THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ကမ္ဘာအေးတရား (၁၂-၁၂-၁၉၅၁) မြန်မာ့အသံရေဒီယိုမှ အသံလွှင့်ဟောကြားသောတရားတော်

    

 

ကမ္ဘာအးတရား

                                                                              

ကမ္ဘာ့ရာဇ၀င်ကို ပြန်လည်သုံးသပ်ကြည့်လျှင် ခေတ်တိုင်း၊ နယ်တိုင်းနှင့် လူမျိုးတိုင်းတွင်(prophets)တမန်တော်များပွင့်ပေါ်ခဲ့ကြတယ်။ အသီးသီး ပရိယတ္တိကျမ်းများယူဆောင်လာခဲ့ကြတယ်။ ကမ္ဘာသူကမ္ဘာသားများအား အလွန်ယဉ်ကျေးချိုအေးတဲ့ တရားရေအေး အမြိုက်ဆေး တိုက်ကြွေး ခဲ့ကြတယ်။

 ယခင်နှစ်ပေါင်း(၁၃၀၀ )ကျော်က အရေးဗီးယားတိုင်းပြည်တွင် တမန်တော်များ၏အချုပ်၊ တမန်တော်များ၏ ထွပ်ထိပ်ဖြစ်သော တမန်တော် မုဟမ္မဒ်သခင်ပွင့်တော်မူခဲ့တယ်။ ပရိယတ္တိကျမ်းဂန်များ၏အမိဖြစ်သော ကုရ်အာန်ကျမ်းမြတ်ကို ယူဆောင်လာပြီး ကမ္ဘာ့လူထုကြီးတစ်ရပ်လုံးအား ဤသို့ကြွေးကြော်ခဲ့တယ်။

“ကျွန်ုပ်သည် အသင်တို့ ကမ္ဘာသူ ကမ္ဘာသားအားလုံး အတွက် ပွင့်လာသော အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်။”

 

အသင်တို့ထံ အသင်တို့၏အမျိုးသားဖြစ်သော တမန်တော် တစ်ပါး ရောက်လာပြီး

ထိုတမန်တော်သည် အသင်တို့ ဆင်းရဲ ကြီးစွာ ခံရမည့် အရေးကိုတွေးပြီး စိတ်မအေး ရင်လေးတော်မူရှာတယ်။ 

ထို တမန်တော်သည် အသင်တို့၏ အကျိုးကိုသာ အထူးလိုလားတောင့်တတော်မူတယ်။ 

ထိုတမန်တော်သည် ယုံကြည်ခြင်းသဒ္ဓါတရားရှိသောမုအ်မင်န်များအား သာပို၍ပင် သနားကြင်နာတော်မူတယ်။                               

(ကုရ်အာန် ၉း၁၂၈)

 

တမန်တော် မုဟမ္မဒ်သခင်သည် စကြ၀ဠာကြီးကို ဤသို့ မြင်သည်။

 

“ဝေနေယျသတ္တ၀ါအားလုံးတို့သည်  အလ္လာဟ်အရှင်မြတ်၏ အိမ်ထောင်စုကြီးတစ်ခုဖြစ်သည်”

 

ဒီအမိန့်တော်အရဆိုလျှင် ဒီမိုး-ဒို့မိုး ၊ ဒီမြေ -ဒို့မြေ ၊ ဒီကမ္ဘာ- ဒို့ကမ္ဘာ၊ ကမ္ဘာ့လူထု- ဒို့လူထု၊ ကမ္ဘာ့အရေး - ဒို့အရေး ဖြစ်နေသည်မှာ ထင်ရှားပါတယ်။

ကမ္ဘာ့အိမ်ထောင်စုကြီးကို သာယာဝပြောအောင် ပြုလုပ်ခြင်းဟာ ကမ္ဘာ့အိမ်ထောင်သားများ၏တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်စုသားတိုင်း မိမိတို့တာဝန်များကို ဝေပုံကျ ထမ်းဆောင်ရပါမယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး တမန်တော် မုဟမ္မဒ်က အတိအလင်း မိန့်တော်မူခဲ့ပါတယ်။

