THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်(22-4-2016) ကြေးမုံသတင်းစာ

 

MOI Webportal Myanmar

April 22 at 8:13am · 

ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နတ်မောက်ထွန်းရှိန်

သတင်းစာဆရာ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်၏ ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည် စာအုပ်ကို စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ရန်အတွက် ကြေးမုံမှ အပတ်စဉ် အခန်းဆက်ဖော်ပြပေး လျက်ရှိသည်။ (ကြေးမုံ)

ယခင်အပတ်မှအဆက်

နန်းတွင်းမှ မင်းမှုထမ်းများ ရွှေ့ပြောင်းလာခဲ့ကြပုံဤတွင်နန်းတော်အတွင်းမှ မှူးတော်မတ်တော်တို့ မြို့ထဲရွှေ့ပြောင်း နေထိုင်ခဲ့ကြရပုံမှာလည်း အများအပြား ရှိသည်။ ရွှေနန်းတော် တည်ဆောက်ပြီးနောက် မှူးတော်မတ်တော်တို့မှာ နန်းတော်အတွင်း၌ အကွက်ချနေထိုင်ကြသည်။ ၄င်းတို့နေထိုင်ရာ အိမ်ကြီးများမှာလည်း ဝင်းကျယ်ကြီးများဖြစ်သည်။ သီပေါမင်း အိန္ဒိယသို့ ပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရက နန်းတွင်းရှိနန်းတော်၌ တပ်စွဲချထားသည်။

မြန်မာဘုရင်မင်း၏ ဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်အစ အမှုထမ်းအရာထမ်းငယ်များအထိ မြို့ပြင်သို့ ထွက်နေကြရန် စီမံစေသည်။ မှူးတော်မတ်တော်
ကြီးများမှာ မြို့တွင်း၌ အိမ်ဝင်းခြံကျယ်ကြီးများဖြင့် တပည့်ငယ်သား အများအပြားများနှင့် နေထိုင်ရသူများဖြစ်၍ အသိုက်အအုံကြီးနှင့် ရွှေပြောင်းကြရသည်။ မြို့ပြင်တွင် ကြိုက်ရာမြေကွက် ဝယ်ယူနေထိုင်ကြရန် အင်္ဂလိပ်အစိုးရက ငွေထုတ်ပေးသည်။ ဘုရင့်ဆွေတော်မျိုးတော်များအား ပင်စင်လစာငွေများလည်း ထောက်ပံ့ပေးထားသေးသည်။

ဝက်မစွတ်ဝန်ထောက်သည်လည်း နန်းမြို့တွင်းအိမ်မှပါလာသော တပည့်ငယ်သားများနှင့် ယိုးဒယားဈေးအရှေ့ဘက်ဝင်း မြေဝယ်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ တပည့်ငယ်သားများကိုလည်း ဘေးတစ်ဝိုက်အတန်းများ၌ နေထိုင်စေသည်။ အိမ်ငယ်ကလေးများ ခြံရံဆောက်လုပ်နေထိုင်ကြသည်။ ထို့နောက် ဝန်ကတော်၏ ဖခင် မိုင်းခိုင်းမြို့စား အတွင်းဝန်မင်း ကွယ်လွန်သဖြင့် မိုင်းခိုင်း
မြို့စားအတွင်းဝန်မင်း၏ ဝင်းနေရာ အိမ်သစ်ဆောက်ရွှေ့ပြောင်းနေထိုင်သည်။ ယိုးဒယားဈေးဝင်းဟောင်းရှိ အိမ်ဟောင်းကို ဖျက်၍ ကျောင်းဆောက်လှူဒါန်းသည်။ ဝက်မစွတ်မြို့စားမင်းကြီး နေထိုင်ရာ အိမ်ကိုအရှေ့ဝင်းအိမ်ဟုခေါ်ဆိုကြောင်း ဒေါ်ဒဂုန်ခင်ခင်လေး၏ မှတ်သားချက်များအရ သိရသည်။

