THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ကမ္ဘာ့အိမ်ထောင်စုသားပီသမှု (14-6-1954) ဆရာကြီး ဃာဇီ မြန်မာ့အသံရေဒီယိုမှ ဟောကြားခဲ့သည့် တရား

 

ကမ္ဘာ့အိမ်ထောင်စုသားပီသမှု

 

သောတရှင်အပေါင်းတို့ခင်ဗျား ...

ယနေ့သည် မွတ်စ်လင်မ်တို့၏ “အီးဒ်ပွဲတော်နေ့”ဖြစ်ပါတယ်။ ကမ္ဘာ့အ၀ှမ်းရှိ မွတ်စ်လင်မ်များသည်  နှစ်စဉ်နှင့်အမျှ တစ်နှစ်လျှင် နှစ်ကြိမ်စီ ကျင်းပ လာခဲ့ရာ ယခုဟိဂ်ျရီသက္ကရာဇ်( ၁၃၇၃ )ခုနှစ် ဆိုလျှင် အီးဒ်ပွဲပေါင်း (၂၇၄၆) ကြိမ်မျှရှိပါပြီ။အီးဒ်နေ့များတွင် မွတ်စ်လင်မ်တို့သည် မိမိတို့ ကိုယ်တိုင် ပျော်ရွှင် သကဲ့သို့ မိမိတို့၏ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုလည်း ပျော်ရွှင်ကြစေပါတယ်။

သောတရှင်အပေါင်းတို့ခင်ဗျား ...

အီးဒ်ပွဲတော်များ၏ သဘောတရားများကို ယခင်နှစ်များက အကျယ်တ၀င့် ကျွန်တော်အစီရင်ခံခဲ့ဖူးပါတယ်။ ဒါကြောင့် ယနေ့ “ကမ္ဘာ့အိမ်ထောင် စုသားပီသမှု”ဆိုတဲ့အကြောင်းကို အစီရင်ခံပါရစေ။

ကမ္ဘာ့အိမ်ထောင်စုသားများနှင့်စပ်လျဉ်း၍  “အလ္လာဟ်”အရှင် မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် ဤသို့မိန့်တော်မူထားပါတယ်။

-

“လူသားတို့သည် တစ်သင်းတည်းဖြစ်ကြကုန်၏။”

-

“အို - လူသားအပေါင်းတို့၊

ငါအရှင်သည် အသင်တို့အား ယောက်ျားတစ်ယောက်နှင့် 

မိန်းမတစ်ယောက်မှ စတင် ဖန်ဆင်းတော်မူသည်။

အသင်တို့အချင်းချင်း သိကျွမ်း၍ မေတ္တာ သက်ဝင်စိမ့်သောငှာ

ငါအရှင်သည် အသင်တို့အား လူမျိုးအဖုံဖုံ မျိုးနွယ်အစားစားပြုပေးတော်မူသည်။

ဧကန် မုချ အလ္လာဟ့်ထံတော်ပါးတွင် အသင်တို့တွင် အမွန်မြတ်ဆုံးသောသူကား

ဆင်ခြင်တုံတရားရှိ၍ ကိုယ်ကျင့်တရား ကောင်းမြတ်သော သူတော်စင်များပင် ဖြစ်ပေသည်။”

(ကုရ်အာန်-၄၉း၁၃)

-

တမန်တော် မုဟမ္မဒ်(ဆွ)ကလည်း ကမ္ဘာ့အိမ်ထောင်စုသား များနှင့် ပတ်သက်၍ ဤသို့မှာကြားခဲ့တယ်။

-

သတ္တ၀ါအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်သားများ ဖြစ်ကြကုန်၏။

အသင်တို့သည် ကမ္ဘာဦး ဖခင်ကြီး အာဒမ်(အ)၏ သားသမီးများ ဖြစ်ကြကုန်၏။

-

ဖော်ပြပါ အလ္လာဟ့်မုက္ခပါဌ်တော်များနှင့် တမန်တော် ၏  သြ၀ါဒတော်များကို သတိသမ္ပဇဉ်တရားဖြင့် တွေးဆ ဆင်ခြင်သည်ရှိသော်  -

- အတိုင်းတိုင်းအပြည်ပြည်ရေးရာတရား၊(Internationalism)  

- ကမ္ဘာ့ အိမ်ထောင်စုသားများ၏ ကြင်နာရေးတရား၊(Humanitarinism)  

