THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်(8-4-2016) ကြေးမုံသတင်းစာ

(8.4.2016) ကြေးမုံသတင်းစာ အခန်းဆက် ဆောင်းပါး

 

ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည် (နတ်မောက်ထွန်းရှိန်)

သတင်းစာဆရာ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်၏ ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည် စာအုပ်ကို စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ရန်အတွက် ကြေးမုံမှ အပတ်စဉ် အခန်းဆက်ဖော်ပြပေး လျက်ရှိသည်။ (ကြေးမုံ)

ယခင်အပတ်မှအဆက်
အရီးတောင်းလက်ဖက် အကြော်ပွဲရုံ တည်ရှိသည်။ ယင်းဝင်းနှင့်ဆက်လျက် မြောက်ဘက်ဝင်းမှာ ဝါးတန်း သူဌေးဦးကျော် ဝင်းကျယ်ကြီးဖြစ်သည်။ သူဌေးဦးကျော်အဖြစ် လူသိများသည်။ သူဌေးဦးကျော်တိုက်၏ မြောက် ဘက် ၂၉ လမ်း မြောက်ဘက်တွင် ရေချိုကုန်သည် ဦးအေးမောင်၊ ဒေါ်လှမေတို့မှာ လူသိများသည်။ ဝါးတန်းရပ်ဖြစ်၍ ဝါးတန်းဦးအေးမောင်ဟုလည်း လူသိများသည်။ 
ထီးတိုင်ဈေးတိုက်တန်းနှင့် ဈေးချိုတောင်ဘက် စည်ကားသောနေရာဖြစ်သည်။၂၉ လမ်း ချမ်းအေးသာစံ အနောက်ရပ်ကို ဝါးတန်းရပ်ဟု လူသိများသည်။ ရှေးအခါက ဝါးဖောင်များဆိုက်ကပ်ရာ ဝါးကုန်သည်များ ရောင်းချနေထိုင်ရာဖြစ်၍ ဝါးတန်းဟုတွင်သည်။ မန္တလေးမြို့တည်စဉ်က ဧရာဝတီရေကြီးချိန် ဈေးချိုနာရီစင်ထိ မြစ်ရေများရောက်ရှိသည်။ ဝါးတန်းရပ်တွင် ဝါးတန်းကထိန်မှာ သက်တန်းရှည်လှသော ကထိန်တော်အသင်းကြီးဖြစ်သည်။ နှစ်ပေါင်း (၁ဝ၂)နှစ်ရှိပြီး 
ရှေးအခါက ဝန်းတန်းကထိန်တွင် နာမည်ကြီးရုပ်သေးပွဲများ ထည့်သွင်းလေ့ရှိသည်။

ပင့်သာမင်းသမီးဝင်း
အကွက်(၅၉ဝ)မှာ ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတည်ရှိပြီး ဟာစီဝင်း(ခေါ်) ပင့်သာမင်းသမီးဝင်းဖြစ်သည်။ စီကေကေဝင်းဟုလည်း လူသိများသည်။ မြောက်ဘက်ခြမ်းမှာ ၂၈ လမ်းမှာ သံဖြူတန်းဖြစ်သည်။ ဈေးချို၏ တောင်ဘက်ဖြစ်သည်။ ပင့်သာမင်းသမီး နေထိုင်ခဲ့ရာဝင်းမှာ ယခု ပရိယတ္တိသာသနဟိတအသင်းဂိုဒေါင်ဝင်းဖြစ်သည်။ ၈၅ လမ်းနှင့် ၂၉ လမ်းထောင့်တွင် ယခင်က မြန်မာ့လမ်းစဉ်သတင်းစာတိုက်တည်ရှိသည်။ ပိုင်ရှင်မှာ မြန်မာ့လမ်းစဉ် ဦးစိန်ဝင်းဖြစ်သည်။ ၈၅ လမ်းနှင့် ၈၄ လမ်းကြား ၂၉ လမ်း မြောက်ဘက်ခြမ်းတွင်လည်း ယခင်က ဦးဘခြုံပုံနှိပ်တိုက် တည်ရှိသည်။