 

“လူတိုင်း လူတိုင်းသည် မင်းလုပ်အုပ်ချုပ်ရမည့် အာဏာပိုင်များ ဖြစ်တယ်။

လူတိုင်း လူတိုင်းသည် မိမိ၏တာဝန် ၀တ္တရားများနှင့် ပတ်သက်ပြီး အမေးအမြန်းခံရမည့်တာဝန်ခံလည်းဖြစ်တယ်”

 

တာဝန်ကျေပွန်သည်နှင့်အမျှ ကမ္ဘာတွင်ငြိမ်းချမ်းမှုရရှိမယ်။ တာဝန် ပျက်ကွက်သည်နှင့်အမျှ ကမ္ဘာတွင် ဆူပူမှုဖြစ်မယ်။ ဒါဟာ လက်တွေ့ပဲ။

 

ပထမအနီးဆုံး(ကမ္ဘာ့အမျိုးသမီးများ)

 ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိတို့နှင့် (ပထမ) အနီးဆုံးနှင့် အရင်းနှီးဆုံးဟာ ကမ္ဘာ့အမျိုးသမီးများဖြစ်ကြတယ်။ ကမ္ဘာ့ငြိမ်းချမ်းမှုနှင့် သာယာမှုကို ဖန်တီးမည့် ကမ္ဘာ့အာဇာနည်သူရဲကောင်းများကို လက်ပူးလက်ကျပ် ပြုစုပျိုးထောင်ပေးလိုက်သူများမှာ ဒီအမျိုးသမီးများပင်ဖြစ်တယ်။ ဒါကြောင့် တမန်တော် မုဟမ္မဒ် သခင်က မိန့် တော်မူခဲ့တယ်။

“မိမိတို့ အိမ်သူများအပေါ် ကောင်းသူမှ လူကောင်း ၊  ကျွန်ုပ်သည် မိမိအိမ်သူများအပေါ် အကောင်းဆုံးဖြစ်တယ်”

“အသင်တို့သည် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်အားကြောက်ကြကုန်လော့”

“ဂျန္နသ်သည် မိခင်များ၏ ဖ၀ါးများအောက်၌ရှိသည်”

ဒါအမျိုးသမီးများ၏ အခွင့်အရေးနှင့်အဆင့်အတန်းကို မြှင့်တင်ပေးခြင်းပဲ။

 

ဒုတိယအနီးဆုံး (အိမ်နီးနားချင်းများ)

 ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိတို့နှင့်ဒုတိယအနီးဆုံးသောသူများဟာ အိမ်နီးနားချင်းများဖြစ်ကြတယ်။ အိမ်နီးနားချင်းများနှင့် အဆင်မပြေသည်နှင့်အမျှ မိမိ အိမ်တွင်လည်း သာယာမှုမဖြစ်နိုင်။ ဒါကြောင့် တမန်တော်မုဟမ္မဒ်သခင်သည် ကျမ်းသစ္စာ သုံးကြိမ် တိတိ ကျိန်ဆိုပြီး တိတိလင်းလင်းမိန့်တော်မူခဲ့တယ်။

 

“အလ္လာဟ်အား တိုင်တည် ပြောဆိုအံ့။ မိမိ အိမ်နီးနားချင်းကို ဒုက္ခပေးသောသူသည် (မုအ်မင်န်) မဟုတ်”

 

တတိယအနီးဆုံး (ဆင်းရဲသားများ)     

ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိနှင့်တတိယအနီးဆုံးသော သူများဟာ ဆင်းရဲသူဆင်းရဲသား လက်လုပ်လက်စားများဖြစ်ကြတယ်။ ဆင်းရဲသားများဟာ ကမ္ဘာ့ အိမ်ထောင်စုကြီးတွင် လူများစုဖြစ်ကြပြန်ရာ သူတို့၏ ပြဿနာသည် အကြီးဆုံးပြဿနာပင်ဖြစ်တယ်။ ဒါကြောင့် တမန်တော် မုဟမ္မဒ်သည် ဆင်းရဲသား များ၏ အရေးကို အများဆုံးအားပေးပြီး မိန့်တော်မူခဲ့တယ်။

