THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာရောက်ရှိလာခြင်း

မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာရောက်ရှိလာခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
        ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ ဗမာပြည်၏ မွတ်စလင်လူဦးရေသည် ၅၈၄၈၃၉ ဦးဖြစ်သည်။ နှစ်ပေါင်း ၃၀ ကြာပြီးနောက် ယနေ့အခါတွင် ဤကိန်းဂဏန်းမှာ မမှန်တော့ပါ။ အစ္စလာမ်ဘာသာ ကိုးကွယ်မှုကို ဖော်ပြသော တိုင်းပြည်၏ လူဦးရေမှာ အပြောင်းအလဲများစွာ ရှိခဲ့ပြီဖြစ်ပါသည်။ အရှေ့ပါကစ္စတန်နှင့် နယ်ချင်းစပ်လျက် တည်ရှိသော ရခိုင်တိုင်း၊ စစ်တွေခရိုင်မှ မကြာမီက ခွဲထုတ်ခဲ့သော မေယုနယ်ခြား ခရိုင်သစ်တစ်ခုတည်းကပင် မွတ်စလင်လူဦးရေ သုံးသိန်းကျော်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ပိုမိုကြီးမားသော မြို့များနှင့် ကျေးရွာများဖြစ်သော အထူးသဖြင့် ရန်ကုန်၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး၊ ကျောက်ဆည်၊ ရမည်းသင်း၊ ကျိုက္ခမီ၊ မိတ္ထီလာနှင့် ကရင်ပြည်နယ်တို့တွင်လည်း မွတ်စလင်လူဦးရေ အစုအဝေးများ ရှိကြသည်။
        တမန်တော်မိုဟမ္မဒ် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း(၁၀၀)အတွင်း အစ္စလာမ်သာသနာသည် ဥရောပ-အာရှအလယ်ရပ်ဝန်းကြီးအတွင်း ပြန့်နှံ့ခဲ့သည်ဆိုသော အချက်မှာ ထင်ရှားသောအချက်ဖြစ်ပါသည်။ အေဒီ ၁၂၀၂ ရောက်သောအခါ အစ္စလာမ်သာသနာသည် အရှေ့ဘက်၌ ဘင်္ဂလားနယ် ဗြဟ္မပုတ္တရ မြစ်ကမ်းခြေအထိ ရောက်ရှိခဲ့သည်။ သို့သော်လည်း ပါရှန်း- အာရပ် ကုန်သည်များနှင့် သင်္ဘောသားများသည် ထို့ထက် နှစ်ပေါင်း(၃၀၀)စော၍ အိန္ဒိယနှင့် ကမ္ဘာ့အရှေ့ဖျားဒေသများသို့ ရောက်ရှိခဲ့ကြပါပြီ။ အေဒီ ၈၇၁ ထုတ် စာရေးသူ အမည်မသိသော အာရပ်ကျမ်းတစ်စောင်အရ အာရပ်ခရီးသည်နှစ်ဦးသည် မြန်မာပြည်တောင်ဘက် ဘင်္ဂလားပင်လယ်အော်ထဲရှိ အန်ဒမန်ကျွန်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ အေဒီ ၈၅၁ ခုနှစ်တွင် စုလိုင်မန်ခေါ် ပါရှန်ကုန်သည်တစ်ဦးသည် အိန္ဒိယနှင့် တရုတ်တို့တွင် ကိုယ်တိုင်ခရီးသွားလာခဲ့သည့်အကြောင်း ရေးသားခဲ့ပြီး တရုတ်ပြည်နှင့် အိန္ဒိယကမ်းခြေဒေသများအကြောင်းကို အာရဗီဘာသာဖြင့် အစောဆုံးရေးသားဖော်ပြထားသည်။

        ကျော်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမနှင့် မြိတ် စသည်တို့ကဲ့သို့သော မြန်မာပြည် ပင်လယ်ဆိပ်ကမ်းမြို့များ၏ အနီးအနား နေရာများတွင် ရှေးအခါက သင်္ဘောများ ပျက်ဆီးခဲ့ကြသည့်အကြောင်း ဒဏ္ဍရီဆန်ဆန် ပြောဆိုမှုများ အနှံ့အပြားတွင် ရှိကြသည်။ ထိုထက်မျာစွာနောက်ကျပြီးသော ကာလက မွန်နှင့်မြန်မာရာဇဝင်များနှင့် အောက်မြန်မာပြည်၏ ဘုရားသမိုင်းအချို့တွင် သင်္ဘောပျက်၍ ရောက်လာသော သင်္ဘောသားများ၊ ကုန်သည်များနှင့် စစ်သားများ ကုလားအကြောင်း ဒဏ္ဍာရီများပါဝင်ကြသည်။ သို့သော်လည်း ထိုအကြောင်းအရာများမှာ အစစ်အမှန် သမိုင်းအထောက်အထားအဖြစ် မှတ်ယူ၍မရနိုင်ပေ။ သို့သော်လည်း ဗုဒ္ဒရ်မကာန်နှင့် ဒရ်ဂါအဆောက်အဦးများ စစ်တွေမှ မြိတ်မြို့ မြန်မာပြည် ကမ်းခြေတစ်လျှောက် နေရာများတွင် ရှိနေခြင်းကား အောက်မြန်မာပြည်နှင့် ရှေးခေတ်မွတ်စလင်တို့ ဆက်သွယ်မှုရှိခဲ့သည့်အကြောင်း အမှတ်ရစရာ သက်ရှိဖြစ်ရပ်ဇာတ်လမ်းများကို ထောက်ခံလျက်ရှိပါသည်။
