကို ပြောကြရဲ့လား။

ကိုယ့်နှုတ်က ထွက်တဲ့စကားကြောင့် တမန်တော်နဲ့ ဝေးသွား နိုင်တာ သေချာနေပြီ။

မှန်သောစကားကိုသာ ပြောကြပါရဲ့လား။

စီးပွားရေး၊ လူမှုရေး၊ မိသားစုရေးစတဲ့ စတဲ့ အရေးတွေမှာ ရိုးရိုးသားသားနဲ့ အမှန်အတိုင်းပြောဖို့လိုနေပါပြီ။

မုသားတွေပြောတယ်၊ မပြောဘူးဆို တာ ကိုယ့်ကိုယ်တိုင် အသိဆုံးပါ။

 ပြောမိရင်တော့ အမှားဝန်ခံပြီး နောက်ထပ် မပြောကြပါနဲ့တော့။

-

မိမိပတ်ဝန်းကျင်ကို ဒုက္ခပေးသူသည် စစ်မှန်သော မွတ်စ်လင်မ်မဖြစ်နိုင်။

-

ကျွန်တော်အမြဲသတိထားပါတယ်။

ပတ်ဝန်းကျင်ကို ဒုက္ခပေးတယ်ဆိုတာ တုတ်ဆွဲ၊ဓားဆွဲရမ်းကားနေမှ မဟုတ်ပါဘူး။

ဘေးအိမ်က ကလေးတွေ စာမေးပွဲနီးလို့ စာကျက်နေတုန်းမှာ ကိုယ့်အိမ်က

ကတ်စက် အကျယ်ကြီးဖွင့်ရင် ဒါအသံနဲ့ ဒုက္ခပေးတာပဲ။ သီချင်းဖွင့်မှ မဟုတ်ပါဘူး။

တရားခွေဖွင့်ဦးတော့ ဘေးအိမ်က ဘာသာကွဲဖြစ်နေရင် အသံကို တတ်နိုင်သမျှ လျှော့ထားရမှာပေါ့။

အနံ့စူးစူးဝါးဝါးပြင်းပြင်းထန်ထန်တွေကို ကိုယ့်ကြောင့် မထွက်စေသင့်ပါဘူး။

ညှော်ကြော်တာပဲ ဖြစ်ဖြစ်၊ အမှိုက်မီးရှို့တာပဲဖြစ်ဖြစ်။အသံကြောင့်၊ အနံ့ကြောင့်

ပတ်ဝန်းကျင်ဒုက္ခမပေးမိအောင် ထိန်းသိမ်းနည်းမျိုး၊ အမြင်အာရုံအရလည်း ဒုက္ခမပေးမိအောင် ဆင်ခြင်ရပါမယ်။

အ၀တ်အစား၊အသွားအလာ၊အပြုအမူအားလုံးကိုဆင်ခြင်ရမှာပါ။

 အကြားအာရုံ၊ အမြင်အာရုံ၊ အနံ့အာရုံတွေဟာ ပတ်ဝန်းကျင်ကို အများဆုံးဒုက္ခပေးမိနိုင်တဲ့အရာတွေပါ။

အသံချဲ့စက်အသုံးပြုမယ်ဆိုရင် အလွန် သတိထားသင့်ပါတယ်။

မသက်ဆိုင်သူတွေအတွက် အများဆုံး အနှောင့်အယှက်ဖြစ်နိုင်လို့ပါ။

-

အိမ်နီးနားချင်းတွေကို စိတ်မချမ်းသာအောင် စိတ်ဒုက္ခရောက်အောင် လုပ်နေရင် ဂျန္နသ်ဝင်ရမယ် မဟုတ်ဘူး။

-

ဆင်ခြင်ဖြစ်ရဲ့လား၊ စဉ်းစားပါ။

ကိုယ့်အိမ်ရှေ့ကိုယ်လှဲတာဆိုပြီး ဖုံတထောင်းထောင်းထအောင် တံမြက်စီးလှဲလို့

ဘေးနားက ဖွင့်ထားတဲ့ အသုတ်စုံဆိုင် ဒုက္ခရောက်ရတာမျိုး၊

ကိုယ့်အိမ်ကထွက်တဲ့အမှိုက် ကျွတ်ကျွတ်အိတ်နဲ့ ထုတ်ပြီး သူများအိမ်ရှေ့ပစ်တာမျိုး၊

ဘယ်လိုလုပ်ပြီး ဂျန္နသ်ကို မျှော်လင့်လို့ရပါဦးမလဲ။

-

သန့်ရှင်းစွာ နေထိုင်တာ အီမာန်ရဲ့ တစ်ဝက်

-

တကယ်ပဲ သန့်ရှင်းစွာ နေထိုင်ရဲ့လား။

ကိုယ့်အိမ်ထဲ ညစ်ပတ်ရတာ အားမရလို့ မီးဖိုချောင်က ထွက်တဲ့ ကြက်သွန်ခွံ၊ ဘဲဥခွံ၊ ဆန်ဆေးရေ

