THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

စွန္နဟ်ဟဒီးဆ်တော်များ၏ အခန်းကဏ္ဍ-အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် (အရဗီသိပံ္ပ)

 

စွ န္နဟ်ဟဒီးဆ်တော်များ၏ အခန်းကဏ္ဍ

အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် (အရဗီသိပံ္ပ)

အစ္စလာမ့်လောကတွင် အတွေးအခေါ် အယူအဆ အမျိုးမျိုး ကွဲပြားခြားနားနေသည့်အထဲတွင် “ဟဒီးဆ်” (သို့မဟုတ်) “စွန္နဟ်”တော်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍လည်း အတွေးအခေါ်အယူအဆ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားနေသည်ကို တွေ့ရှိရ၏။  အချို့ အချို့သော ပုဂ္ဂိုလ်၊ အချို့ အချို့သော အုပ်စုများက “စွန္နဟ်” သို့မဟုတ် “ဟဒီးဆ်”တော်များသည် လက်ခံကျင့်သုံးရန် အရေးကြီးသော အထောက်အထားအကိုးအကားများ မဟုတ်ကြောင်းနှင့် ကျမ်းတော်မြတ် ကုရ်အာန်သည်သာ အဓိကဖြစ်၍ ကျမ်းမြတ်ကုရ်အာန်သည် ပြီးပြည့်စုံသည်၊ လုံလောက်သည်၊ မျက်မှောက် ကာလတွင်တင်ပြပြောဆိုနေကြသော “စွန္နဟ်ဟဒီးဆ်”တော်များသည် ဟစ်ဂျရီ(၂၀၀)ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာသော ကျမ်းများသာဖြစ်၍ ရုပ်တိမတန်သော လူလုပ်ကျမ်းများသာဖြစ်ကြောင်း၊ ထို့အတွက် မမှန်ကန်နိုင်ကြောင်း “ဟဒီးဆ်”ဟုတင်ပြပြီး အမျိုးမျိုးအဖုံဖုံကွဲပြားမှုများရှိနေကြောင်း အကယ်၍ ကျမ်းတော်မြတ် ကုရ်အာန် အတိုင်းသာ ကျင့်သုံးနေထိုင်ကြမည်ဆိုပါက ပြဿနာများ ပေါ်ပေါက်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောဆိုရေးသားနေကြပေသည်။ ထိုအကြောင်းကို အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ဝေဖန် ပိုင်းခြား၍ “ဓမ္မဓိဋ္ဌာန်ကျကျ ကျင့်သုံးနိုင်ကြစေရန် ဖြူစင်သောစေတနာဖြင့် အစ္စလာမ်သာသနာတွင် “စွန္နဟ်ဟဒီးဆ်”တော်များ၏ အခန်းကဏ္ဍတွင် အကျဉ်းချုပ် တင်ပြရခြင်းဖြစ်ပါသည်။ အကြောင်းချင်းရာများကို မတင်ပြမီ “စွန္နဟ်ဟဒီးဆ်”တော်များနှင့် သက်ဆိုင်သည့် ဝေါဟာရအသုံးနှုန်းများ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်ပြပါမည်။

 

“စွန္နဟ်ဟဒီးဆ်”တော်များနှင့် ဆက်နွယ်နေသည့် ဝေါဟာရများ

“စွန္နဟ်ဟဒီးဆ်”တော်များကို ဆင့်ပြန်တင်ပြသည့် ပုဂ္ဂိုလ်ကို “ရာဝီ”ဟုခေါ်သည်။

ဆင့်ပြန်မှုပြုခြင်းကို “ရိဝါယသ်”ဟုခေါ်သည်။

ဆင့်ပြန်တင်ပြသည့်ပုဂ္ဂိုလ်များ၏ အစဉ်အဆက် ဆက်စပ်ဖော်ပြမှုကို “စနဒ်”ဟု ခေါ်သည်။

ပင်ကိုယ် တမန်တော်မြတ်မိန့်ကြား/ပြုမူ/အဖြစ်အပျက်ကိုဖော်ပြသည့် စာကိုယ်ကို “မသာန်”ဟု ခေါ်သည်။

ဆင့်ပြန်တင်ပြသည့် ပုဂ္ဂိုလ်များ၏ အဆင့်ကို အောက်ပါ ဝေါဟာရများဖြင့် သတ်မှတ်ခေါ်ဝေါ်သည်။


(၁)  တမန်တော်မြတ်အား တွေ့ဆုံဖူးမျှော်ခွင့်ရရှိသော “မုအ်မင်န်” အမျိုးသားကို “ဆွဟာဗဟ်”၊ “မုအ်မင်န်” အမျိုးသမီးကို “ဆွဟာဗီယဟ်”ဟုခေါ်သည်။