        ဗုဒ္ဒရ်မကာန်ဆိုသော အခေါ်၏ မူရင်းမှာ ဗဒရ်မကာန်ဖြစ်သည်။ ဆာရစ်ချတ်၊ စီ တမ်ပဲလ်က ဗဒရ်ကို စစ်တကောင်းမြို့၏ ပီရ်ဗဒရ်ဟု တိတိကျကျဖော်ထုတ်ပြပြီး ဘဒ်ရုဒ္ဒီန် အောင်လီယာဟု ပို၍ ထင်ရှားကြောင်း ဆိုထားသည်။ ၎င်းအား မွတ်စလင် ရေကြီးရေလျှံမှုနတ်(ရှေးအာရပ်ရိုးရာ အလ်ခိဒရ်)နှင့် ဆက်စပ်ဖော်ပြထားသည်။ ဗဒရ်မကာန်တို့သည် ဗုဒ္ဓဘာသာဝင်များ ၊ ဟိန္ဒူဘာသာဝင်များ၊ မဟာမေဒင်များ၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်ဌာနေလူမျိုးများ အားလုံးနှင့်ဆိုင်သော ဂူဗိမာန်များဖြစ်ကြသည်။ ဤသူတော်စင်တို့၏ ခေတ်ကာလသည် အေဒီ ၁၅ ရာစု၏ ပထမနှစ်ဝက်ဟု ဆိုသော်လည်း ဤနေရာများ၏ အစဉ်အလာမှာ ထိုထက်များစွာ စောသောကာလအထိ ရောက်ရှိလိမ့်မည်ဟု ယူဆရသည်။ ဒရ်ဂါဆိုသည်မှာ သံတွဲ၊ ပုသိမ်၊ သံလျင် စသည်တို့၌ ဘဒရုဒ္ဒင်အောင်လီယာမှအပ ဖြစ်သော မွတ်စလင် သူတော်စင်များဖြစ်ကြသည်ဟု ယေဘုယျယူဆကြသည်။ သို့သော်လည်း သူတို့အား ရိုသေကိုင်းရှိုင်းကြသော လူတို့သည် ယင်းတို့မှာ လွန်လေပြီးသောကာလက မွတ်စလင် သူတော်စင်များ၏ သင်္ချိုင်းအုတ်ဂူများဖြစ်ကြသည် ဆိုခြင်းမှလွဲ၍ ယင်းတို့၏ သမိုင်းကို မသိကြချေ ။
        မွတ်စလင်သည် အခြားတစ်ဖက်တွင် ယူနန်နယ်မှ တစ်ဆင့် မြန်မာပြည်နှင့် အဆက်အသွယ်ရှိခဲ့သည်။ တရုတ်ပြည်ထဲသို့ ပထမဦးဆုံး အစ္စလာမ်ဘာသာ ထိုးဖောက်ဝင်ရောက်လာမှုသည် မဟာပိုးလမ်းမကြီးဖြင့် ချန်ဂန်မြို့တော်သို့၊ အဘာဆစ် ခလီဖိတ်က စေလွှတ်သော သံအဖွဲ့များမတိုင်မီ ကာလကြာရှည်ကပင် ပင်လယ်ခရီးဖြင့်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အေဒီ ၈ ရာစုတွင် တရုတ်ပြည် ကုန်းတွင်းဒေသနှင့် ပင်လယ်ကမ်းခြေတစ်လျှောက်တွင် မွတ်စလင်အခြေချ နေထိုင်မှုများ ရှိခဲ့သည်။ အေဒီ ၇၅၈ ကပင် မွတ်စလင်ကုန်သည်တို့သည် ကန်တုန်မြို့တွင် လှုပ်လှုပ်ရွရွ အနေအထားရောက်အောင် ပြုလုပ်နိုင်သည့် အရေအတွက်အထိ ရှိခဲ့သည်။ တန်ခေတ် တရုတ်တို့သည် အာရပ်ကို "တာရှိ" ဟူသော အမည်ဖြင့် သိရှိခဲ့ကြသည်။ ဆွန်မင်းဆက်ခေတ်အကုန်တွင် တရုတ်ပြည် မွတ်စလင်လူဦးရေမှာ စီဂါလူမျိုးများ ဝင်ရောက်လာခြင်းကြောင့် ကြီးထွားလာခဲ့ပြီး မွတ်စလင်များကို အခြားနာမည်များအား စွန့်ပယ်ပြီး ဟွီဟူ(သို့မဟုတ်) ဟွီဟို  နောက်ဆုံး ဟွီဟွီဟု တစ်ညီတည်း သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။
        ၁၂၅၃ ခုနှစ်တွင် ကူဗလိုင်ခန်နှင့် စစ်သူကြီး ယူရီယန်ခါဒိုင်းတို့လက်အောက်တွင် မွန်ဂိုလူမျိုးတို့သည်  မြန်မာပြည်နှင့် နီးသော ယူနန်ပြည်နယ်အနောက်ပိုင်းမြို့ တာလီကို သိမ်းပိုက်ခြင်းဖြင့် စစ်တောင်ပံကို ဖြန့်ခဲ့သည်။ နောင် ၅ နှစ်ကြာသောအခါ ယူရီယန်ခါဒိုင်းသည် ယူနန်နယ်ရှိ "တိုင်" လူမျိုးများနှင့် လူမျိုးနွယ်စုအားလုံးကို အောင်နိုင်ခဲ့သည်။ တန်ခေတ်ကာလကပင် မဟာမေဒင်ဘာသာလွှမ်းမိုးခံခဲ့ရသော ဗဟိုအာရှဒေသသို့ မှန်မှန် ဖြေးဖြေး တိုးဝင်ခဲ့မှုကြောင့် ပုံမှန်တိုးပွားများလျက်ရှိသော ယူနန်ပြည်နယ်၏ မွတ်စလင်လူဦးရေသည် မွန်ဂိုတို့သိမ်းလိုက်ခြင်းဖြင့် မွန်ဂိုစစ်တပ်တွင် ပါဝင်သော မွတ်စလင်စစ်သည်များနှင့် အရာရှိများကြောင့် တိုးတက်များပြားလာပြန်သည်။ ယူနန်နယ်ကို အုပ်ချုပ်သော ယွန် (မွန်ဂို) အုပ်ချုပ်ရေးအရာရှိအချို့မှာ ထင်ရှားသော မွတ်စလင်များ ဖြစ်ကြသည်။ ၁၂၇၄ မှ ၁၂၇၉ အတွင်း ယူနန်၏ ပြည်နယ်ကောင်စစ်ဝန်မှာ စိုင်တိန်ချိရှန်စုတင် ဖြစ်၍ သူ၏ မွတ်စလင်အမည်မှာ ရှမ်စွတ်ဒင်ဖြစ်သည်။ ဥာဏ်ပညာရှိ၍ ညှာတာထောက်ထားတတ်သော အုပ်ချုပ်ရေး အရာရှိတစ်ဦးဖြစ်သူ ဆအီးဒ်အဇလ်သည် ယူနန် ပြည်သူလူထုအား ငြိမ်သက်အေးချမ်း၍ နှစ်သိမ့်ကျေနပ်မှုရအောင် ဆောင်ရွက်ပေးခဲ့သည်။ သူ၏သား နာဆူလာတင် (နဆွီအွတ်ဒင်)သည် ၁၂၇၉ မှ ၁၂၈၅ ထိ ယူနန်ပြည်နယ်၏ လမ်းများကို အုပ်ချုပ်ရသော စစ်ဦးစီးမှူးဖြစ်ပြီး သူသည် ၁၂၇၇-၇၈တွင် မြန်မာပြည်အား ကျူးကျော်သော ပထမဆုံး မွန်ဂိုတပ်များကို ဦးဆောင် အမိန့်ပေးခဲ့သည်။ သူ၏ ညီ ဟူစိန်မှာ ၁၂၈၄ တွင် ပထမဆုံးခန့်အပ်ခံရသော သယ်ယူပို့ဆောင်ရေး မင်းကြီး ဖြစ်သည်။ သူ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ၁၃၀၁ တွင် ယွန်(မွန်ဂို)နန်းတော်သို့ မြန်မာပြည်က ဆင်ဖြူတော်တစ်စီးကို လက်ဆောင်ပဏ္ဏာအဖြစ် တင်သွင်းခွင့်ရခဲ့သည်။