ရုံတော်ကြီး
၈၄ လမ်း၊ ၂၉ လမ်းနှင့် ၂၈ လမ်းကြားတွင် အနောက်ဘက်ခြမ်း၌ နန်ထင်ဝင်းရှိသည်။ နန်ထင်စားသောက်ဆိုင် ရှိခဲ့သဖြင့် နန်ထင်ဝင်းတွင်သည်။ ၈၄ လမ်းပေါ်တွင် ရဲရင့်စာအုပ်တိုက်၊ ရုံတော်ကြီး ဟိုတယ်တို့မှာလည်း စစ်ကြိုခေတ်မှစ၍ နာမည်ထင်ရှားသည်။ ရုံတော်ကြီးမှာ သီပေါမင်းလက်ထက်က ထီရုံဖွင့်လှစ်ခဲ့ရာနေရာဖြစ်၍ ရုံတော်ကြီးဟူ၍ တွင်ခဲ့သည်။ ၁၂၄ဝ ပြည့်နှစ် တပေါင်းလတွင် ရွှေမြို့တော်အတွင်း ထီရုံများစတည်ပြီး တစ်လလျှင် (၁ဝ)ကြိမ် ဖွင့်လှစ်ခဲ့သည်။ နောင်တွင် ၄င်းထီရုံများကို ပိတ်ပစ်လိုက်ရသည်။

ဈေးချိုရပ်ကွက်
ခမ်းအေးသာစံ အရှေ့၊ အနောက်၊ အလယ် ရပ်ကွက်များသည် မန္တလေးမြို့၏ ဈေးချိုတော်ကြီး အရှေ့၊ အနောက်ဝန်းကျင်ပတ်လည် ရပ်ကွက်များအဖြစ် အကွက်ကျကျ ပါဝင်လျက်ရှိပြီး အရောင်းအဝယ်လုပ်ငန်း ရပ်ကွက်များလည်းဖြစ်၏။ ချမ်းအေးသာစံဟူသည် အရောင်းအဝယ်ကုန်သည်များ အေးအေးချမ်းချမ်း နေထိုင်ကြရာ ရပ်ကွက်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ မင်းတုန်းမင်း မြို့တည်ပြီး ရပ်ကွက်အမည်များ သတ်မှတ်စဉ်ကပင် ချမ်းအေးသာစံရပ်ကွက်အမည် ပါဝင်သည်။ချမ်းအေးသာစံ အနောက်ရပ်ကွက်များမှ အကွက် (၅၉၉)၊ (၆ဝဝ)၊ (၆ဝ၁)တို့သည် အဆင့်မြင့်ဈေးချိုတော်အကွက်များ ပါဝင်သည်။ မူလဈေးချိုတော်ကို မြို့တည်စဉ်ကပင် ယခုလက်ရှိ နေရာအရှေ့ဘက်၌ တည်ဆောက်
ခဲ့ပြီး မီးအကြိမ်ကြိမ်လောင်ခဲ့သဖြင့် ၁၂၆၃ ခုနှစ်မှစ၍(၁၂)ရုံပါဝင်သည့် ဈေးချိုတော်ကို ဆောက်လုပ် ၍ ခုတွင် ဈေးချိုတော် ဖွင့်လှစ်ခဲ့၏ နာရီစင်ကြီးကိုလည်း ထိုနှစ်၌ ဖွင့်လှစ်ခဲ့၏။ ၁၉၉၁ ခုနှစ်တွင်(၁၂)ရုံပါ ဈေးချိုတော် ဟောင်းကို ခေတ်မီလေးထပ် အဆင့်မြင့်ဈေးကြိးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ကာ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် လက်ရှိအဆင့်မြင့် ဈေးချိုတော်ကြီးကို ဖွင့်လှစ်ခဲ့၏။