“ဆင်းရဲမှုသည် ကျွန်ုပ်၏ ဂုဏ်ဒြပ်ဘဲ”

“လုပ်သားအား ချွေးမခြောက်မီ လုပ်ခပေးပါ ”

“ဓနရှင်များ၏ ဓနစည်းစိမ်သည် ဆင်းရဲသားများ၏ ကျေးဇူးပဲ”

“အို- အလ္လာဟ်အရှင်၊ ကျွန်တော်မျိုးသည် ဆင်းရဲသားများနှင့် အတူနေပါရစေ။

ဆင်းရဲသားများနှင့်အတူ သေပါရစေ။ ဆင်းရဲသားများနှင့်အတူ ထပါရစေ”ဟု

တမန်တော်မုဟမ္မဒ်သခင်က အရှင့်ထံဆုများပန် သွားရှာတော်မူခဲ့တယ်။

 

စတုတ္ထအနီးဆုံး (တိရစ္ဆာန်များ)     

ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိတို့နှင့် စတုတ္ထအနီးဆုံးဟာ တိရစ္ဆာန်များဖြစ်ကြတယ်။ တိရစ္ဆာန်တွေမရှိလျှင် ကမ္ဘာ့အိမ်ထောင်စုကြီး ဒုက္ခကြီးငယ် ဆိုက် ရောက်မှာကို အထူးပြောစရာမလိုပါ။ ဒါကြောင့် - 

“တိရစ္ဆာန်များကို အစာငတ်ချီမထားပါနှင့်”

“တိရစ္ဆာန်များ၏ ကျောကုန်းများကို မိမိတို့၏ ထိုင်ရာ နေရာများပြုလုပ်ပြီး မထားကြနှင့်”

“တိရစ္ဆာန်အချင်းချင်း မတိုက်ကြနှင့်”၊     

“ငှက်သိုက်မှ ငှက်ကလေးများကို မဖမ်းကြနှင့်”

“ငှက်သိုက်မှ ငှက်ဥများကို မယူကြနှင့်”

“စာနာခြင်းတရား အမြဲထားကြပါ ”ဟု

တမန်တော် မုဟမ္မဒ်မှာကြားတော်မူခဲ့တယ်။

 

ကမ္ဘာ့သာယာမှုအတွက် အရေးကြီးသော စီးပွားရေး 

  ကမ္ဘာ့သာယာမှုမှာ စီးပွားရေးဟာ အရေးကြီးသော အချက် တစ်ချက်ဖြစ်တယ်။ စီးပွားရေး မကောင်းသည်နှင့်အမျှ သာယာမှု မဖြစ်နိုင်ဘူး။  ဒါကြောင့် တမန်တော် မိန့်တော်မူခဲ့တယ်။

“တရားသဖြင့်စီးပွားရှာခြင်းဟာ ဖရဒွ် တာဝန်များနောက် ဖရဒ်ွတာဝန်တစ်ရပ်ပင်ဖြစ်တယ်”

“ကျွန်ုပ်အသင်တို့ကို မှာကြားခဲ့မယ်။ ကုန်သည်များနှင့် ကောင်းမွန်စွာဆက်ဆံကြ၊၊

ကုန်သည်များဟာ ကမ္ဘာရဲ့သုခကို ဆောင်သူများဖြစ်ကြတယ်။

ကုန်သည်များဟာ  ကမ္ဘာမြေပြင်မှာ အလ္လာဟ်အရှင့်သစ္စာတော်ထိန်းများဖြစ်ကြတယ်”

 