ယိုးဒယားဈေးဝင်း
▄▄▄▄▄▄▄
▲▲▲▲▲▲▲

အကွက် (၅၈၄)မှာ ယိုးဒယား ဈေးဝင်းဟု ရှေးက လူသိများသည်။ ရေစင်ဝင်းဟုလည်း ရပ်ကွက်က ခေါ်သည်။ အဝီစိတွင်း ရေစင်ကြီးရှိသည်။ ချမ်းအေးသာစံအရှေ့ ၈၂လမ်းနှင့် ၈၁လမ်းကြား၊ ၂၉လမ်းနှင့် ၃ဝလမ်းကြားရပ်ကွက်ဖြစ်သည်။ မန္တလေးတည်စဉ်က ယိုးဒယားဈေးအကွက်ဖြစ်သည်။ အမှတ်(၈) ရဲစခန်းနှင့် ဗဟိုမီးသတ်တို့ ထင်ရှားသည်။

မင်းမှုထမ်းမဟုတ်သော ယိုးဒယားများ နေပြည်တော်ဝန်းကျင် ဆင်ခြေဖုံးရပ်ကွက်တို့၌ နေထိုင်ခဲ့ကြရာ၌ ၄င်းတို့ ၏ ရိုးရာအထိမ်းအမှတ်၊ အခေါ်အဝေါ်၊ အလုပ်အကိုင်၊ အမည်နာမများ ကျန်ရစ်ခဲ့သဖြင့် နှောင်းလူတို့ပြောဆို နိုင်ကြခြင်းဖြစ်သည်။ ဆန်ရွှေချီမုန့်၊ မုန့်တီ၊ ရွှေထမင်း၊ မုန့်လက်ဆောင်းမုန့်များမှာ ¤င်းတို့၏ ရိုးရာ လုပ်ငန်းအမည်များဖြစ်ကြောင်း မှတ်သားရသည်။ ထို့ပြင် 
ကြယ်ခတ်ခြင်း၊ မှန်စီရွှေချခြင်း၊ ယွန်းထည်ပြုလုပ်ခြင်း၊ ရွှေချည်ထိုးခြင်း၊ ရွှေထိုးခတ်ခြင်းလုပ်ငန်းတို့ကိုလည်း လုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုကြောင်း မှတ်သားရသည်။

အိုးတော်ဗလီဝင်း
▄▄▄▄▄▄▄
▲▲▲▲▲▲▲▲

ချမ်းအေးသာစံ အရှေ့အကွက် (၅၉၃) မှာ အိုးတော်ဗလီဝင်းဖြစ်သည်။ ၈၁လမ်းနှင့် ၈၂လမ်းကြား၊ ၂၈လမ်းနှင့်၂၉လမ်းကြားဝင်းဖြစ်ရာ ရှေးကအိုးတော်ပြုလုပ်သူများ နေထိုင်ရာဝင်းဖြစ်သည်။ မြင်းဝင်း၊ ရတနာဝင်း၊ ဒေါ်မမကြီး ဝင်းဟုလည်း ခေါ်ဝေါ်သည်။ ဝင်းအတွင်းသို့ လေးဘက်လေးတန်မှ ဝင်နိုင်၊ထွက်နိုင်သည်။ ရတနာဝင်းဟု ခေါ်ဆိုခြင်းမှာ ရတနာပစ္စည်းများ လုပ်ကိုင်နေသူများ ရှိသဖြင့် ခေါ်ဆိုခြင်းဖြစ်သည်ဟု မှတ်သားရသည်။ ဗဟိုမီးသတ်၏ မြောက်ဘက်ရပ်ကွက်ကြီးဖြစ်၏ရှေ့တော်ပြေးဝင်းချမ်းအေးသာစံရှေ့ လမ်း၈ဝနှင့် ၈၁လမ်းကြား၊ ၂၈လမ်းနှင့် ၂၉လမ်းကြား အကွက် (၅၉၄) မှာ ရှေ့တော်
ပြေးဝင်းဖြစ်သည်။ မင်းတုန်းမင်းလက်ထက် ရှေ့တော်ပြေးမှူး၊ ရှေ့တော်ပြေးအမှုထမ်းများအတွက် နေရာချထားသောဝင်းဖြစ်သည်။ မြန်မာမင်းလက်ထက် ရှေ့တော်ပြေးစည်တော်ရွမ်းရသော အမှုထမ်းလူ (၆၄)ဦးတို့မှာ လယ်
(၆၄)ပယ်စား သနားတော်မြတ်ခံရသည်။ လောကီလောကုတ္တရာ မင်္ဂလာအခမ်းအနားကြီးများတွင် ရှေးထုံးစံအတိုင်း ခင်းကျင်းတီး မှုတ်ရွမ်းရမြဲ၊ အလှူတော်များတွင်လည်း လမ်းလျှောက်လိုက်ပါ တီးရွမ်းရမြဲ၊ ရှေ့တော်ပြေး
စည်တော်စုံအမှုထမ်း (၁၆၄) တို့ကို ရှေ့တော်ပြေးမှူးက ကြီးကြပ်အုပ်ချုပ် ထမ်းရွက်ရသည်။ ရှေ့တော်ပြေးအိုးစည် အနုပညာသည် အစုအမှုထမ်းများပင်ဖြစ်သည်။