ဆင်ကျုံးဗလီ၊ ရှင်ဥဂုတ်ဝင်း
ချမ်းအေးသာစံ အလယ်ရပ်ကွက်ရုံးမှာ ၈၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိပြီး အကွက် (၈)ကွက်ရှိသည်။ အကွက်(၅၆၁)သည် ၈၃ လမ်းနှင့် ၈၄ လမ်းကြား၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားဖြစ်ပြီးလှိုင်တက်ဝင်း၊ တောင်ဆင်ကျုံး ဗလီဝင်းများပါဝင်သည်။ တောင်ဆင်ကျုံးဗလီမှာ မင်းတုန်းမင်းလက်ထက်ကတည်းက တည်ဆောက်ခဲ့သော ဗလီများတွင် ပါဝင်သည်။ မင်းတုန်းမင်းလက်ထက်
ဆင်ကျုံးအမှုထမ်းများနေထိုင်ခဲ့ရာ နေရာဖြစ်သဖြင့် ဆင်ကျုံးဝင်းဟု အမည်တွင်ခဲ့သည်။
မင်းတုန်းမင်းလက်ထက်တွင် သွေးသောက်ကြီးကျော်စွာတို့ နေထိုင်
ခဲ့ရာဝင်းဖြစ်ကြောင်း အစဉ်အလာမှတ်သားခဲ့ကြသည်။ ၈၄လမ်းအရှေ့ဘက် ဝင်းကျယ်ကြီးများဖြစ်ရာ ရှင်ဥပဂုတ်ဝင်းလည်းပါဝင်သည်။ ရှေးယခင်က ဆေးဆိုးပန်းရိုက်လုပ်ငန်းများရှိသဖြင့် ဆေးဆိုးဝင်းဟုလည်းတွင်ခဲ့သည်။ ယခုရှင်ဥပဂုတ္တမထေရ်ကိန်းဝပ်ရာ ဓမ္မာရုံလည်းတည်ရှိသည်။ ရှင်ဥပဂုတ္တပူဇနိအသင်းကို ၁၂၇၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ကျားဦးဘာဘာမူလအဖွဲ့က တည်ထောင်
ခဲ့ကြောင်း မှတ်သားရသည်။ နှစ်စဉ် ဧရာဝတီမြစ်မရမ်းခြံဆိပ်ကမ်းမှ ရှင်ဥပဂုတ္တမထေရ် ရေမျှောပူဇော်ပွဲ ကျင်းပခဲ့ရာ(၉၁)ကြိမ်ရှိပြီဖြစ်သည်။ ရှင်ဥပဂုတ္တမထေရ် ရေမျှောပူဇော်ပွဲမှာ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ လှည်းတန်းများဖြင့် စည်ကားစွာ ပင့်ဆောင်ရေမျှော့သည့် ဘုရားပွဲဖြစ်သည်။ မန္တလေးမြို့လယ်မှ ရိုးရာပွဲတစ်ပွဲဖြစ်သည်။ ၂၇-၂၈ လမ်းကြား ချမ်းအေးသာစံမြို့လယ် ၈၃ လမ်းပေါ်တွင် ဖီးနစ်မြန်မာ့ရိုးရာလက်မှုအနုပညာ ပစ္စည်းအရောင်းဆိုင် တည်ရှိသည်။ ရှားပါးရှေးဟောင်း ပစ္စည်းများပြသရောင်းချသည်။

ရှင်ဘို့မယ်ဝင်း 
ချမ်းအေးသာစံ အလယ်အကွက် အမှတ်(၅၈၆)၊ ၂၉ လမ်းနှင့် လမ်း ၃ဝ ကြား၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားဖြစ်သည်။ရှင်ဘို့မယ်ဝင်းဟု လူသိများသည်။ ရှင်ဘို့မယ်ဝင်းဘုရားတည်ရှိသဖြင့် လူစည်ကားသည်။ အရှေ့ပေါက်မှ ဝင်းတစ်ခြမ်းမှာ ပန်ချီဝင်းဟုလည်းခေါ်သည်။ ရှင်ဘို့မယ်ဘုရားမှာ သက္ကရာဇ် ၇၉၂ ခုနှစ်တွင် အင်းဝ နေပြည်တော်မှ မိဖုရားကြီး စောဘို့မယ်(ခေါ်)ရှင်ဘို့မယ်က ခတ္တိယရွာဦးထိပ်၌ တည်ထားခဲ့ခြင်းဖြစ်သည်ဟု မှတ်သားခဲ့ကြသည်။ ၈၄လမ်း၏ အနောက်ဘက်တွင် ခတ္တိယဝင်းရှိသည်။ မိဖုရားကြီး ရှင်ဘို့မယ်၏ နောက်ဆုံး
ကြင်ရာတော်မှာ မိုးညှင်းမင်းတရားကြီး ဖြစ်သည်။ မိုးညှင်းမင်းတရားကြီးကလည်း မိဖုရားကြီးရှင်ဘို့မယ် ဘုရားတည်သော ၇၉၂ ခုနှစ်တွင် မိမိစခန်းချရပ် နေထိုင်ခဲ့ဖူးသော စစ်ကိုင်းမြို့ ထန်းတောဥယျာဉ်၌ ရတနာစေတီ ဆင်များရှင်ဘုရား စေတီတော်တည်ထားခဲ့သည်။