ကမ္ဘာ့သာယာမှုအတွက် အရေးကြီးသော ပညာရေး 

ကမ္ဘာ့သာယာမှုမှာ ပညာရေးဟာ အရေးကြီးဆုံး ပြဿနာ တစ်ရပ် ဖြစ်နေပြန်ရာ တမန်တော်မြတ်မုဟမ္မဒ်သခင်က “ပညာမသင်မနေရဥပဒေ”ကို

ထုတ်ပြန်ကြေညာတော်မူခဲ့တယ်။   

 

“ပုခက်တွင်းမှ သင်္ချိုင်းသို့တိုင် ပညာဆည်းပူးကြပါ”

“ပညာရှင်တစ်ဦး၏ အိပ်စက်နေခြင်းဟာ ပညာမဲ့တစ်ယောက်၏

ခ၀ပ်ပူဇော်ခြင်းထက် မြတ်တယ်”ဟု တမန်တော်က မိန့်တော်မူခဲ့တယ်။

 

ကမ္ဘာ့သာယာမှုအတွက် အရေးကြီးသော ယဉ်ကျေးမှု 

 ကမ္ဘာ့သာယာမှုတွင် ယဉ်ကျေးမှုဟာ ဆက်ဆက်ရှိအပ်သော အချက်တစ်ရပ်ဖြစ်ပြန်ရာ-

ငယ်သူကိုမသနား၊ ကြီးသူကို မလေးစားသောသူသည် ငါ၏  အသင်းဝင်မဟုတ်”ဟု

တမန်တော်မိန့်တော်မူခဲ့တယ်။

 

ကမ္ဘာ့သာယာမှုကိုဖျက်ဆီးသည့်ပထမအချက်(လူတန်းစားခွဲခြားမှု)  

ကမ္ဘာ့သာယာမှုကို ဖျက်ဆီးရာတွင် လူတန်းစား ခွဲခြားမှုသည် ပထမအချက်ဖြစ်တယ်။ တမန်တော်သည်လူတန်းစားခွဲခြားမှုကို စက်ဆုပ် ရွံရှာသည့် အတွက် အတိအလင်းမိန့်တော်မူခဲ့တယ်။

 

“အို-လူသားတို့၊ 

အသင်တို့၏ အရှင်သည် တစ်ပါးတည်း၊

အသင်တို့၏ ဖခင်သည် တစ်ဦးတည်း၊

အရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ၊

အခြားလူမျိုးသည်လည်း အရဗ်လူမျိုးထက်မသာ၊

အနီသည် အနက်ထက်မသာ၊

အနက်သည် အနီထက်မသာ၊

အသင်တို့သည် အာဒမ် သခင်၏ သားသမီးများဖြစ်ကြသည်၊

အာဒမ်သခင်ကို အရှင်သည် မြေနှင့် ဖန်ဆင်းထားတော်မူသည်”

 

ကမ္ဘာ့သာယာမှုကိုဖျက်ဆီးသည့်ဒုတိယအချက်(ဘာသာရေးအယူသီးမှု) 

 ကမ္ဘာ့သာယာမှုကို ဖျက်ဆီးရာတွင် ဘာသာရေးအယူသီးမှုသည် ဒုတိယအချက်ဖြစ်တယ်။ ဒါကြောင့် တမန်တော် မိန့်တော်မူခဲ့တယ်။

 

“အသင်တို့ဘာသာရေးအယူသီးမှုကိုသတိကြီးစွာဖြင့်ရှောင်ရှားကြလော့၊

ဘာသာရေး အယူသီးမှုသည် ရှေးလူဟောင်းများကို ဖျက်ဆီးခဲ့ဖူးသည်”

 

 နောက်ဆုံး တမန်တော်မုဟမ္မဒ်သခင်သည် မိမိဂုဏ်ပုဒ်နှင့်အညီ ကမ္ဘာ့လူထုကြီးအား ဤသို့မှာကြားခဲ့တယ်။

“အိုကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့၊

အသင်တို့သည်တစ်ဦးနှင့် တစ်ဦးအဆက်မဖြတ်ကြနှင့်၊

တစ်ဦးနှင့်တစ်ဦး နောက်ကွယ် မပြောကြနှင့်၊ မမုန်းတီးကြနှင့်။

မနာလို ၀န်တိုသော စိတ်လည်း မထားကြနှင့်၊

အသင်တို့သည် ညီရင်းအစ်ကိုပမာချစ်ခင်ရင်းနှီးစွာပေါင်းသင်းဆက်ဆံနေထိုင်ကြ”

 

သောတရှင်အပေါင်းတို့ခင်ဗျား ၊ကြားနာတော်မူကြတဲ့အတိုင်း- 

(၁) ကမ္ဘာကြီးဟာ အိမ်ထောင်စုကြီးတစ်ခုဖြစ်ပါတယ်။ 

(၂) ကမ္ဘာ့သာယာမှုသည် လူတိုင်းလူတိုင်း၏တာဝန်ဖြစ်ပါတယ်။ 

(၃) အမျိုးသမီးများအား အခွင့်အရေး ကျပ်ပြည့်ပေးကြပါ။ 

(၄) အိမ်နီးချင်းများကို ဒုက္ခမပေးကြပါနှင့်။  

(၅) ဆင်းရဲသားများကို မစော်ကားကြပါနှင့်။  

(၆) တိရစ္ဆာန်များကို မနှိပ်စက်ကြပါနှင့်။   

(၇) တရားသဖြင့်စီးပွားရှာကြပါ။   

(၈) ပညာကို ဆည်းပူးကြပါ။    

(၉) ယဉ်ကျေးမှုကို အမြဲသတိပြုကြပါ။   

(၁၀) လူတန်းစားမခွဲခြားကြပါနှင့်။              

(၁၁) ဘာသာရေး အယူမသီးကြပါနှင့်။   

(၁၂) ညီရင်းအစ်ကိုပမာ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာရင်းရင်း နှီးနှီးပေါင်းသင်း ဆက်ဆံနေထိုင်ကြပါ။ 

 

သောတရှင်အပေါင်းတို့ခင်ဗျား  . . .    

 -    ဒါ တမန်တော် မုဟမ္မဒ်သခင်ရဲ့ ကမ္ဘာအေးတရားပါပဲ။  

-    ကမ္ဘာအေးတရားကို လက်တွေ့ ကျင့်သုံးလျှင် ဒို့ကမ္ဘာ အေးချမ်းမှာ  သေချာတယ်။      

 -    ဘေးဘယာ ဝေးကွာ၍ ဒို့ကမ္ဘာအေးချမ်းသာယာပါစေသတည်း။ 

-    တမန်တော် မုဟမ္မဒ်သခင်အပေါ်  ကောင်းချီးမင်္ဂလာအဖြာဖြာသက်ရောက်ပါစေသတည်း။

 

( ဃာဇီ  မုဟမ္မဒ်  ဟာရှင်မ် )

အထွေထွေအတွင်းရေးမှူး

ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် အိုလမာအဖွဲ့ချုပ်

(၁၉၅၁)ခုနှစ် ၊ ဒီဇင်ဘာလ ၊ ( ၁၂ ) ရက်

 

(၁၂-၁၂-၁၉၅၁)ဃာဇီ၏ (အထက်ပါ) အသံလွှင့်ဟောပြောချက်နှင့်စပ်လျဉ်း၍ 

 မြန်မာ့အလင်း သတင်းစာတွင် အောက်ပါအတိုင်း ဝေဖန်ရေးသားထားပါသည်။

 

 (၁၄-၁၂-၁၉၅၁)နေ့ထုတ် မြန်မာ့ အလင်း သတင်းစာမှ-

 