ရှေ့တော်ပြေးဝင်းအတွင်း ရှေ့တော်ပြေးဓမ္မာရုံကြီး တည်ဆောက်ထားသည်။ နာမည်ထင်ရှားသူများအနက် ပန်းချီဆရာကြီး ဦးဘသက် နေထိုင်ခဲ့သည်။ မြောက်ဘက်၂၈လမ်းတွင် မြို့မငြိမ်းအိမ် တည်ရှိသဖြင့် ရှေ့တော်
ပြေးဝင်းမှာ အနုပညာနွယ်လျက်ရှိခဲ့သည်။ ယခု ဆင်ခြောက်ကောင်ဖိနပ်လုပ်ငန်း၊ ရွှေကျားပျံ ဖိနပ်လုပ်ငန်း များဖြင့် ထင်ရှားသောဝင်းဖြစ်သည်။ ဝင်း၏တောင်ပေါက်မှာ ၂၉လမ်းဖြစ်ပြီး ဘဏ်အဆောက်အအုံ၊ ဟိုတယ် စသည်ဖြင့် တရုတ်တန်း၏ မြို့လယ်ရပ်ကွက်ဖြစ်သည်။

ဂျွန်းဗလီဝင်း
▄▄▄▄▄
▲▲▲▲▲▲▲

ချမ်းအေးသာစံဝင်းအရှေ့အကွက် (၅၉၆)မှာ ၈၁လမ်းနှင့် ၈၂လမ်းကြား၊ ၂၇လမ်းနှင့် ၂၈လမ်းကြား ဂျွန်းဗလီဝင်းဖြစ်သည်။ အပြင်အတန်းများအား ဂျွန်းတန်းဟုလည်းခေါ်သည်။ ဂျွန်း(ကျွမ်းထိုး) အမှုထမ်းများ နေထိုင်ရာအရပ်ဖြစ်၍ ကျွမ်းဝင်းမှ ဂျွန်းဝင်းဖြစ်သည်။ ဗလီရှိသဖြင့် ဂျွန်းဗလီဝင်းတွင်သည်။