(၂)  “ဆွဟာဗဟ်”/ “ဆွဟာဗီယဟ်”တစ်ပါးပါးကို တွေ့ဆုံခွင့်ရရှိသော “မုအ်မင်န်”အမျိုးသားကို “သာဗိအီန်”၊ “မုအ်မင်န်” အမျိုးသမီးကို “သာဗိအီယဟ်”ဟုခေါ်သည်။


(၃) “သာဗိအီန် ”/ “သာဗိအီယဟ်”တစ်ပါးပါးကို တွေ့ဆုံခွင့်ရရှိသော “မုအ်မင်န်”အမျိုးသားကို “သဗအ် သာဗိအီန်”၊ “မုအ်မင်န်” အမျိုးသမီးကို “သဗအ် သာဗိအီယဟ်”ဟုခေါ်သည်။

 

စွန္နဟ်ဟဒီးဆ်ဟူသော ဝေါဟာရ၏ အဘိဓာန်အဓိပ္ပာယ်

စွန္နဟ်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ ဓလေ့၊ ဘာသာဘာဝ၊ ကျင့်ကြံမှု၊ စာရိတ္တ၊ လမ်းစဉ်၊ ကျင့်စဉ်၊ အသင်း စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြ၏။
ဟဒီးဆ်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ အဆို အမိန့်၊ အပြုအမူ၊ အဖြစ်အပျက်၊ဟောကြားချက်၊ ကျင့်ဆောင်မှု၊ လုပ်ရပ်၊ ဘ၀ဖြစ်စဉ်၊ စသည်ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုကြ၏။
“စွန္နဟ်ဟဒီးဆ်”ဆိုင်ရာ ပညာရှင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တမန်တော်မြတ်၏ အဆိုအမိန့်၊ တမန်တော်မြတ်၏ပြုမူဆောင်ရွက်ချက်နှင့် တမန်တော်မြတ်၏ဘ၀ဖြစ်စဉ်သမိုင်းတွင် တမန်တော်မြတ်က ကန့်ကွက်ခြင်းမရှိခဲ့သော သာဝကကြီးတပါးပါး၏ ပြုမူဆောင်ရွက်ချက်များကို စွန္နဟ် သို့မဟုတ် ဟဒီးဆ်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြ၏။

 

စွန္နဟ်ဟဒီးဆ်တော်များ၏အမျိုးအစား

(၁)  “ဟဒီးဆ်ဆိကောင်လီ” -     တမန်တော်မြတ်၏နှုတ်တော်မှမြက်ကြားသည့်သြ၀ါဒတော်များ
(၂)  “ဟဒီးဆ်ဆိဖိအ်လီ”  -        တမန်တော်မြတ်ကိုယ်တော်တိုင်ပြုကျင့်ဆောင်ရွက်ခဲ့သည်များ
(၃)  “ဟဒီးဆ်ဆိသတ်က်ရီရီ”-   တမန်တော်မြတ်တွေ့မြင်/သိရှိတော်မူ၍ တားမြစ်တော်မူခဲ့ခြင်းမရှိခဲ့သည့် သာဝကတစ်ဦးဦး၏ ပြုမူပြောဆိုဆောင်ရွက်ခဲ့သည်များဟူ၍ဖြစ်၏။

 

ဟဒီးဆ်တော်များ၏အဆင့်အတန်း

ပညာရှင်များက ဟဒီးဆ်တော်များ၏ အဆင့်အတန်းကိုအောက်ပါအတိုင်းအဆင့်(၃)ဆင့်သတ်မှတ်ခဲ့၏။
(၁)      ပထမအဆင့်    =  “ဆွဟီးဟ်”
(၂)      ဒုတိယအဆင့်  =  “ဟစန်”
(၃)      တတိယအဆင့် =  “ဒွအီးဖ်” ဟူ၍ဖြစ်၏။

 

၁။ “ဆွဟီးဟ်”ဆိုသည်မှာ ဟဒီးဆ်တော်တစ်ပါးကို ဆင့်ပြန်တင်ပြသည့် ပုဂ္ဂိုလ်များထဲတွင် ကိုယ်ကျင့် တရားအရာတွင်လည်းကောင်း၊ မှတ်ဥာဏ်အရာတွင်လည်းကောင်း၊ အသက်အရွယ်အားဖြင့် လည်းကောင်း၊ ရာနှုန်းပြည့် စံချိန်စံညွှန်း ပြည့်ဝသည့်ပုဂ္ဂိုလ်များက ဆင့်ပြန်တင်ပြခဲ့သည့် ဟဒီးဆ်တော်ကိုခေါ်၏။

 