        ၁၃ ရာစုအကုန်ပိုင်း ပုဂံမင်းဆက် ပျက်သုဉ်းရခြင်းအကြောင်းရင်းများအနက် အဓိက အကြောင်းတစ်ရပ်မှာ မွန်ဂိုတပ်များ သုံးကြိမ်သုံးလီ ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခြင်းကြောင့် ဖြစ်သည်။ အစ္စလာမ်ဘာသာသည် ထိုမွန်ဂိုကျူးကျော်မှုများနှင့်အတူ ပါဝင်၍ မြန်မာပြည်ထဲသို့ ထိုးထောက်ဝင်ရောက်ခဲ့သည်။ မွန်ဂိုတပ်များ ကျူးကျော် ဝင်ရောက်မှုတစ်ရပ်အား မွတ်စလင်ဗိုလ်ချုပ်ကြီးတစ်ဦးက ကွပ်ကဲ အမိန့်ပေးခဲ့ပြီး မြန်မာပြည် မြောက်ပိုင်းတွင် မွန်ဂိုအုပ်ချုပ်ရေးကို ထူထောင်ပေးခဲ့သည်။
        သို့ဖြင့် ယူနန်မှတစ်ဆင့် မြန်မာပြည်နှင့် အစ္စလာမ်ဘာသာ ဆက်သွယ်မိခြင်းသည် စိုင်တိန်ချိနှင့် သူ့မိသားစုထိ နောက်ကြောင်းရှိသည်။ ဤဆက်သွယ်မှုများမှာ တိုတောင်းပြီး အကန့်အသတ်ရှိခဲ့ပုံရသည်။
        အရှေ့ဘင်္ဂလားနှင့် ရခိုင်ဒေသတို့ကို ဖြတ်၍ ကုန်းလမ်းခရီးဖြင့် မွတ်စလင်တို့၏ ဆက်သွယ်မှုများမှာ ရေရှည်တွင် ပို၍အရေးပါခဲ့သည်။ တကယ်တော့ ရခိုင်ပြည်သည် အစ္စလာမ်ဘာသာအတွက် ပိုပြီး အခိုင်အမာ ရှေ့တန်းနေရာဖြစ်ပြီး ထိုမှတစ်ဆင့် မြန်မာပြည်ဒေသ အားလုံးသို့ တဖြည်းဖြည်းနှင့် ငြိမ်းချမ်းစွာ အလင်းရောင်ဖြာဝေထွန်းလင်းပေးခဲ့သည်။
        ဘင်္ဂလားနယ်တွင် အစ္စလာမ်ဘာသာသည် ဂေါနယ်၏ မိုဟာမက် အုပ်စိုးစဉ်အတွင်း အေဒီ ၁၂၀၂ တွင် ဗြဟ္မပုတ္တရ မြစ်ကမ်းခြေဒေသများထိ ရောက်ရှိခဲ့ပြီး ဗုဒ္ဓဘာသာ၊ ရခိုင်နိုင်ငံသည် ယခင်က အေဒီ ၁၂၈၇ တွင် ပုဂံနိုင်ငံ ကျဆုံးပျက်စီးချိန်ထိ မိမိ၏ အာဏာပိုင်စိုးရေးအတွက် အရှေ့ပုဂံနိုင်ငံကိုသာ မျှော်ကြည့်ခဲ့သည်။ သို့သော် ၁၅ ရာစု ဆန်းချိန်တွင်ကား အခြေအနေ အချိန်အခါ၏ တွန်းအားကြောင့် အနောက်ဘက် ဘင်္ဂလား မွတ်စလင်ပြည်နယ်ဘက်သို့ ဦးလှည့်သည်။ (ဘင်္ဂလားသည် ထိုအခါက ဒေလီနှင့် သီးခြားကင်းလွတ်၍ အေဒီ ၁၃၃၆ တွင် ဖကားရ်အူဒင် မူဘာရတ်ရှားက စတင်တည်ထောင်ခဲ့ပြီး နောင် ၉ နှစ်ကြာသောအခါ ၁၃၄၅ တွင် ဟာဂျီရှမ်ရှုဒင်အီလီယားစ်ရှားက ဘင်္ဂလားပြည်နယ်တစ်ခုလုံးကို စူလတန်အုပ်ချုပ်သော နယ်အဖြစ် ထူထောင်ခဲ့သည်။ သို့သော်လည်း ဘင်္ဂလားနယ်အတွင်း ယင်းအပြောင်းအလဲအားလုံးက ဗုဒ္ဓဘာသာနိုင်ငံ ရခိုင်ပြည်သို့ မည်သည့် တိုက်ရိုက်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။) ၁၃၆၄ တွင် မြန်မာပြည်၌ အင်းဝကို မြို့တော်ပြု၍ သစ်လွင်ပြီး ထိတ်လန့်ဖွယ်ရာ နိုင်ငံတစ်ခု ပေါ်ပေါက်လာသည်။ ထို အင်းဝနိုင်ငံက အေဒီ ၁၄၀၄ တွင် ရခိုင်ပြည်ကို တိုက်ခိုက်သည်။ ဘုရင်မင်းခေါင်၏ သားတော် မင်းရဲကျော်စွာက ရခိုင်ဘုရင် နရမိတ်လှအား တိုက်ထုတ်လိုက်သည်။ အင်းဝက ရခိုင်အပေါ် ဆင်နွှဲသော ဤတိုက်ခိုက်မှုသည် ရာစုတစ်ခုကြာမျှ (၁၄၃၀-၁၅၃၁)ရခိုင်ပြည်ကို မွတ်စလင်ကြီးစိုးလွှမ်းမိုးရေးအတွက် လမ်းခင်းပေးလိုက်သလို ဖြစ်ခဲ့ရသည်။