ဘိုးတော်ဘုရားလက်ထက်ကစ၍ ဂျွန်း(ကျွမ်း) မှုထမ်းများ နေထိုင်ခဲ့ကြသည်။ ဆက်ကပ်၊ ကျွမ်းထိုးပညာသည်များဖြစ်သည်။ အမရပူရခေတ်တွင် ထိုပညာသည်များ နေပြည်တော်ရောက်လာရာ ဘုရင်က ပြန်ခွင့်မပေးဘဲ အမရပူရနေပြည်တော်မှာပင် နေရာချထားပေးခဲ့သည်။ ပညာပြန့်ပွားစေသည်။ ရှင်ဘုရင်နှင့် နန်းတွင်းသူ၊ နန်းတွင်းသားများအား ကပြဖျော်ဖြေစေသည့် အမှုထမ်းများ ဖြစ်သည်ဟု မှတ်သားရသည်။ ရတနာပုံမန္တလေးခေတ်သို့ ရောက်သောအခါ ဘုရင့်အဝယ်တော် ဦးဖိုးက မင်းတုန်းမင်းထံခွင့်တောင်းပြီး ဗလီတည်ဆောက်လှူဒါန်းခဲ့သည်။ ရှင်ဘုရင်က အပြီးအပိုင်မြေပေးသနားတော်မူခဲ့သည်။

မြို့မရုပ်ရှင်ရုံ
▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲

ချမ်းအေးသာစံအရှေ့ အကွက်(၅၉၅)မှာ လမ်း ၈ဝ တရုတ်တန်း၊ ၈၁လမ်းနှင့် ၂၇လမ်း၊ ၂၈လမ်းကြားတည်ရှိသည်။ ယခင်က မိုးဇက်ဝင်းဟုခေါ်သည်။ ယခု တရုတ်ဘုံကျောင်း ကွမ်တုံတရုတ်ဗုဒ္ဓဘာသာကျောင်းရှိသည်။ ၂၇လမ်း၊ ၈၁လမ်းထောင့်တွင် မဟာပိန္နဲဘုရားကျောင်းတော်ကြီး တည်ရှိသည်။ အရှေ့ဘက်တန်းတွင် ရွှေနဂါးရုပ်ရှင်ရုံဝင်း၊ အနောက်မြောက်ထောင့်တွင် မြို့မရုပ်ရှင်ရုံတို့ တည်ရှိသည်။ မြို့မရုပ်ရှင်ရုံမှာ ယခင်က ပါရာမောက်ရုပ်ရှင်ရုံ ဖြစ်သည်။ မြို့မရုပ်ရှင်ရုံ မြောက်ဘက်တွင် ဒိုဘီဝင်း၊ ချစ်တီးဝင်းများရှိပြီး ၂၈လမ်း မြောက်ဘက်ခြမ်းတွင် အလင်္ကာကျော်စွာ မြို့မငြိမ်း၊ ဒေါ်သန်းသန်းတို့ နေအိမ်တည်ရှိသည်။

ရွှေတိုက်ရုံ၊ ရွှေတိုက်ဝင်း
▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲

ချမ်းအေးသာစံအရှေ့အကွက်(၆ဝ၅)မှာ ရွှေတိုက်ရုံဝင်းဖြစ်သည်။ လမ်း ၈ဝ နှင့် ၈၁ လမ်းကြား၊ ၂၆ လမ်း၊ ၂၇ လမ်းကြားတည်ရှိသည်။ ရှေးယခင်က အယ်လ်ဖင်စတုန်းရုပ်ရှင်ရုံ၊ ၂၆ လမ်းဘက် မျက်နှာပြုရှိခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ရွှေတိုက်ရုံမှာ ဝင်းအတွင်းဖြစ်လာသည်။ အင်္ဂလိပ်ဇာတ်ကားများ ပြသခဲ့သည်။ ၂၆ လမ်း၊ အယ်လ်ဖင်စတုန်းရုံရှေ့၌ ၁၃ဝဝ ပြည့် အရေးတော်ပုံ
ချီတက်စဉ် အာဇာနည်သံဃာတော်များ ပစ်ခတ်ခံရသဖြင့် ရုပ်ရှင်ရုံရှေ့ လဲကျနေသည့် မှတ်တမ်းပန်းချီကားချပ်ကြီး ဦးခန္တီပြတိုက်ထဲတွင် ယခုတိုင် ပြသထားရှိ
သည်။ ရွှေတိုက်ရုံဝင်းမှာ ရွှေတိုက်ဝန်မင်း နေထိုင်ခဲ့သဖြင့် ရွှေတိုက်ဝန်မင်းဝင်းတွင်သည်။