၂။  “ဟစန်”ဆိုသည်မှာ ဟဒီးဆ်တော်ကို ဆင့်ပြန်တင်ပြခဲ့သည့် ပုဂ္ဂိုလ်များထဲတွင် ဆွဟီးဟ်တင်ပြသည့် ပုဂ္ဂိုလ်များ၏ ဘက်စုံအရည်အသွေးနှင့်ယှဉ်ပါက အနည်းငယ် တစ်ခုခုလျော့နည်းနေသော ပုဂ္ဂိုလ်ဆင့်ပြန်တင်ပြသော ဟဒီးဆ်တော်ကို ခေါ်၏။

 

၃။ “ဒွအီးဖ်”ဟူသည်မှာ အထက်ဖော်ပြပါ အရည်အသွေးများထဲမှ အရည်အသွေးတစ်ချက် (သို့မဟုတ်) နှစ်ချက်ခန့် လျော့နည်းနေသော ပုဂ္ဂိုလ်များ ပါဝင်ဆင့်ပြန်ထားသော ဟဒီးဆ်တော်ကို ခေါ်သည်။

 

  ဆင့်ပြန်တင်ပြသူ၏ အတိုင်းအတာကို အခြေပြုသတ်မှတ်သည့် အမျိုးအစားများ

(၁)      မုသ၀ါသိရ်
(၂)      မရှ်ဟူရ်
(၃)      အဇီးဇ်
(၄)      ဃရီးဗ် 

 

၁။     “မုသ၀ါသိရ်”ဟူသည် ဆင့်ပြန်သောပုဂ္ဂိုလ်များ၏ အရည်အတွက်သည် တစ်ဦးတစ်ယောက်က လည်ဆယ်ကြံဖန်၍ တင်ပြခြင်းငှာ မစွမ်းဆောင်နိုင်လောက်အောင် များပြားလှသည့် ပုဂ္ဂိုလ်များ၏ ဆင့်ပြန်တင်ပြချက်ကို ခေါ်၏။ 


၂။      “မရှ်ဟူရ်”ဟူသည် အနည်းဆုံး(၃)ဦးခန့်ပါဝင်သည့် ပုဂ္ဂိုလ်များ၏ တင်ပြချက်ကို ခေါ်၏။


၃။      “အဇီးဇ်” ဟူသည် ပုဂ္ဂိုလ်(၂)ဦးက ဆင့်ပြန်တင်ပြခဲ့သည့် တင်ပြချက်ကို ခေါ်၏။


၎။      “ဃရီးဗ်” ဟူသည် တစ်ဦးတည်းသောပုဂ္ဂိုလ်၏ ဆင့်ပြန် တင်ပြချက်ကို ခေါ်၏။

 


ဆင့်ပြန်တင်ပြပုံကို အခြေပြုသတ်မှတ်သည့် အမျိုးအစားများ

(၁)      မရဖူအ်
(၂)      မောင်ကူးဖ်
(၃)      မကသွူအ်

 

၁။      “မရဖူအ်”ဟူသည် တိုက်ရိုက် တမန်တော်မြတ်ထံမှ သက်ဆင်းလာသည်ဟု ဆက်စပ်တင်ပြနိုင်သည့် ဟဒီးဆ်တော်ကိုခေါ်၏။ (ဥပမာ-တမန်တော်မြတ်က ဤသို့မိန့်၏။ (သို့မဟုတ်) တမန်တော်မြတ်က ဤသို့ပြုကျင့်၏။)


၂။       “မောင်ကူးဖ်”ဟူသည် ဆက်စပ်တင်ပြမှုသည် တမန်တော်မြတ်ထံမရောက်ရှိဘဲ သာဝကကြီးတစ်ပါးပါး ထံတွင် အဆုံးသတ်ပါက ၄င်းဟဒီးဆ်ကို “မောင်ကူးဖ်”ဟုခေါ်၏။ (ဥပမာ- မည်သည့် သာဝကကြီး က မည်သို့ပြောပြ၏။ စသည်ဖြင့်)


၃။       “မကသွူအ်”ဟူသည် ဟဒီးဆ်တော်ကို ဆက်စပ်တင်ပြမှုသည် “သာဗိအီန်”တစ်ပါးပါးထံတွင် အဆုံး သတ်ခဲ့ပါက ၄င်းဟဒီးဆ်အား “မကသွူအ်” ဟုခေါ်၏။
 
 အထက်ပါအတိုင်း ဟဒီးဆ်တော်များနှင့် ပတ်သက်၍ လုံခြုံမှုရှိစေရန် ပိုင်းခြား စိတ်ဖြာ သိရှိနိုင်ရန် ဟဒီးဆ်ပညာရှင်များက သတ်မှတ်ပြဌာန်းခဲ့သည့် ဥပဒေသများသည် အလွန့် အလွန်သိမ်မွေ့ပြည့်စုံများပြားလှပါသည်။ ယင်းဥပဒေသများမှ အခြေခံအချက်အလက်များကိုသာ တင်ပြခြင်းဖြစ်ပါသည်။ တစ်နည်းဆိုရပါလျှင် ဟဒီးဆ်ပညာရပ်လောက် အသေးစိတ်ဥပဒေများဖြင့် ခွဲခြား စိတ်ဖြာ ခဲ့သည့် မှတ်တမ်းတင်မှုမျိုး မည်သည့် ဘာသာရပ်တွင်မျှ မရှိပါ။ 