        နရမိတ်လှလည်း ဘင်္ဂလားသို့ထွက်ပြေးခဲ့ပြီး ဂေါဝါစူလ်တန်နန်းတော်တွင် ခိုလှုံခဲ့သည်။ သူသည် အေဒီ ၁၄၃၀ ထိ ပြည်ပြေးဘဝဖြင့် ရှိနေခဲ့ပြီး ထိုနှစ်တွင် စူလတန်၏ စစ်ရေးအကူအညီကို ယူ၍ ရခိုင်ပြည်ကို ပြန်လည်သိမ်းပိုက်ပြီး ဘုရင်အဖြစ် အုပ်စိုးနိုင်ခဲ့သည်။တော်သစ် မြောက်ဦးကိုလည်း တည်ထောင်ခဲ့သည်။ သူနှင့်အတူ မွတ်စလင်နောက်လိုက်များနှင့် စစ်သားများပါလာရာ သူတို့ကို မြို့တော်သစ်အနီးတွင် အခြေချနေထိုင်စေခဲ့သည်။ သူတို့သည် စန္ဒီခန်ဗလီကို ဆောက်လုပ်ခဲ့ကြသည်။ ထိုဗလီသည် ကဝါလောင်ရွာ၌ ယနေ့တိုင်တည်ရှိသည်။ ထိုကာလတွင် နရမိတ်လှသည်တစ်ချိန်က ရခိုင်မင်းတို့ ပိုင်စိုးခဲ့သော အနောက်ဘင်္ဂါ ၁၂ မြို့ကို မစိုးမိုးနိုင်ဘဲရှိခဲ့သည်။ နရမိတ်လှကို ဆက်ခံသော မင်းများသည်လည်း ပါဠိဘာသာဖြင့် ဘွဲ့အမည်များကို ခံယူကြရုံမက မွတ်စလင်ဘာသာ ဘွဲ့တံဆိပ်များကိုလည်း ခံယူခဲ့ကြသည်။ ရခိုင်ရာဇဝင်သစ်အရ ဤကဲ့သို့သော ဘင်္ဂလားစူလတန်ထံမှ ဘွဲ့တံဆိပ်များကို လက်ခံရရှိခဲ့သော ရခိုင်ဘုရင် ၉ ပါး ရှိခဲ့သည်။
         မင်းဘင်(၁၅၃၁-၅၃)လက်ထက်တွင်မှသာ စစ်တစ်ကောင်းကိုသိမ်းယူပြီး ဒါကာထိ တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ မင်းဘင်နောက်ပိုင်း ဗုဒ္ဓဘာသာ ရခိုင်မင်းများ၊ ဘွဲ့တံဆိပ်များကို ဆက်လက်ခံယူခဲ့ကြသည်။ သို့သော် သူတို့အုပ်ချုပ်သော လက်အောက်ခံ နယ်များတွင် ကုလားဟုခေါ်သော မောင်းဂွတ်(မဂို)၊ ပထန်၊ ဆက်ခ်၊ မရူမ်၊ ဟိန္ဒူများနှင့် မူဆလမန်(မွတ်စလင်)များ ပါဝင်ကြ၍ မဟာမဂိုဘုရင်တို့၏ ဘွဲ့တံဆိပ်ကို အတုယူခြင်းမျှသာ ဖြစ်တော့သည်။
         ရခိုင်ဒေသအပေါ် အစ္စလာမ်ဘာသာ သြဇာရောက်မှုသည် လေးနက်သည်။ ဘုရင်များသည် မိမိတို့ကို စူလတန်များနှင့် စူလတန်များ အုပ်စိုးသော နိုင်ငံဟန်ပြုလုပ်ကြသည်။ မိမိတို့၏နန်းတော်ကို ဂေါဝါနှင့် ဒေလီပုံဖော်ကြသည်။ ဖရေးဆီဘက် စတီယန်မင်နရိစ်၏ ကိုယ်တွေ့မှတ်တမ်းအရ သီရိသုဓမ္မာဘုရင်အား နည်းပေးလမ်းပြ ပြုနေသူမှာ မွတ်စလင်တစ်ဦးဖြစ်ပြီး ဟာဂ်ျဘုရားဖူးနှစ်ကြိမ်သွားရောက်ဖူးသူဖြစ်သည်။ သူသည် ရခိုင်ထီးနန်း၌ အလွန်သြဇာကြီးပြီး ရခိုင်လူမျိုးတို့က သူ့ကို သူတော်စင်တစ်ဦးအဖြစ် အသိအမှတ်ပြုကြသည်။
         ရခိုင်ပြည်အပေါ် မွတ်စလင် ယဉ်ကျေးမှု ရိုက်ခတ်သက်ရောက်မှုသည် နောက်ဆက်ခံသော ဆယ်စုနှစ်များအတွင်း၌ ရခိုင်ဘုရင့်နိုင်ငံ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုကို အရှိန်ရစေခဲ့သည်။ အုပ်ချုပ်ရေးဖက်တွင် တိုးတက်မှုများရှိသကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့တွင်လည်း တိုးတက်မှုရှိခဲ့သည်။  မဂိုအင်ပါရာရှင် ဟူမာယွန်ကိုယ်တိုင် ဂေါဝါကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဘင်္ဂလားနယ်သည် ကစဉ်ကလျားအခြေအနေ ဆိုက်ရောက်နေချိန်တွင် မင်းဘင်သည် သူ၏တပ်ဖွဲ့များဖြင့် ဘင်္ဂလားနယ်ထဲသို့ ချီတက်ဝင်ရောက်သွားပြီး စစ်တကောင်းမြို့ကို သိမ်းယူပြီးလျှင် ဘင်္ဂါ ၁၂ မြို့ကိုလည်း မြန်လည် သိမ်းပိုက်ခဲ့သည်။ ဘင်္ဂလားစူလ်တန်နိုင်ငံအား သူ၏ ဆန့်ကျင်ပုန်ကုန်မှုသည် အောင်မြင်မှုရရှိပြီး သူသိမ်းပိုက်ရရှိသောနယ်မြေများသည် အေဒီ ၁၆၆၆ အထိ ရခိုင်တို့အုပ်ချုပ်မှုအောက်၌ ဆက်လက်ရှိနေခဲ့သည်။ ၁၆၆၆ တွင်သာ ထိုနယ်များအား မဂိုအင်ပါယာလက်သို့ တဖန်လွှဲအပ်လိုက်ရသည်။
        ရခိုင်ပြည်သည် ဘင်္ဂလားနယ်နှင့် ဤကဲ့သို့ တိုး၍ ဆက်သွယ်မှုများ ပြုလုပ်လာခဲ့ရာ၌ ချစ်ကြည်ရင်းနှီးသော နည်းဖြင့်ဖြစ်စေ၊ ရန်စစ်ပြုသောနည်းဖြင့် ဖြစ်စေ ဤကဲ့သို့တိုး၍ ပြုလုပ်လာခြင်းကြောင့် ထိုဒေသမှသာမက အိန္ဒိယပြည်မြောက်ပိုင်းမှ မွတ်စလင်အများအပြားလည်း ရောက်ရှိလာကြသည်။ ယင်းတို့အနက် တချို့မှာ စစ်သုံ့ပန်းများ သို့မဟုတ် ဖမ်းဆီးခံရသော ကျွန်များ၊ ရခိုင်ဘုရင်များအထံ အမှုထမ်းဆောင်သော စွန့်စားရေးသမား ကြေးစားစစ်သည်များဖြစ်ကြသည်။ ဖရေးဆီဘက်စတီယန်မင်နရိစ်က သီရိသုဓမ္မာမင်း၏ နန်းတက်ပွဲအခမ်းအနားတွင် အိန္ဒိယပြည်မြောက်ပိုင်းမှ မွတ်စလင် စစ်သည်တပ်ဖွဲ့တစ်ဖွဲ့ တက်ရောက်ခဲ့ပုံကို ဖော်ပြခဲ့သည်။