ဒီဇင်ဘာလ(၁၂)ရက်နေ့က ရန်ကုန်မြို့၌ တမန်တော်မုဟမ္မဒ်မွေးနေ့ကျင်းပကြသည်။ ထိုနေ့ညက ပြည်ထောင်စုမြန်မာနိုင်ငံအသံလွှင့်ရုံမှ မော်လ၀ီ ဆရာကြီး ဃာဇီမုဟမ္မဒ် ဟာရှင်မ်က တမန်တော် မုဟမ္မဒ်၏ သြ၀ါဒများနှင့်ပတ်သက်၍ အသံလွှင့်ပြောကြားသွားရာ မှတ်သား လောက်ပေသည်။ မွတ်စ်လင်မ်ဘာသာဝင် မဟုတ်သောသူအများ နားမလည်သေးသော အချက်များစွာတို့ကို ကြားနာလိုက်ရသဖြင့် အကျိုးရှိသည်ဟုထင်သည်။ တမန်တော်မုဟမ္မဒ်၏အဓိကသြ၀ါဒများတွင်အိမ်နီးချင်းများနှင့်သင့်တင့်စွာပေါင်းသင်းဆက်ဆံရန်၊  အမျိုးသမီး များ အဆင့်အတန်းကို မြှင့်တင် ပေးရန်၊ တိရစ္ဆာန်များအား နှိပ်စက်ညှဉ်းပမ်းခြင်းမပြုရန် စသည်ဖြင့် ကြားသိရသည်၊၊ တစ်နည်းဆိုသော် လူအချင်းချင်းမေတ္တာ၊ကရုဏာ၊မုဒိတာ တရားလက်ကိုင်ထားကြဖို့နှင့် တိရစ္ဆာန်သတ္တ၀ါများကို သတ်ဖြတ်ဖို့ဝေးစွ၊နှိပ်စက်ညှဉ်းဆဲခြင်းကိုမျှ မပြုဘဲ ရှောင်ကြဉ်ရန် ဖြစ်လေသည်။ ဤကိုယ်ကျင့်တရားများသည်အလွန်ကောင်းမြတ်လှသည်ဖြစ်ကြောင်း မည်သူမျှ ငြင်းပယ်ကြမည် မဟုတ်ပေ။ မွတ်စ်လင်မ်ဘာသာ၌ အဆီအနှစ် ပြည့်စုံလှသောအဆိုပါအချက်အလက်များသည် အခြားဘာသာကြီးများ၏ အဓိကဖြစ်သော ကိုယ်ကျင့်တရားများနှင့်ကိုက်ညီနေကြသည်မှာလည်း မည်သူမျှငြင်းကွယ်နိုင်မည်မဟုတ်ချေ။ သို့ဖြစ်၍ တစ်ကမ္ဘာလုံးတွင် ကြိမ်မီးအုံး သကဲ့သို့ဖြစ်နေကြစဉ် ကမ္ဘာ့ဘာသာကြီးများမှ ခေါင်းဆောင်များသည် ကမ္ဘာကိုလှည့်လည်ကာဗြဟ္မာဝိဟာရ တရားများကို  လူမျိုးအားလုံး နားလည် လွယ်သောနည်းအားဖြင့်ဟောပြောကြမည်ဆိုလျှင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အထင်အမြင်လွဲမှားမှု၊ မယုံသင်္ကာမှု၊ မေတ္တာတရား ကင်းမဲ့မှုစသော ဒုစရိုက်များကင်းစင်ပပျောက်ဖွယ်ရှိလိမ့်မည်။ ကာယကံ၊ ၀စီကံ၊ မနောကံ ဒုစရိုက်များ ကင်းစင်ပပျောက်ကြသည်နှင့်အမျှ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ တစ်ဘာသာနှင့် တစ်ဘာသာ ပိုမို သိနားလည်ကြပြီးလျှင်ကရုဏာစိတ်များ ကိန်းဝပ်ကာ ငြိမ်းချမ်းရေးအစစ် ရရှိလိမ့်မည် ဟုမျှော်လင့်ရပေသည်။

 (၁၄-၁၂-၁၉၅၁)နေ့ထုတ် မြန်မာ့အလင်းသတင်းစာ  

 

·