 

ဟဒီးဆ်ကျမ်းကြီး(၆)စောင်

ဟဒီးဆ်ပညာရှင်များက အထက်ဖော်ပြပါ ဥပဒေသများကို အခြေပြု၍ ဟဒီးဆ်တော်များကို စိစစ်ပြီး အောက်ဖော်ပြပါ ကျမ်းတော်များကို အမှန်ကန်ဆုံး ကျမ်းကြီး(၆)စောင်ဟု သတ်မှတ်ခဲ့ကြ၏။  ၄င်းတို့မှာ-
(၁)       ဗုခါရီကျမ်း
(၂)       မွတ်စ်လင်မ်ကျမ်း
(၃)       သိရ်မိဇီကျမ်း
(၄)        အဗူဒါဝူဒ်ကျမ်း
(၅)        နစာအီကျမ်း
(၆)        အိဗ်နုမာဂျဟ်ကျမ်း တို့ဖြစ်သည်။
 (အချို့ပညာရှင်များက အိဗ်နုမာဂျဟ်ကျမ်းအစား မုအ်သွာအိမာမ်မာလိက်ကျမ်းကိုသတ်မှတ်ကြ၏။)

 

ဟဒီးဆ်အိမာမ်ကြီးများ၏ ဘ၀သက်တမ်း

 စဉ်        အမည်                    မွေး(ဟိဂ်ျဂျရီ)         ကွယ်လွန်(ဟိဂ်ျဂျရီ)             သက်တော်

၁။    အိမာမ် ဗုခါရီ                      (၁၉၄)                       (၂၅၆)                            (၆၂)
၂။    အိမာမ် မွတ်စ်လင်မ်             (၂၀၆ )                      (၂၆၁)                            (၅၅)
၃။    အိမာမ် သိရ်မိဇီ                   (၂၀၉)                       (၂၇၉)                            (၇၀)
၎။    အိမာမ် အဗူဒါဝူဒ်                 (၂၀၂)                       (၂၇၅)                            (၇၃)
၅။    အိမာမ် နစာအီ                    (၂၁၄)                       (၃၀၃)                            (၈၇)
၆။    အိမာမ် အိဗ်နုမာဂျဟ်            (၂၀၉)                       (၂၇၃)                            (၆၄)
၇။    အိမာမ် မာလိက်                  ( ၉၃)                        (၁၇၉)                            (၈၆)

 

ကျမ်းတော်မြတ်ကုရ်အာန်နှင့် စွန္နဟ်ဟဒီးဆ်တော်၏အခန်းကဏ္ဍ

ကျမ်းတော်မြတ်ကုရ်အာန်သည်ပြီးပြည့်စုံသည်။ အလ္လာဟ်အရှင့်ထံမှ ချပေးခြင်းခံရသော ကောင်းကင်ကျ ကျမ်းကြီးဖြစ်ပါသည်။

အလ္လာဟ်အရှင်ကိုယ်တော်တိုင်က ကျမ်းတော်မြတ်ကုရ်အာန်တွင်-
 

 (အို-တမန်တော်)

ငါအရှင်မြတ်သည် အသင် တမန်တော်ထံသို့ အရာရာကို မီးမောင်းထိုးသော(ရှင်းလင်းချက်ပေးထားသော)ကျမ်းတော်ကိုချပေးတော်မူခဲ့၏။

ယင်းကျမ်းသည် တရားလမ်းညွှန်ကျမ်းလည်းဖြစ်၏။ မေတ္တာတရား၏ လမ်းညွှန်ကျမ်းလည်းဖြစ်၏၊

အမိန့်နာခံသူတို့အဖို့ ၀မ်းသာရမည့် ကောင်းသတင်း ပါသည့်ကျမ်းလည်းဖြစ်၏။

(ကုရ်အာန်-၁၆း ၈၉)

 