        အမှန်အားဖြင့် ရခိုင်ပြည်သည် တောင်နှင့် အရှေ့ဘက်ရှိ တိုင်းပြည်များသို့ အစ္စလာမ်ဘာသာ ပြန့်ပွားရေးအတွက် တစ်ဖက်နယ်မြေ ခြေကုပ်စခန်းဖြစ်လာခဲ့သည်။ ဒတ်ခ်ျတို့နှင့် ကျွန်ကုန်ကူးမှုများလာသလောက် ဒတ်ခ်ျအရှေ့အိန္ဒိယ ကျွန်းများတွင် မွတ်စလင် လူဦးရေ တိုးပွားလာမှုကို အထောက်အကူပြုခဲ့သည်။ အကြောင်းမှာ ထိုဒေသ၌ အစ္စလာမ်ဘာသာသည် အခိုင်အမာ ခြေကုပ်ယူထားနှင့်ပြီးဖြစ်သည်။ အေဒီ ၁၅၉၉ ခုနှစ်တွင် ရခိုင်တို့ အောက်မြန်မာပြည်သို့စစ်ချီခဲ့ခြင်းကလည်း ထိုဒေသသို့ အစ္စလာမ်ယုံကြည်မှု ပြန့်ပွားရေးအတွက် တစ်နည်းတစ်လမ်းအားဖြင့် အကြောင်းတစ်ရပ်ဖြစ်ခဲ့သည်။
         အေဒီ ၁၆၆၀ တွင် ရှာရှူဂျာမင်းသား ရခိုင်ပြည်သို့ထွက်ပြေးခဲ့ရသည့် ကြေကွဲဖွယ်ရာဖြစ်ရပ်သည်လည်း မြန်မာပြည်နှင့် အစ္စလာမ်ဘာသာ ဆက်သွယ်မှုသမိုင်းတွင် အရေးကြီးသော အဖြစ်အပျက်တစ်ရပ်ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်မှာ မဂိုအင်ပါယာရှင် ရှာဂျဟန်၏ နောက်ဆုံးနေ့ရက်ကာလများအတွင်း ထီးန်းဆက်ခံရေးစစ် ဖြစ်ပွားကြရာမှ အကျိုးဆက်ဖြစ်သည်။ ရှာဂျဟန်၏ ဒုတိယသားတော် ရှာရှူဂျာသည် သြရန်ဇစ် ၏ စစ်ဗိုလ်ချုပ် မီးရ်ဂျူမလာနှင့် တိုက်ရာတွင် အရေးနိမ့်၍ ထီးနန်းဆက်ခံရေး ကြိုးပမ်းမှုကို စွန့်လွှတ်ခါ မိသားစုနှင့် နောက်လိုက်နောက်ပါ လူ ၅၀၀ နှင့်အတူ ရခိုင်ပြည်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။ ပထမတွင် ဘုရင် စန္ဒသုဓမ္မာ (၁၆၅၂ - ၈၄ )က ပျူပျူငှာငှာ ခရီးဦးကြိုပြုပြီး မက္ကာသို့သွားမည့် ခရီးအတွက် သင်္ဘောများ ကူညီပေးမည်ဟုပင် ကတိပြုခဲ့သည်။ သို့သော်လည်း ချစ်ကြည်မှုသည် ကြာရှည်မတည်မြဲခဲ့ပေ။ ရှာရှူဂျာ နောက် လိုက်လာသော မီးရ်ဂျူမလာက မင်းသားနှင့် သူ၏ မိသားစုကို ပေးအပ်ရန် တောင်းဆိုလျက်ရှိပြီး ရခိုင်ပြည်ကို မဂိုတို့ ကျူးကျော်တိုက်ခိုက်လာမည်ကို စိုးရိမ်ထိတ်လန့်မှုမှာလည်း ယေဘုယျဖြစ်ပေါ်လျက်ရှိသည်။ တစ်ချိန်တည်းတွင် ရခိုင်ဘုရင်က ဒုက္ခသည် မင်းသားယူဆောင်လာခဲ့သော ချမ်းသာကြွယ်ဝသည့် ရတနာများကို လိုချင်တပ်မက် ဇောဖြစ်လာဟန်ရှိသည်။ ထိုအတွင်း ရခိုင်ဘုရင်က ရှူဂျာ၏ သမီးတော်တစ်ပါးအား လက်ဆက်ခွင့်တောင်းခံလာသောအခါ နောက်ဆုံးရင်းနှီးချစ်ကြည်မှု ဆက်ဆံရေးကြိုးမျှဉ်သည် ပြတ်တောက်သွားခဲ့ရသည်။ ထိုတောင်းဆိုချက်ကို မောက်မာစွာငြင်းပယ်လိုက်ပြီးနောက် ရှာရှူဂျာနှင့် နောက်လိုက်တို့သည် သည်းခံနိုင်ဖွယ်ရာ မရှိသောအခြေအနေမှ ထွက်ပေါက်ရရေးအတွက် သွေးရူးသွေးတမ်း ကြိုးပမ်းခဲ့ကြသည်။ ဒေသခံမွတ်စလင်များနှင့် ပူးပေါင်း၍ ဘုရင်ကို ဖြုတ်ချပြီး ထီးနန်းကိုသိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ထိုကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပါ။ ၁၆၆၁ တွင် ဘုရင်၏ တပ်များက ရှာရှူဂျာ၏ အိမ်တော်ကို တိုက်ခိုက်၍ သူနှင့် သူ့သားများ တောတောင်များထဲသို့ ထွက်ပြေးကြသော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ကြရသည်ဟု ဆိုသည်။ ရခိုင်ဘုရင်က ရှာရှူဂျာကို ကွပ်မျက်ပြီး သားများကို အကျဉ်းချထားပြီးနောက် လွှတ်ပေးခဲ့သည်။ ၁၆၆၃ တွင် တစ်ကြိမ် ထပ်မံ၍ ဘုရင်ကို လုပ်ကြံဖို့ကြိုးပမ်းမှု ဖြစ်ပွားပြန်သည်။ ဤတစ်ကြိမ်တွင်လည်း အောင်မြင်မှုမရဘဲ မွတ်စလင်နှင့် ဘင်္ဂါလီအများအပြား သတ်ဖြတ်ခံကြရသည်ဟု ဆိုသည်။ ကျန်လူများကို သစ္စာရေတိုက်၍ ဘုရင့်လေးသည်တော်များအဖြစ် အမှုထမ်းစေခဲ့သည်။ သူတို့ကို ကမန်ဟု ခေါ်တွင်သည်။