- ကမ္ဘာ့လူမျိုးစုညီနောင်ဖြစ်ရေးတရား(Universal brotherhood) အစရှိသည်တို့သည်

လူသားများ လက်တွေ့ လိုက်နာကျင့်သုံးအပ်သော တရားများ ဖြစ်ပါတယ်။

ယနေ့ ကမ္ဘာ့ဇာတ်ခုံပေါ်တွင် လူသားများသည် ကုဋေ ၂၀၀(သန်းပေါင်းနှစ်ထောင်)ကျော်ကျော်ရှိနေတယ်။ မိုးပျံမြေလျှိုးခြင်းဟူသော စကားသည် အတိတ်ခေတ်များတွင် အတွေးမျှဖြစ်လင့်ကစား ယနေ့ လူသားများအဖို့ ဒိဋ္ဌဖြစ်ချေပြီ။ မိုး၊ မြေ၊ နေ၊ လ၊ နက္ခတ်အစရှိသည် ကမ္ဘာ့တန်ဆာပလာ များနှင့်တကွ အနုမြူဓာတ်အားကိုပင် လူသားတို့ ကောင်းစွာအသုံးချနိုင်ကြပြီ။

- လူသားတို့သည်ဤရွေ့ ဤမျှ တိုးတက်နေသည် ဖြစ်လင့်ကစား မိမိတို့၏ လူ့ဘ၀ဖြစ်စဉ်ကိုပင် မေ့ပျောက်နေကြသည် မဟုတ်ပါလော။

- တစ်မိတစ်ဖတည်းမှ ဆင်းသက်ပေါက်ဖွားလာကြသော ညီရင်း အစ်ကို  မောင်ရင်းနှမများ ဖြစ်ကြပါလျက်

ဘာသာ အယူဝါဒကွဲပြားမှုနှင့် ပထ၀ီမြေပိုင်းခြားမှုကိုအကြောင်းပြုပြီးသူစိမ်းပြင်ပြင်ဆက်ဆံနေကြသည် မဟုတ်ပါလော။

- ကိုယ်ကျင့်တရား၏ကောင်းမြတ်ခြင်းသည်လူသားတို့၏အဓိက ပန်းတိုင်ဖြစ်ပါလျက်

လောဘ၊ ဒေါသ၊ မောဟ၊ မာနတည်းဟူသော အမိုက်တရားများတွင်နစ်မွန်းနေကြသည်မဟုတ်ပါလော။

-ယုတ်စွအဆုံး လူသားတို့သည် ခေတ်လက်နက်အမျိုးမျိုးတို့ကို အသုံးပြုပြီး 

လူသားအချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်နေကြသည် မဟုတ်ပါလော။

-

ဒီအကြောင်းကြောင်းတွေကြောင့် အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း (၁၃၀၀) ကျော်ကပင် လူသားတို့၏ နောင်ရေးနှင့် စပ်လျဉ်း၍ ဤသို့ ဗျာဒိတ်ပေးတော်မူခဲ့တယ်။

-

လူသားတို့၏ ပြုကျင့်မှုများကြောင့် ကမ္ဘာ့ရေပြင်နှင့်ပထ၀ီ ကုန်းပြင်ပေါ်တွင်

ဆူပူသောင်းကျန်းမှုကြီးသည်ဖြစ်ပေါ်လာချေပြီ။       (ကုရ်အာန် ၃၀း ၄၁)

-

ဒါဘယ်သူ့အပြစ်လဲ၊ လူသားတို့အပြစ်ပဲ၊ ဒီဆူပူမှုကြီးရဲ့ တရားခံ လည်းလူသားများပင်ဖြစ်တယ်။ ၀မ်းနည်းစရာပဲ။ ဒီကဲ့သို့သော လူ့ လောကတွင် ဆူပူသောင်းကျန်းမှုများမဖြစ်စေရန်အလို့ငှာ အလ္လာဟ်အရှင်သည် အောက်ပါအတိုင်း လူသားတို့အား  ကြိုတင်၍ ပညတ်တော်မူခဲ့သည်။

-

လူသတ်မှု မကျူးလွန်သူ တစ်ဦးကိုလည်းကောင်း၊ သို့မဟုတ်

တိုင်းပြည်တွင် ဆူပူသောင်းကျန်းမှုမပြုလုပ်သူတစ်ဦးကို လည်းကောင်း၊

အကြင်သူတစ်ဦးသည် သတ်ဖြတ်ပေအံ့၊

ထိုသူသည်  လူသားအားလုံးတို့အားသတ်ဖြတ်ရာမည်၏။  

အကြင်သူသည်အပြစ်မဲ့သူတစ်ဦးအားသေဘေးမှကယ်ဆယ်အံ့၊၊

ထိုသူသည် လူသားအားလုံးတို့အား ကယ်ဆယ်ရာမည်၏။

(ကုရ်အာန် ၅း ၃၂)

-

တမန်တော်မုဟမ္မဒ် (ဆွ)ကလည်း ဤနည်းနှင်နှင် မှာကြားခဲ့သည်။

-

“ကမ္ဘာ့အရှေ့ဖျားတွင် လူသတ်မှုတစ်ခု ဖြစ်ပွားသည်ကို

ကမ္ဘာ့အနောက်ဖျားမှလူတစ်ဦးကနှစ်သက်ခဲ့သည်ရှိသော်

ထိုသူသည် ထိုလူသတ်မှုတွင် တရားခံတစ်ဦးအဖြစ်အပါအ၀င်ဖြစ်သည်”     