ကျမ်းတော်မြတ်ကုရ်အာန်သည် ပြီးပြည့်စုံသည့် ကျမ်းတော်ဖြစ်ကြောင်း တရားလမ်းညွှန်ကျမ်းတော်ဖြစ် ကြောင်း လောကီလောကုတ္တရာနှစ်ဘ၀နှစ်ဌာနတွင် တွေ့ကြုံရမည့် အကြောင်းအရာ အဖုံဖုံအစုံစုံတို့အတွက် ပြည့်စုံစွာရှင်းလင်းချက်ပေးထားပါသည်ဟု ကြေညာထားပါလျက် မည်သူက မပြည့်စုံပါဟု စောဒကတက်နိုင် မည်နည်း။ စောဒကတက်ရမည်နည်း။ မတက်နိုင်ပါ။ မတက်ရပါ။ သို့သော် ပြီးပြည့်စုံသော ကျမ်းတော်မြတ် ကုရ်အာန်ကို ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်နိုင်ရန် နက်နဲသော သိမ်မွေ့သော သိပ်သည်းသော ကျစ်လျစ် သော ခန့်ညားသော ကျမ်းတော်မြတ်ကုရ်အာန်၏ အဖွင့်ရှင်းလင်းချက်ဖြစ်သော ဟဒီးဆ်စွန္နဟ်တော်များကို ဟဒီးဆ်စွန္နဟ်တော်များ၏ အဆင့်နှင့်အညီ လက်ခံကျင့်သုံးရမည်သာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဟဒီးဆ်စွန္နဟ်တော်များသည် ကျမ်းတော်မြတ်ကုရ်အာန်ရှင်းလင်းချက်ဖြစ်ခြင်းကြောင့်ဖြစ်ပေသည်။


ထို့ပြင် ငါ (“အလ္လာဟ်”) အရှင်မြတ်သည် အသင်(တမန်တော်)ထံသို့လည်း ကျမ်းဂန်တော်(ကုရ်အာန်)ကို အသင်(တမန်တော်)သည်

လူသားတို့အား ၄င်းတို့ထံချပေးသနားတော်မူခြင်းခံရသည့် အမိန့်တော်များကို ရှင်းလင်းပြစေအံ့သော်ငှာလည်းကောင်း၊

၎င်းတို့သည် စဉ်းစားဆင်ခြင်ကြစေအံ့သော်ငှာ လည်းကောင်း၊ ချပေးသနားတော်မူခဲ့ပေသတည်း။

(ကုရ်အာန်-၁၆း၄၄)

 အလ္လာဟ်အရှင့်ထံတော်မှ တမန်တော်မြတ်ထံသို့ ကျမ်းတော်မြတ်ကုရ်အာန်ကို ချပေးတော်မူခဲ့သည်။ ကျလာသည့် ကျမ်းတော်မြတ် ကုရ်အာန်၏ အဓိပ္ပာယ်အလိုသဘောကို တမန်တော်မြတ်က နုတ်မှလည်း ရှင်းလင်းပြသည်။ လက်တွေ့လည်း ကျင့်သုံးပြသသည်။ ယင်းရှင်းလင်းချက်ကျင့်သုံးပြသမှုများကို “ဟဒီးဆ်စွန္နဟ်”ဟုခေါ်သည်။ ယင်းဟဒီးဆ်စွန္နဟ်တော်များကို သာဝကကြီးများက မှတ်သား၍လည်းကောင်း မှတ်တမ်းတင်၍လည်းကောင်း စောင့်ထိန်းခဲ့ကြ၏။ ထို့ကြောင့် “ဟဒီးဆ်စွန္နဟ်” တမန်တော်မြတ်၏ မိန့်ကြား ရှင်းလင်းချက်သည် ကျမ်းတော်မြတ်ကုရ်အာန်၏ ရှင်းလင်းချက်ဖြစ်၍ တမန်တော်မြတ်၏ ကျင့်ကြံပြသမှုသည် ကုရ်အာန်၏ သရုပ်သဏ္ဍာန်သာဖြစ်ပေသည်။

 

ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဟဒီးဆ်ကျမ်းတော်ကြီးများ

ကျမ်းတော်မြတ်ကုရ်အာန်သည် တမန်တော်မြတ်ထံသို့ကျလာသည်။ တမန်တော်မြတ်က ကျလာသည့် ကုရ်အာန်၏အမိန့်နှင့်အညီ ကျင့်သုံးရှင်းလင်းပြသသည်။ ယင်းအချက်အလက်များကို တွေ့ရမြင်ရကြားရသည့် သာဝကကြီးများက မှတ်သားနာယူလက်တွေ့ကျင့်သုံးပြီး မှတ်တမ်းမှတ်ရာများဖြင့်လည်းကောင်း မှတ်ဥာဏ်အားဖြင့်လည်းကောင်း မှတ်သားထားကြသည် ယင်း မှတ်သား ထားချက်များကို ဟဒီးဆ်ပညာရှင် အိမာမ်ကြီးများက လေ့လာစိစစ်သုံးသပ်ပြီးမှတ်တမ်းတင်ကာ ကျမ်းကြီးများပြုစုခဲ့ကြသည်။ ယင်းကျမ်းကြီးများကို မိမိတို့အားသန်ရာ အမည် နာမများဖြင့် မှည့်ခေါ်ခဲ့ကြသည်။ ( ဥပမာ - ဗုခါရီ ၊မွတ်စ်လင်မ်၊ သိရ်မိဇီ စသည်ဖြင့် ) ယင်းကျမ်းတော်များကို ပြုစုခဲ့သည့် ကျမ်းပြုရှင်ကြီးများ၏ သက်တမ်းကို စိစစ်သည့်အခါ ဟိဂ်ျဂျရီ(၂၀၀)ခုနှစ် ၀န်းကျင် ဖြစ်နေပေရာ အချို့က ဟိဂ်ျဂျရီ(၂၀၀)ကျော်မှ ဟဒီးဆ်စွန္နဟ်တော်များပေါ်ပေါက်လာသည်ဟု အယူအဆမှားယွင်းကြ၏။ မမှန်ပါ။ ကျမ်းပြုပညာရှင်များက ဟိဂ်ျဂျရီ(၂၀၀)ကျော်ဝန်းကျင်မှ ကျမ်းများပြုစုခဲ့သည်မှန်သော်လည်း ယင်းကျမ်းတော်များတွင် ပါရှိသည့် စုဆောင်းတင်ပြထားသည့် ဟဒီးဆ်စွန္နဟ်တော်များသည်ကား တမန်တော်မြတ်လက်ထက်တော်မှ စ၍ မှတ်တမ်းတင် လက်ဆင့်ကမ်းခဲ့သော မှတ်တမ်းမှတ်ရာများ ဖြစ်ခြင်းကြောင့် မှန်ကန်သော ကုရ်အာန်၏ ရှင်းလင်းချက်များသာ ဖြစ်ပါသည်။

 

ဟဒီးဆ်၏ ရှင်းလင်းချက်မပါဘဲ ကုရ်အာန်ကို ပြည့်ပြည့်စုံစုံ သဘောမပေါက်နိုင်ပါ

တမန်တော်မြတ်ကို အလ္လာဟ်အရှင်စေလွှတ်တော်မူသည့် ရည်ရွယ်ချက်သည်ပင်လျှင် ကျမ်းတော် မြတ်ကုရ်အာန်ကို ပို့ချရုံသက်သက်မဟုတ်ဘဲ ဖတ်ကြားရန်၊ ရှင်းပြရန်၊ သင်ပေးရန်၊ နက်နဲသည့် သဘောတရားများကို ရှင်းလင်းပြရန်ဖြစ်၏။ ထို့ကြောင့် ကျမ်းတော်မြတ်ကုရ်အာန်ကပင်-
(တမန်တော်ကြီး အိဗ်ရာဟီမ်က)

“အို-အရှင်၊ ယင်း အရဗ်လူမျိုးထဲမှ ယင်းနေရာဒေသတွင်းဝယ် တမန်တော်တစ်ပါးကို စေလွှတ်တော်မူပါ ။

ထိုတမန်တော်သည် ၄င်းလူမျိုးတို့အား ကိုယ်တော်အရှင်၏ ကျမ်းတော်ကို ဖတ်ပြဖို့၊ သင်ပြပေးဖို့၊

နက်နဲမှုများကို ရှင်းပြဖို့၊ ၄င်းတို့၏ နှစ်လုံးသားတွေကို သန့်စင်အောင်ပြုပေးစေဖို့ဖြစ်ပါ၏။

မုချ ကိုယ်တော်အရှင်သည် ဂုဏ်တော် အနန္တ၊ ဥာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပါ၏။

(ကုရ်အာန်-၂း ၁၂၉)

ထို့ကြောင့် တမန်တော်မြတ်၏ ရှင်းလင်းချက်သည် ကုရ်အာန်၏ရှင်းလင်းချက်သာဖြစ်၍ တမန်တော်မြတ်၏ ကျင့်သုံးပြသမှုသည် ကုရ်အာန်၏ သရုပ်သဏ္ဍာန် “ဟဒီးဆ်စွန္နဟ်”တော်များ သာဖြစ်ပါသည်။ ယင်းရှင်းလင်းချက်များကို ပယ်၍ ကုရ်အာန်ကို ပြည့်ပြည့်စုံစုံ သဘောမပေါက်နိုင်ပါ။
ဥပမာ- ကျမ်းတော်မြတ်ကုရ်အာန်တွင် စူရဟ်ခေါ် ကဏ္ဍပေါင်း(၁၁၄)၊ အာယသ်တော်ခေါ် အပိုဒ်ပေါင်းခြောက်ထောင်ကျော်ရှိသည်ကို အစ္စလာမ်သာသနာဝင်တိုင်း လက်ခံ ယုံကြည်ကြပါသည်။ ယင်းဖော်ပြပါ ကျမ်းတော်မြတ်ကုရ်အာန်၏ အာယတ်တော်များ “စူရဟ်”များ မည်သည့်အချိန် မည်သည့် ကာလက မည်သို့ မည်ပုံ မည်သည့် ပုဂ္ဂိုလ်ထံ ကျရောက်လာသည်ကို “ဟဒီးဆ်စွန္နဟ်တော်”များ၏ ရှင်းလင်းချက်မပါဘဲ ကုရ်အာန်ဖြင့် သဘောပေါက်နိုင်ပါမည်လော။ မပေါက်နိုင်ပါကြောင်း ရိုးသားစွာ ၀န်ခံရမည်သာ ဖြစ်ပါသည်။ ၀န်မခံ၍လည်း မဖြစ်ပါ။