ကိုလိုနီခေတ်က ဇာတ်ပွဲများလည်း ကပြခဲ့ကြသည်။

ဂရိတ်ဦးဖိုးစိန်ကြီး အနောက်တောင်ကျုံးထောင့်၌ ကပြတိုင်း ရွှေတိုက်ရုံဝင်းအတွင်း၌ မင်းသားကြီး ဦးစိန်ကတုံးက ရွက်ထည်ရုံကြီးထိုး ကပြကြောင်း မှတ်သားရသည်။

ထိုခေတ်က ရုံဝင်ခ ငါးမူးသာရှိသည်။ ယခုရွှေတိုက်ရုံဝင်း အမည်သာကျန်ရှိပြီး ရုပ်ရှင်ရုံမှာပျောက်ကွယ်သွားသည်။

တရုတ်တန်း
▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲

ချမ်းအေးသာစံ အလယ်ကွက် အမှတ်(၆ဝ၄)မှာ ၈၁ လမ်း၊ ၈၂ လမ်းကြား၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား တည်ရှိပြီး လေလာဝင်းခေါ် လေလ္လာဝင်းဖြစ်သည်။ လေလ္လာဟူသော အဓိပ္ပာယ်မှာ လှူဒါန်းခြင်းဖြစ်သည်။ ဗလီအတွက် လှူဒါန်းသည့်ဝင်းဖြစ်သည်။ ချမ်းအေးသာစံ အရှေ့ရပ်ကွက်သည် လမ်း ၈ဝ တရုတ်တန်းလမ်းမကြီး၏ အနောက်ဘက်အတန်းများထိ ပါဝင်ပြီး အရှေ့ဘက်တန်း လမ်း ၈ဝ နှင့် ၇၉ လမ်းမှာ ဟေမာဇလရပ်ကွက်ထဲပါဝင်သည်။ တရုတ်တန်းလမ်းမကြီးမှာ မန္တလေးမြို့လယ် အစည်ကားဆုံး လမ်းမကြီးဖြစ်သည်။ တရုတ်တန်းမှာ အမရပူရနေပြည်တော်တွင်လည်း တရုတ်တန်းရှိပြီး ၄င်းမှ မန္တလေးရွှေ့ပြောင်းလာခြင်းဖြစ်သည်။ သီပေါမင်းလက်ထက် ၁၂၄၆ ခုနှစ်၊ နယုန်လဆန်း(၁၁) ရက်နေ့ တစ်ချက်တီးကျော် ချမ်းအေးသာစံရပ် တရုတ်တန်းမြောက်စွန်း တရုတ်လောစီ နေအိမ်ကစ၍ မီးစွဲလောင်သည်။ မြောက်သို့လျှောက်၍ အိမ်ခြေ ၁၅၇ အိမ် လောင်ကျွမ်းကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး၌ ဖော်ပြချက်အရ တရုတ်တန်းရပ်မှာ မင်းတုန်းမင်း၊ သီပေါမင်းလက်ထက်မှစ၍ သုံးစွဲခဲ့သည်။ တရုတ်တန်းတွင် တရုတ်တန်းဈေးမှာ ထင်ရှားသည်။ ၇၉ လမ်းမှ တောင် ၃၄ လမ်းထိတည်ရှိခဲ့ပြီး ၂ဝဝဝ ပြည့်နှစ် ဇွန်လတွင် ဈေးသစ်ကြီးဆောက်လုပ်ပြီး စီးသော ၇၈ လမ်းပေါ် ၃၃ လမ်း၊ ၃၄ လမ်းကြားရှိ အဆင့်မြင့် ရတနာပုံဈေးသို့ ရွှေ့ပြောင်းသည်။

အောင်နန်းရိပ်သာ အနောက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲

ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာ အနောက်ရပ်ကွက်သည် အကွက်ပေါင်း (၁၂)ကွက်ရှိသည်။ မြို့လယ်လမ်း ၃ဝ မှ ၃၅ လမ်းအတွင်း၊ ၈၄ လမ်း
မှ ၈၆ လမ်းအတွင်းဖြစ်သည်။ အောင်နန်းရိပ်သာအမည် မှာ သာယာဝတီမင်း၊ ရွှေဘိုမင်းတရားကြီး၊ ယာယီစံနန်းတော် တည်ဆောက်စိုးစံအောင်မြင်ရာအရပ်ကို အကြောင်းပြု၍ မင်းတုန်းမင်းမြို့ တည်ပြီးနောက် မှည့်ခေါ်ခြင်းဖြစ်သည်။ အောင်နန်းရိပ်သာမှာ ကျယ်ပြန့်သဖြင့် အရှေ့၊ အနောက်ရပ်ကွက်ကြီးနှစ်ခု ခွဲခြားသတ်မှတ်ထားသည်။

ပရိယတ္တိသာသနဟိတအသင်းကြီး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲

အောင်နန်းအနောက်ရပ်ကွက်ရုံးမှာ မဟာသကျသီဟဘုရား အရှေ့မုခ်အနီးတွင် တည်ရှိသည်။ ထင်ရှား သော သမိုင်းဝင်ဘုရားများအနက် မဟာသကျသီဟ
ဘုရား၊ ရှင်ပင်ပက်လက် ရေစက်လက်ဘုရားနှင့် မလွန်ဈေး ဆန်လှူအသင်းကြီး၊ ပရိယတ္တိသာသနဟိတအသင်းကြီးတို့ တည်ရှိသည်။ အကွက်(၅၄၉) မှာ ၃၄ လမ်းနှင့် ၃၅ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား မလွန်ကတ္တူရပ်ကွက်ဖြစ်၍ ရှင်ပင်ပက်လက် ရေစက်လက်ဘုရားတည်ရှိသည်။ အမရပူရခေတ် ၁၂ဝ၈ ခုနှစ် မဟာလောကရံသီ အိမ်တော်ရာစေတီတော်နှင့် တစ်နှစ်တည်း တည်ထားသော ဘုရားဖြစ်သည်။ ရှင်ပင်ပင်လက်ရေစက်လက်ဘုရားကို အင်းဝဘုရင်မင်းခေါင်လက်ထက်ဗားလေးဗား ဆရာတော်ကြီးများ၏တပည့် ရှင်သူငယ်ဟူသော ရဟန်းတစ်ပါးက ဦးဆောင်၍ အမရပူရနေပြည်တော်မှ ဒါယကာဦးကောင်းအား အတတ်ပညာများ ချီးမြှင့်ကာ ရှင်လူအများ ဘေးအန္တရာယ်
ကင်းဝေးရေးအတွက် တည်ထားခဲ့ခြင်းဖြစ်သည်။ ဦးကောင်းသည် ဇနီးမယ်ရွက်နှင့်တိုင်ပင်ကာ ဗုဒ္ဓရုပ်ပွားတော် တည်ထားခဲ့ခြင်းဖြစ်သည်ဟု အဆိုရှိသည်။ မီး (၁၁) မီး ကင်းငြိမ်းရာ နိဗ္ဗာန်အငြိမ်းဓာတ်ယူ၍ တည်ထားသဖြင့် မန္တလေးမြို့ပေါ် ၌ ထူးခြားသောဘုရားဖြစ်၏။