        ၁၆၆၆ တွင် မဂိုဘုရင်တပ်များ ဘင်္ဂလားနယ်စား ရှာယစ်တာခန် ခေါင်းဆောင်၍ ရခိုင်တို့ကို စစ်တကောင်း၊ ရာမူးနှင့် အရှေ့ ဘင်္ဂလားနယ်တို့မှ တိုက်ထုတ်ခဲ့သည်။ ဤတွင် အရှေ့ဘင်္ဂလားနယ်အပေါ် ရခိုင်တို့၏ တန်ခိုးသြဇာ နိဋ္ဌိတံခဲ့သည်။ ၁၆၈၄ တွင် ဘုရင် စန္ဒသုဓမ္မာ ကွယ်လွန်အနိစ္စရောက်ခြင်းနှင့်အတူ ပြည်တွင်း မငြိမ်မသက်မှုများအကြားတွင် ကမန်များဖြင့်ဖွဲ့စည်းထားသော နန်းတော်စောင့် လေးသည်တော် တပ်ဖွဲ့တန်ခိုးကြီးလာခဲ့သည်။ ရှာရှူဂျာမင်းသား၏ နောက်လိုက်များမှ မသေဘဲ ရှင်ကျန်ခဲ့သူများဖြင့် စတင်ဖွဲ့စည်းခဲ့သော ထိုတပ်ဖွဲ့သည် နောက်ပိုင်းတွင် အိန္ဒိယမှ ထပ်မံရောက်ရှိလာသော စစ်သားများ၊ စားသူများနှင့် ထပ်မံပူးပေါင်းအားဖြည့်ခြင်းဖြင့် အင်အားကြီးလာခဲ့သည်။ သူတို့သည် ၁၆၈၄ မှ ၁၇၁၀ ကာလအတွင်း ဘုရင်ကိုပင် ဖြုတ်နိုင်ခန့်နိုင်လောက်အောင် တန်ခိုးသြဇာကြီးခဲ့သည်။ ဤအခြေအနေများက အရှေ့ဘက်နှင့် တောင်ဘက်ဒေသများဖြစ်သော ကျောက်ဖြူ ၊ သံတွဲခရိုင်များ၊ ထိုမှတစ်ဆင့် မြန်မာပြည်အလယ်ပိုင်းသို့ မွတ်စလင်များ နောက်ထပ်ရွှေ့ပြောင်းနေထိုင်ရေးကို ဖြစ်စေခဲ့သည်။ ထိုသူတို့အနက် အချို့မှာ အင်းဝကို အုပ်စိုးသော မြန်မာဘုရင်၏ ရခိုင်ပြည် စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရပြီး စစ်သုံ့ပန်းများအဖြစ် မြန်မာပြည်အလယ်ပိုင်းသို့ခေါ်ဆောင်သွားခြင်းခံရသူများဖြစ်သည်။ ထိုထက်ပိုပြီး ရဲရင့်စွန့်စားသူများမှာ မြန်မာပြည်အလယ်ပိုင်းသို့သွားရာ ခရီးလမ်းကို ရှာဖွေသွားရောက်ပြီး အင်းဝဘုရင်ထံ အမှုထမ်းခဲ့သူများဖြစ်သည်။ မြန်မာပြည် အလယ်ပိုင်း ဧရာဝတီလွင်ပြင် ဒေသသို့ အစ္စလာမ်ဘာသာ ကုန်းတွင်းရွှေ့ပြောင်းသွားမှုကို သီးခြား သဘောထားသင့်သည်။ သို့မှသာ  ပင်လယ်ပြင်မှတစ်ဆင့် အောက်မြန်မာပြည်သို့ ရောက်လာခြင်းနှင့်အတူ စဉ်းစားနိုင်မည်ဖြစ်သည်။
        ၁၈ ရာစု အစပိုင်းလောက်အထိ နောက်ကျစွာပင် မွတ်စလင်တို့သည် တေလ်ဂူများ၊ အာမေနီယန်များနှင့်အတူ သန်လျင်ဆိပ်ကမ်းမြို့၌ ပုဂ္ဂလိက ကုန်သည်များအဖြစ် အများအပြားရောင်းဝယ်ဖောက်ကားနေခဲ့ကြသည်။ အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီ စိန့်ဂျော့ခံတပ်(Fort St. George)မှတ်တမ်းများတွင် ဖော်ပြထားချက်အရ သူတို့သည် သင်္ဘောများ တည်ဆောင်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့ကြသည်။ သူတို့သည် Friendship ခေါ် အင်္ဂလိပ်သင်္ဘောကိုပင် ဖမ်းဆီး၍ အင်္ဂလိပ်တို့ကို မလေးမခန့်ပြုခဲ့ကြသည်။ အီလာဟီနှင့် ဆလာမတ်ခေါ် အစ္စလာမ် အမည်ရှိ သင်္ဘောနှစ်စင်းမှာ အင်းဝ ဘုရင် စနေမင်း(၁၆၉၀-၁၇၁၄)ပိုင်များဖြစ်ပြီး စိန်ဂျော့ခံတပ် (Fort St. George)တွင် ခေတ္တဝင်ရောက်ဆိုက်ကပ်ခဲ့သည်ဟု မှတ်တမ်းတင်ထားသည်။ ယင်းသင်္ဘောများမှာ သန်လျင်တွင် အာရပ်သင်္ဘောတည်ဆောက်သူများ တည်ဆောက်ခဲ့သော သင်္ဘောများ ဖြစ်ဖွယ်ရာရှိပေသည်။ စနေမင်းသည် ရေကြောင်းကုန်သွယ်ရေးလုပ်ငန်း၏ အရေးကြီးသောအပိုင်းကို ရယူထားခဲ့ကြောင်း ထင်ရှားပေသည်။