 

ကွဲလွဲခြားနားချက်ရှိတိုင်း ပယ်ရမည့်ကိစ္စ မဟုတ်ပါ

တမန်တော်မြတ်သည် နောက်ဆုံးတမန်တော်ကြီးဖြစ်သည်။ တစ်နည်းကမ္ဘာ့တမန်တော်ကြီးဖြစ်သည်။ လူသားအားလုံးအတွက် ပွင့်ပေါ်ခဲ့သည့် တမန်တော်ကြီးဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ်သည် လူသား များကိုပြုပြင်သွန်သင်ထိန်းသိမ်းပညာပေးရာတွင် ကာလ၊ ဒေသ၊ ပုဂ္ဂိုလ်၏ လိုအပ်ချက်ကို ဖြည့်စွက်ဆုံးမ တော်မူလေ့ရှိ၏။ ယင်းသို့သော ဆိုဆုံးမချက်များသည် အခြေအနေအရပ်ရပ်ကို မူတည်ပြီး ကွဲပြားခြားနား ချက်ရှိ၏။(ဥပမာ-တမန်တော်မြတ်အား အို....တမန်တော်၊ မည်သည့်ကျင့်စဉ်သည် အမြတ်ဆုံးကျင့်စဉ်ဖြစ်ပါ သနည်းဟု မေးလျှောက်ခဲ့ရာ တမန်တော်မြတ်က မေးသူ၏ အားနည်းချက်ကို သုံးသပ်ပြီး မိဘပြုစုခြင်း၊ လှူဒါန်းခြင်း၊ သာသနာ့အတွက် စွန့်လွှတ်ခြင်း စသည်ဖြင့် ဖြေကြားတော်မူခဲ့၏။ မေးခွန်းတူသော်လည်း မေးသူ၏ အရည်အသွေးမတူသဖြင့် ဖြေကြားချက်လည်း ခြားနားသွား၏။ သို့အတွက် ယင်းမှတ်တမ်းများကား “ဟဒီးဆ်စွန္နဟ်”တော်များမှတ်တမ်းတွင် ခြားနားချက်များဖြင့် တွေ့ရှိရမည်သာဖြစ်၏။ ယင်းကွဲပြားခြားနားချက်ကို ကြည့်ပြီး လက်သင့်မခံထိုက်၊ လက်ခံရန်မလိုဟုယူဆလျှင်မှားယွင်းပေမည်။ အဓိကအားဖြင့် မိန့်ကြားရခြင်း၏ အကြောင်းရင်းကိုသိရှိရန် စဉ်းစားတွေးခေါ်ရန်သာ လိုအပ်၏။ စဉ်စားတွေးခေါ်တတ်မှ သာသနာဝင် စစ်မှန်၏။

 