အကွက်(၅၅ဝ)မှာ ရှေးကဒင်္ဂါးရုံဝင်း၊ ယခု မလွန်ပရိယတ္တိသာသနဟိတအသင်းတည်ရာ ဖြစ်သည်။ ၈၅ လမ်း၊ ၃၅ လမ်းထောင့် တည်ရှိပြီး နိုင်ငံတော်
အစိုးရက မြေလှူဒါန်းသဖြင့် အလျား ၁၃၆ ပေ၊ အနံ ၅၄ပေရှိ အခန်းပေါင်း ၇ဝဝ ပါ သုံးထပ်သာသနာ့ဗိမာန်တော်ကြီးကိုအသင်းကြီး၏နာယက မြန်မာ့ဗိသုကာပညာရှင် ဝဏ္ဏကျော်ထင်ဆရာဆိုင်က ကြီးကြပ် တည်ဆောက်ခဲ့သည်။ အသင်းကြီးကို ၁၂၆ဝ ပြည့်နှစ်၊ ဝါဆိုလတွင် စတင်တည်ထောင်ခဲ့ရာ ၁၃၆ဝ ပြည့်နှစ်က နှစ်(၁ဝဝ)ပြည့်ပွဲတော်ကြီး ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ သာသနာတွင် ပရိယတ္တိသာသနာဟိတအသင်းကြီး၏ စာမေးပွဲများကို စာသင်သား သံဃာတော်များ အလေးထားဝင်ရောက်ဖြေဆိုကြရာ ပရိယတ္တိသာသနဟိတအသင်းကြီးဖြစ်သည်။

ဤအသင်းကြီး အနောက်ဘက်ကပ်လျက်ဝင်းမှာ ယခင် မလွန်ဘောလုံးအားကစားဝင်းဖြစ်သည်။ မန္တလေးမြို့ ရေပေးရေးစီမံကိန်း စတင်ဆောင်ရွက်သောအခါ မလွန်ရေလှောင်ကန် ရေတွန်းစက်ရုံဝင်း ဖြစ်လာသည်။ မလွန် ဘောလုံးကွင်းမှ မြန်မာ့လက်ရွေးစင် မောင်ဖုန်း၊ ညီပု၊ နီတွတ်၊ ဂြိုဟ်တုညွန့်မောင်လေးတို့မှအစ အေးမောင်ကြီးအထိ မွေးထုတ်ပေးခဲ့သည်။

(ကြယ်ခတ်ဝင်း)
▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲

အကွက်အမှတ် (၅၅၁) မှာ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၄ လမ်း၊ ၈၅ လမ်းကြားဖြစ်ပြီး တောင်ကြယ်ခတ် ဝင်းဖြစ်သည်။ အကွက်အမှတ် ၅၆ဝ မှာ ၃၃ လမ်း၊ ၃၄ လမ်းကြား၊ ၈၄လမ်းနှင့် ၈၅ လမ်းကြားဖြစ်ပြီး မြောက်ကြယ်ခတ်
ဝင်းဖြစ်သည်။ မင်းတုန်းမင်းလက်ထက်က ကြယ်ခတ်အမှုထမ်းများ ပညာသည်များ နေထိုင်လုပ်ကိုင်ကြသည်။

မြန်မာမင်းလက်ထက် နန်းဝတ်အဆင်တန်ဆာတော်များတွင် စီခြယ်ထိုးလုပ်ငန်း၊ ရွှေကြယ်ကုံး၊ ရွှေကြယ်၊ ငွေကြယ်ပြန့်များကို လုံလောက်အောင် အမြဲခတ်လုပ်ထမ်းရွက်ကြရသည့် ကြယ်ခတ်အမှုထမ်း ၂ဝ တို့မှာ တစ်လ
လျှင် စပါးတော် ၂၂ဝ တင်း သနားတော်မြတ်ခံရသည်။ တောင်ကြယ်ခတ်ဝင်းမြောက်ပေါင် ၃၄လမ်းတွင် ယခင် စာရေးဆရာကြီး မြမျိုးလွင်၊ ရတနာပုံ ဦးလူကလေးတို့ နေထိုင်ခဲ့ကြသည်။ပန်းချီဆရာကြီး ဦးအေးမောင်လေး တို့ နေထိုင်ရာအရပ်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။