(ကရှ်ရှာဖ်)

-

“လူသားများသည် အလ္လာဟ်အရှင်မြတ်၏ ဗိမာန်တော်ဖြစ်သည်၊

ထိုဗိမာန်တော်ကို ဖြိုဖျက်သူသည် အလ္လာဟ်၏ ဂိုဏ်းသင့်ခြင်းခံရလိမ့်မည်”

-

လူသားအချင်းချင်း သွေးထွက်သံယိုမှု မပြုအပ်သည့် အကြောင်း ဓမ္မပဒပါဠိတော်တွင်လည်း အောက်ပါအတိုင်းဖော်ပြထားသည်။

-

ယော၊အကြင်သူသည်၊ အဒဏ္ဍေသု၊ ကာယဒဏ္ဍစသည်မှကင်းကြကုန်သော

အဗ္ဗဒုဋ္ဌေသု၊ ဘယ်သူအားမျှပြစ်မှားခြင်းမပြုသောပုဂ္ဂိုလ်တို့၌

ဒဏ္ဍေန၊ ကိုယ်ဒဏ် စသည်ပေးခြင်းဖြင့် ဒုသတိ ပြစ်မှား၏

ယော၊ ထိုသူသည် ဒသနံဋ္ဌာနာနံ၊ ဆယ်ပါးသော ဒုက္ခရောက်ကြောင်း ဒဏ်သင့်ခြင်းတို့တွင်

အညတရံ၊ တစ်ပါးပါးသော၊  ဋ္ဌာနံ၊ ဒဏ်သင့်ခြင်းကို ခိပ္ပမေ၀၊ လျင်စွာသာလျှင် နိဂစ္ဆံတိ ရောက်တတ်၏။

-

သောတရှင်အပေါင်းတို့ခင်ဗျား ...

အထက်ဖော်ပြပါ ကျမ်းဂန်လာ တရားဒေသနာတော်များကို တွေးဆဆင်ခြင်သည်ရှိသော်      

- ကျွန်ုပ်တို့လူသားများသည်ကမ္ဘာ့အိမ်ထောင်စုသားများဖြစ်ကြောင်း၊  

- တစ်အူတုံဆင်းတစ်မိဝမ်းတွင်းမှဆင်းသက်ပေါက်ပွားသော ညီတော်နောင်တော်များဖြစ်ကြောင်း၊တစ်မျိုးတည်းဖြစ်ကြောင်း၊

- မေတ္တာကရုဏာတရားသည်လူသားတို့ ၏ အဓိကတရားဖြစ်ကြောင်း ၊ 

- သူတော်သူမြတ်ဟူသော ဂုဏ်ပုဒ်သည် လူသားတိုင်း ခံယူအပ်သောဂုဏ်ပုဒ်ဖြစ်ကြောင်း၊

- ကမ္ဘာ့သာယာမှုသည်လူသားတိုင်း၏တာဝန်ဖြစ်ကြောင်း၊   

-ဆူပူသောင်းကျန်းမှုသည်လူသားတို့အဖို့အလျဉ်းမလိုလားအပ်သော ကိစ္စတစ်ရပ်ဖြစ်ကြောင်း ကောင်းကောင်းကြီးသိနိုင်ပါတယ်။

 

သို့ပါလျက် လူသားတို့သည် ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးတွင် ဆူပူ သောင်းကျန်းနေကြတာဘာကြောင့်လဲ။ ရှင်းရှင်းအစီရင်ခံရမည်ဆိုလျှင်

လူသားတို့သည် ဘာသာတရားနှင့်ကင်းကွာပြီး လူ့ဘ၀ဖြစ်စဉ်ကို မေ့ပျောက်နေသည့် အတွက်ကြောင့်ပဲ။ ဒါကြောင့် -

-ကမ္ဘာ့အိမ်ထောင်စုသားများပီသကြပါ။

-ဘာသာတရားကို လေ့လာလိုက်စားကြပါ။

-ကမ္ဘာ့အမှောင်ထုကိုသာသနာ့ရောင်ခြည်နှင့်ဖြိုခွင်း၍ကမ္ဘာ့ငြိမ်းချမ်းရေးပန်းတိုင်သို့ချီတက်ကြပါ။

- ၀န်ကြီးချုပ်ဦးနု မိန့်ကြားဖူးသည့်အတိုင်း ဘာသာရေးတွင် ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားသော်လည်း ပြည်ထောင်စုသား အချင်းချင်း ကွဲပြားမှုမထားရှိဘဲ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံကြပါဟု နိဂုံးချုပ် မေတ္တာရပ်ခံပါတယ်။

-

( ဃာဇီ  မုဟမ္မဒ်  ဟာရှင်မ် )

အထွေထွေအတွင်းရေးမှူး

ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် အိုလမာအဖွဲ့ချုပ်

(၁၉၅၄)ခုနှစ်၊ ဇွန်လ ၊ ( ၁၄ ) ရက်