အစွန်းရောက်သူများကြောင့် မိမိအစွန်းမရောက်စေနှင့်

မျက်မှောက်ကာလတွင် ဟဒီးဆ်တစ်ပိုဒ်ပိုဒ်ကို လှေနံဓားထစ်ကိုင်ပြီး နောက်ခံသမိုင်းကိုလည်း မသိ။ မိန့်ကြားရခြင်း၏ ရည်ရွယ်ချက်ကိုလည်း မသိ။ မိန့်ကြားခြင်း၏ အတိမ်အနက်ကိုလည်း သဘောမပေါက်။ နားလည်ခြင်းမရှိဘဲ “အမေမှာသည့် ဆန်တစ်ခွဲသုံးစိပ်နှင့်မလဲ”ဟူသည့်အုပ်စုများ၊ ကျားကျားမီးယပ် အတွေးအခေါ်များရှိနေကြသည်မှာ မှန်၏။ ၄င်းတို့က လှပသည့် အစ္စလာမ်သာသနာကို အကျဉ်းတန်အောင် ပြောဆို ပြုမူနေကြသည်ကိုလည်း တွေ့ရှိရမည်သာဖြစ်၏။ ယင်းအစွန်းရောက်သူများကို ကြည့်ပြီး ၄င်းတို့သည် “ဟဒီးဆ်စွန္နဟ်”တော်များကို လက်ကိုင်ပြုသဖြင့် အစွန်းရောက်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ငါတို့တော့ ယင်း“စွန္နဟ်ဟဒီးဆ်”တော်များကို ပယ်သည်ဟု တွေးခေါ်ပြောဆိုလျှင် အစွန်းရောက်သူများကြောင့် မိမိလည်း အစွန်းရောက်သွားသည်ကို သတိပြုမိရန် အရေးကြီး၏။ အသိမရှိသည့် ကလေးတစ်ဦးက ခြေဆောင့်ငိုသည်ကို ကြည့်ပြီး မိမိကလည်း ခြေကိုဆောင့်၍ ပြန်ငိုမည်ဆိုပါက လူကြီးဖြစ်ပါလျက် ကလေးထက် မိုက်မဲသူဖြစ်သွား မည်သာ ဖြစ်ပေသည်။ ထို့ကြောင့် “ဟဒီးဆ်စွန္နဟ်”တော်ကို လှေနံဓားထစ် လက်ခံပြီး အစွန်းရောက် သွားကြသူများကို ကြည့်ကာ မိမိကလည်း လက်မခံသည့် အစွန်းတစ်ဘက်သို့ မရောက်သင့်ပါ။
အချုပ်အားဖြင့်တင်ပြလိုသည်မှာ “ဟဒီးဆ်စွန္နဟ်”တော်များသည် ကုရ်အာန်ကျမ်းတော်၏ရှင်းလင်းချက် သရုပ်ဖော်ချက်နှင့် ခေတ်ကာလ၊ ဒေသ၊ ပုဂ္ဂိုလ်၏အနေအထားကို အခြေပြု၍ မိန့်ကြား လမ်းညွှန်ခဲ့သည့် အဆိုအမိန့်၊ ကျင့်စဉ်ကျင့်ရပ်များသာဖြစ်သဖြင့် ဟဒီးဆ်တော်များ၏ ဥပဒေသများကို သေချာစွာ နည်းလည် သဘောပေါက်ပါက ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်စွန္နသ်တော် များသည် ဆန့်ကျင်ခြင်းမရှိကြောင်း သိရှိနိုင်ပါသည်။ လုံးဝ ဆန့်ကျင်နေပါကလည်း စစ်မှန်သော “ဟဒီးဆ်စွန္နဟ်”တော် မဟုတ်ပါ။
အချုပ်အားဖြင့်ဆိုရပါသော် “စွန္နဟ်ဟဒီးဆ်”တော်များသည် တမန်တော်မြတ် လက်ထက်မှစ၍ ယနေ့ ကာလတိုင် အခိုင်အမာရှိနေသည့် မှတ်တမ်းမှတ်ရာများဖြစ်ပါသည်။ ယနေ့ အချို့ ပုဂ္ဂိုလ်များဆိုနေသကဲ့သို့ ဟိဂ်ျဂျရီ(၂၀၀)ခုနှစ်ဝန်းကျင်မှပေါ်ပေါက်ခဲ့ခြင်း လုံးဝမဟုတ်ပါ။ ကုရ်အာန်ကျမ်းတော်မြတ်ကို တမန်တော်မြတ်၏ လက်တွေ့ကျင့်သုံးရှင်းလင်းဖော်ဆောင်ချက်မပါဘဲ (တစ်နည်း) ဟဒီးဆ်စွန္နဟ်တော်များ၏ ရှင်းလင်းချက်မပါဘဲ ၄င်းကုရ်အာန်ကျမ်းတော်မြတ်၏ နက်နဲမှုများကို သဘောမပေါက်နိုင်ပါ။ ထို့ကြောင့် ကုရ်အာန်ကျမ်းမြတ်၏ ရှင်းလင်းချက်ဖြစ်သော “စွန္နဟ်ဟဒီးဆ်”တော်များကို “စွန္နဟ်ဟဒီးဆ်”တော်များ၏ အဆင့်နှင့်အညီ မုချ လက်ခံ ကျင့်သုံးကြရမည်သာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

 

                                                                                                                                                     တိကျမှန်ကန်သော ဟဒီးဆ်တော်များကို ဓမ္မဓိဋ္ဌာန်ကျကျ လက်ခံကျင့်သုံး၍
                                                                                                                                                      ပြည့်ဝစစ်မှန်သည့် အစ္စလာမ်သာသနာဝင် မွတ်စ်လင်မ်များဖြစ်နိုင်ကြပါစေ။

 

                                                                                                                                                                     အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် (အရဗီသိပံ္ပ)

                                                                                                                                                                          ဒုတိယ ဥက္ကဋ္ဌ (အာလင်မ်ပညာရှင်များရေးရာ)

                                                                                                                                                                            အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်