စတာတွေကို အများသွားတဲ့ လမ်းပေါ် ပက်တာမျိုး။

ကိုယ့်အိမ် မွေးထားတဲ့ နွား လမ်းပေါ်တက်ချီထားလို့ အများသွားတဲ့လမ်း ညစ်ပတ်နေတာမျိုး

စာဖတ်သူကိုယ်တိုင် တွေ့ဖူး ကြုံဖူးမှာပါ။

အိမ်တိုင်းကသာ ကိုယ့်အိမ်ရှေ့ သန့်ရှင်းအောင် လုပ်ပါ။

တစ်ရပ်ကွက်လုံး သန့်ရှင်းသွားမှာပါ။

မသန့်ရှင်းရင် တမန်တော်မြတ်ရဲ့ စကားမလိုက်နာတာပဲ။

-

ဇွဲ၊ လုံ့လ၊ ၀ီရိယရှိခြင်း၏ ရလဒ်သည် ဘ၀ရပ်တည်မှု၏ ထက်ဝက်ကို ပြီးမြောက်စေရာ၏။

-

ကျွန်တော်တို့ကို ကြိုးစားဖို့ခိုင်းထားတယ်။

ကျွန်တော်တို့ကြိုးစားရဲ့လား။

-

ပုံပြင်လေးတစ်ပုဒ်ပြောပြ ချင်ပါတယ်။

အာဖရိကမှာ မနက်လင်းလို့ နိုးထလာတာနဲ့ ‘ဒရယ်ဟာ ခြင်္သေ့ တစ်ကောင်ထက်

မြန်အောင် ပြေးနိုင်ဖို့ လေ့ကျင့်ရပါသတဲ့။ ကြိုးစားရပါသတဲ့။

ဒါမှသူဟာ အသက်ရှင်ရပ်တည်နေနိုင်မှာဖြစ်ပါတယ်။

 အဲသလိုပါပဲ။ အာဖရိကမှာ မနက်လင်းလို့ နိုးထလာတဲ့ ခြင်္သေ့ဟာ ဒရယ်တစ်ကောင်ထက်

မြန်အောင်ပြေးနိုင်ဖို့ ကြိုးစားလေ့ကျင့်ရပါတယ်။

ဒါမှ သူဟာ ဒရယ်ကို ဖမ်းစားနိုင်မှာဖြစ်ပြီး အသက်ရှင်ရပ်တည်နိုင်မှာပါ။

-

ဒါကြောင့် ကျွန်တော်တို့ဟာ ဒရယ်နေရာမှာပဲ ရှိရှိ၊ ခြင်္သေ့နေရာမှာပဲ ရှိရှိ မကြိုးစားချင်လို့ မရပါဘူး။

 မကြိုးစားရင် အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် မရေရာပါဘူး။

-

တမန်တော်မြတ်ကို နှစ်ဘ၀သခင်ကျေးဇူးရှင်ဆိုပြီး အလေးအမြတ်ပြုထားတာကို မေ့လို့မရပါဘူး။

အသက်ရှင်နေစဉ် လောကကြီးမှာ ခဏနေရတုန်းအတွက်လည်း နေထိုင်၊ လိုက်နာ၊ ကျင့်ကြံရမယ့်

လူမှုရေး ကျင့်ဝတ်တွေ လိုလေသေးမရှိအောင် ပြောထားခဲ့ပါတယ်။

လက်ရှိဘ၀အတွက် တမန်တော်ပြောကြားခဲ့တဲ့ အဆိုအမိန့်တွေ အများကြီးပါ။

မသိသင့်ဘူးလား။ မလိုက်နာသင့်ဘူးလား။ (သိရမယ်၊ လိုက်နာရမယ်။)

-

ခု ကျွန်တော် တင်ပြဆွေးနွေးခဲ့တာ စကားဆယ်ခွန်းတည်းပဲရှိပါသေးတယ်။

ကျွန်တော့ ခံယူချက်က  အခွန်းတစ်ထောင်သိပြီး သုံးခွန်းပြည့်အောင်မှ တိတိကျကျ မလိုက်နာသူထက်က

ဆယ်ခွန်းသာသိပေမယ့် ငါးခွန်းပဲ လိုက်နိုင်ဦးတော့ အခွန်းတစ်ထောင်သိသူထက်သာတယ်လို့ ယုံကြည်ပါတယ်။

ပြောရမယ်၊ဆွေးနွေး ရမယ်ဆိုရင်တော့ ပြောစရာတွေ ဆွေးနွေးစရာတွေ အများကြီးပါပဲ။

ဒါပေမယ့် ဒီဆယ်ခွန်းလောက်ကိုပဲ ကျွန်တော်တို့ တိတိကျကျ ကြိုးစားလိုက်နာကျင့်သုံးကြရအောင်။

ပထမဆင့်ဆိုပါတော့။

-

ကံချွန်

-

(၁၄၈၅ - တမန်တော်နေ့အထိမ်းအမှတ်မဂဇင်းမှ)