        ဤမင်းလက်ထက်တွင် အင်းဝနန်းတော်နှင့် မဂိုတို့၏ မွတ်စလင်နန်းတော်တို့အကြား သံတမန်ဆက်သွယ်မှုရှိခဲ့ကြောင်း အဆိုပါအင်္ဂလိပ်မှတ်တမ်းတွင် ဖော်ပြထားသည်။ အေဒီ ၁၇၀၆ တွင် မြန်မာသံအဖွဲ့တစ်ခုကို အင်ပါယာရှင် သြရန်ဇစ်ထံ စေလွှတ်ခဲ့သည်။ ၁၇၁၁ တွင် အင်ပါယာရှင် ရှားအလာမ်က စနေမင်းထံ လက်ဆောင်အဖြစ် ဂုဏ်ထူးဆောင် ဝတ်ရုံတစ်ခုကို ပေးပို့ခဲ့သည်။ အပြန်အလှန်အားဖြင့် မြန်မာဘုရင်က မစ်ရှင်အဖွဲ့တစ်ခုကို ဆင် ၁၂ ကောင်နှင့်အတူ လက်ဆောင်ပါးရန် မဂိုနန်းတော်သို့ စေလွှတ်ခဲ့သည်။ နောက်နှစ်တွင်လည်း မြန်မာက သံအဖွဲ့တစ်ခုစေလွှတ်ခဲ့သေးသည်။ ဒုတိယသံအဖွဲ့သည် စနေမင်းပိုင် အီလာဟီသင်္ဘောဖြင့် ဘင်္ဂလားသို့ ထွက်ခွါသွားရောက်ခွင့်ရခဲ့သည်ဟု မှတ်တမ်းတွင်ဖော်ပြသည်။
        မဂိုနန်းတော်နှင့် မြန်မာတို့၏ သံတမန်ဆက်ဆံရေး၊ သန်လျင်နှင့် ပဲခူးဆိပ်ကမ်းမြို့များတွင် မွတ်စလင်ကုန်သည်များ ဆက်တိုက်ရောက်ရှိနေခြင်းအပြင် အင်္ဂလိပ်တို့ကို အာခံနိုင်လောက်သော အာရပ် သင်္ဘောတည်ဆောက်သူများ ရှိနေခြင်းတို့သည် ထိုအခါက မြန်မာပြည်၏ ကုန်သွယ်ရေးနှင့် သင်္ဘောလုပ်ငန်းတွင် မွတ်စလင်တို့ ထင်ရှားအရေးပါ၍ သြဇာရှိကြောင်း ထင်ရှားစေသော အချက်များဖြစ်သည်။ ဒေသနယ်ပယ်အတွင်း နိုင်ငံရေးအပြောင်းအလဲများက အဆက်ပြတ်တောက်မသွားသောသူတို့၏ လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိပုံမပေါ်ခဲ့ပေ။
        စောစောပိုင်း ၁၆ ရာစု အလယ်လောက်တွင် အောက်မြန်မာပြည် ပဲခူးနှင့် အခြားနေရာများတွင် ပြည်ပမှ မွတ်စလင်များ ရောက်ရှိနေထိုင်ခဲ့ကြသည့်အကြောင်း မှတ်တမ်းများကဆိုသည်။ ဘုရင့်နောင်(၁၅၅၁-၈၁)က ဘာသာရေးပြုပြင်မှုများ ပြုလုပ်မှုကြောင့် အီဒွလ်အသွဟာ ပွဲတော်နှင့် ဆက်စပ်၍ တိရစ္ဆာန်တို့ကို သတ်ဖြတ်မှုအား ရပ်ဆိုင်းခဲ့ရသည်။ သန်လျင်မြို့ရှိ ဒီဘရစ်တိုအား ကူညီရန် နောက်ကျရောက်လာသော ပေါ်တူဂီသင်္ဘောများတွင် ပါရှိခဲ့သော မွတ်စလင်သင်္ဘောများကို အနောက်ဘက်လွန်မင်းက ၁၆၁၃ တွင် သန်လျင်ကို သိမ်းယူပြီးနောက် ပေါ်တူဂီသုံ့ပန်းများနှင့်အတူ အထက်မြန်မာပြည်သို့ ပို့၍ ဧရာဝတီနှင့် ချင်းတွင်းမြစ်နှစ်သွယ်ကြားဒေသများတွင် နေရာချပေးခဲ့သည်။ ထိုမင်းသည်၁၆၁၅ တွင် ရခိုင်ပိုင်ဟုဆိုသော အုန်းကျွန်းနှင့် အရဲကနက်ကျွန်းများအရေး အငြင်းပွားမှုကို ဖြေရှင်းရန် သံတွဲကို ချီတက်တိုက်ခိုက်ခဲ့သည်။ ထို စစ်ဆေးရေးအပြီးတွင် သုံ့ပန်းအများအပြားကို ဖမ်းဆီးခေါ်ဆောင်လာပြီး မြန်မာပြည်အလယ်ပိုင်းတွင် နေရာချထားခဲ့သည်။ မှတ်တမ်းတစ်ခုအရလည်း စနေမင်း လက်ထက်တွင် အခြေချနေထိုင်မှု ၃၇ မှု ထူထောင်ပေးခဲ့သော စာရင်းတစ်ခု ဖော်ပြထားသည်။ ထိုအနက် ၁၂ ခုမှာ မွတ်စလင်အခြေချ နေထိုင်မှုများဖြစ်ပြီး တောင်ငူ၊ ရမည်းသင်း၊ ညောင်ရမ်း၊ ယင်းတော်၊ မိတ္ထီလာ၊ ပင်းတလဲ၊ တဘက်ဆွဲ၊ ဗောဓိ၊ စည်သာ၊ စည်ပုတ္တရာ၊ မြေဒူးနှင့် ဒီပဲယင်းတို့ ပါဝင်ကြသည်။ အခြား ၁၇၈၃ ခုနှစ် မှတ်တမ်းတစ်ခုတွင် ရခိုင်ပြည်မှ ရွှေ့ပြောင်းလာသူမွတ်စလင် ၃၀၀၀ တို့ကို ဘုရင့်စစ်မှုထမ်းများအဖြစ် နေရာချထားပေးခဲ့သည်ဟု ဆိုသည်။ ယင်း ရွှေ့ပြောင်းဝင်ရောက်လာသူမွတ်စလင် ၃၀၀၀၏ အစဉ်အလသည် ယနေ့ထိအောင်ပင် အထက်မြန်မာပြည် မွတ်စလင်များအရေးနှင့်အတူ ပြန့်နှံ့လျက်ရှိသည်။
         အစ္စလာမ်ဘာသာရောက်ရှိ ထိခတ်လာမှုကြောင့် မြန်မာပြည်အပေါ် မည်သည့် အကျိုးသက်ရောက်မှုများကို ဖြစ်စေခဲ့ပါသနည်း။ အစ္စလာမ်ဘာသာနှင့် ခေတ်ကာလကြာမြင့်စွာ ဤဆက်သွယ်မှုသည် မြင်တွေ့ခဲ့ရသည့်အတိုင်းပင် ဘင်္ဂလားပင်လယ်အော်၏ ထပ်၌ တည်ရှိသော အင်မားကြီးမားသည့် ရခိုင်နိုင်ငံ၏ တိုးတက်ထွန်းကားမှုနှင့် ကျဆုံးပျက်စီးမှုတွင် အရေးကြီးသောအခန်းမှ ပါဝင်ခဲ့သည်။ မြန်မာပြည်အလယ်ပိုင်း လွင်ပြင်ဒေသများ၌ အထောက်အထားအရင်းအမြစ်ပစ္စည်း အများအပြားရှိထားသည်ကား ဤမွတ်စလင်အခြေချ နေထိုင်ခဲ့ကြသူများနှင့် သူတို့မှ ဆင်းသက်သူများသည် ၁၈၈၆ တွင် အထက်မြန်မာပြည်အား ဗြိတိသျှတို့ သိမ်းပိုက်ချိန်အထိ ရာစုနှစ် နှစ်စုနီးပါးကြာအောင် မြန်မာရှင်ဘုရင်များ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် အရေးကြီး၍ လိုလည်း လိုအပ်သော အစိတ်အပိုင်းများအဖြစ် ဖွဲ့စည်းပါဝင်လျက် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်၏ အသုံးဝင်သော အဖွဲ့ဝင်များဖြစ်ခဲ့ကြသည်ဆိုသောအချက်ကို ထင်ရှားသက်သေပြုလျက် ရှိကြသည်။ သူတို့အများအပြားသည် အုပ်ချုပ်ရေး လုပ်ငန်းများတွင် ပါဝင်အမှုထမ်းဆောင်ခဲ့ကြပြီး အချို့မှာ အဆင့်မြင့် ဂုဏ်ထူးဆောင် ရာထူးကြီးများအထိ တိုးမြှင့်ခန့်ထားခံခဲ့ကြရသည်။
        အချိန်၏ စီးကြောင်းတစ်လျှောက်၌ သူတို့မှ ဆင်းသက်သူတို့သည် မြန်မာလူမျိုးများအဖြစ် လုံးလုံးလျားလျား နိုင်ငံသားဖြစ်ခဲ့ကြပြီဖြစ်ပါသည်။ သူတို့နှင့်အတူပါလာခဲ့သော အစ္စလာမ်ယဉ်ကျေးမှုသည် ၎င်း၏ အခြေခံ၌ပင် အိန္ဒိယ ယဉ်ကျေးမှုနှင့်အတူ ၎င်းတို့ကို မွေးစားခဲ့သော တိုင်းပြည်၏ ယဉ်ကျေးမှုနှင့် တဖြည်းဖြည်း ရောနှောပေါင်းစပ်သွားခဲ့သည်။ အချိန်ကာလ တစ်လျှောက်တွင် ထိုသူတို့အနက် တချို့မှာ မြန်မာဘာသာစကားနှင့် စာရေးခြင်း၌ ကျွမ်းကျင် တတ်မြောက်ခဲ့ကြပြီး မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်မှု၌ သူတို့ကိုယ်ပိုင် နည်းလမ်းဖြင့် ပါဝင်အကျိုးပြုခဲ့ကြသည်။ ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရား (၁၇၈၂-၁၈၁၉) လက်ထက်တွင် အမှုထမ်းခဲ့သော ဦးနုသည် အစ္စလာမ်ဘာသာကို မြန်မာဘာသာဖြင့် သင်ကြားခြင်းနှင့် အစ္စလာမ်ဘာသာနှင့် ပတ်သက်သော အမြင်အမျိုးမျိုး စာအုပ်အများအပြားကို ရေးသားခဲ့သည်။ သူ၏ စာပေများမှာ ယနေ့ထိပင် မြန်မာပြည်ရှိ မွတ်စလင်များအတွက် ဘာသာရေးလက်စွဲစာအုပ်များ ဖြစ်လျက်ရှိသည်။ အခြား ၁၉ ရာစု မွတ်စလင်ကဗျာဆရာတစ်ဦးမှာ ဟာဂျီမှန် ဖြစ်ပြီး သူ၏ ဖခင်မှာ အင်းဝဘုရင်ခံဖြစ်သည်။
         မြန်မာပြည်သည် အစ္စလာမ်ဘာသာနှင့် ခေတ်ကာလရှည်ကြာစွာ ဆက်သွယ်မိလာခြင်းကြောင့် အာရဗီနှင့် ပါရှန်း ဝေါဟာရများ အထူးသဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် ရေကြောင်းသွားလာရေးဆိုင်ရာ စကားလုံးများသည် မြန်မာစာပေ ဝေါဟာရ စကားစုထဲသို့ ဝင်ရောက်လာခဲ့သည်။ ဥပမာ ကတ္တရာ၊ ကတ္တီပါ၊ ကရဝေး၊ ကလောင်၊ အရက်၊ အလံ၊ စပျစ်၊ သရဖူ၊ ခါလာဆီ၊ မာလိန် - စသောစကားလုံးများမှာ အာရဗီဘာသာ ဝေါဟာရတချို့ဖြစ်သည်။
        မြန်မာပြည်သို့ အစ္စလာမ်ဘာသာ ရောက်ရှိလာခြင်းကြောင့် အာရဗီဘာသာနှင့် ပါရှန်းဘာသာများဖြင့် ကျော်ထွင်းစာများလည်း ကျန်ရှိခဲ့သည်။ မြောက်ဦးမင်းဆက် မင်းများလက်ထက်က ဒင်္ဂါးများတွင် မွတ်စလင်မ်ဘွဲ့တံဆိပ်များပါရှိသည်။ တချို့တွင် အစ္စလာမ်ယုံကြည်မှုကို အာရဗီဘာသာဖြင့် " သူ၏ နိုင်ငံအား အလ္လာဟ်အရှင်မြတ်သည် ထာဝရ တည်မြဲပါစေ " ဟု အဓိပ္ပါယ်ဆောင်သော ဆုတောင်းစကားပါရှိသည်။ အခြားအာရဗီဘာသာကျောက်ထွင်းစာတစ်ခုမှာ သန်လျင်ရှိ ပေါ်တော်မူဗလီဝင်းအတွင်း၌ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ယင်းတွေ့ရှိချက်များက မွတ်စလင်တို့ မြန်မာပြည်သို့ ရောက်လာပုံအကြောင်းနှင့်ပတ်သက်၍ အထောက်အထားများအဖြစ် အသိပညာ အလင်းရောင်ကို တိုးပွားရရှိစေခဲ့သည်။     ။
********************************* 

 မူရင်း - The Coming of Islam to Burma down to 1700 A.D,

by BA SHIN

       

ဘရှင်

(မြန်မာနိုင်ငံသမိုင်းကော်မရှင်)

ဘာသာပြန်-ကျော်သက်ဟန်