ဘုရားသုံးဆူဝင်း
အကွက်(၅၈၅) သည် ၂၉လမ်း၊ လမ်း ၃ဝနှင့် ၈၃လမ်း၊ ၈၂ လမ်းကြားတည်ရှိသည်။ ထင်ရှားသည့်ဝင်းမှာ ဘုရားသုံးဆူဝင်းဖြစ်သည်။ ဝင်းအတွင်း၌ ဘုရားသုံးဆူ တည်ရှိသည်။ ထိုင်း(ယိုးဒယား)အဆက်အနွယ်များ တည်ထားခဲ့သည်။ ဘုရားသုံးဆူကို မောင်နှမသုံးဦးက တည်ထားခဲ့ခြင်းဖြစ်သည်ဟုလည်း အယုံအကြည်ရှိကြသည်။ စေတီပုံစံမှာ ထိုင်းယဉ်ကျေးမှုနှင့် နီးစပ်သည်။ မန္တလေးမြို့၏ ဘုရားပွဲများတွင် အစောဆုံးကျင်းပသော ဘုရားပွဲဖြစ်၍ ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါးခင်းကုန်းဟု အဆိုရှိသည်။ ဘုရားသုံးဆူဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း(၁ဝ)ရက်နေ့တွင် ကျင်းပသည်။ ဘုရားသုံးဆူနှင့် နောက်ကျောမှဝင်းမှာ ရာမနတ်စင်ဝင်းဖြစ်သည်။ ယခုတိုင် နတ်စင်ရှိသည်။ ထိုင်းအဆက်အနွယ်များ နေထိုင်ခဲ့ရာ ရှေးကရပ်ကွက်များဖြစ်၍ ဘိုးဘိုးကြီး၊ ရာမမင်း၊ မယ်သီတာ၊ ညီတော်လက္ခဏ၊ ယနုမာန်မျောက်ရုပ်တုများ နတ်စင်တွင်ထားရှိပြီး သက်သက်လွတ်ကိုးကွယ်သည့် ဓလေ့ဖြစ်သည်။ ဒေါ်လှကြီး သားသမီးများက အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ယခု ဒေါ်မြနှင်း မိသားစုက စောင့်ရှောက်ထားသည်။ အရှေ့ဘက်တွင် ရေစင်ဝင်းနှင့် 
ယခင်က ယိုးဒယားဈေးနေရာဖြစ်သည်။ သက္ကရာဇ် ၁၁၂၉ ခုနှစ် ကုန်းဘောင်ဆင်ဖြူရှင်မင်း တရားကြီး လက်ထက်တော်က ယိုးဒယားမင်းနှင့်တကွ နိုင်ငံအလုံးကို ရတော်မူသည်ဖြစ်၍ ယိုးဒယား(ထိုင်း)လူမျိုး တစ်သိန်းခြောက်ထောင်တစ်ရာကို ရတနာပူရ အဝမြို့ ရောက်ခေါ်တော်မူခဲ့ပြီးလျှင် သင့်ရာအမှုတော်ကို ထမ်းရွက်ကြစေရန်စီမံ၍ နေရာရပ်ကွက် ချထားပေးခဲ့၏။ ထို့ကြောင့ိုးဒယားဇာတ်တော်ကြီးအမှုထမ်းတို့မှာ ရွှေဖဝါးတော်အောက်တွင်နေထိုင်၍ ထမ်းရွက်ကြရသည်။ မန္တလေးမြို့ ရတနာပုံ ဒုတိယနန်းစံမင်းတရားကြီးဘုရား(သီပေါမင်း)လက်ထက်တွင် ယိုးဒယားဇာတ်တော်ကြီးအမှုထမ်း လူ ၉၁ဦးတို့မှာလယ်(၉၁)ပယ်စား သနားတော်မြတ်ခံရသည်။ သို့ဖြစ်၍ မန္တလေးမြို့တည်သောအခါ ယိုးဒယား(ထိုင်း)အစုအမှုထမ်းများလည်း မြို့တည်ရာ လိုက်ပါနေထိုင်ရာ အကွက်ချထားပေးခဲ့ခြင်းဖြစ်သည်။

အိုးဘိုဗလီဝင်း
ချမ်းအေးသာစံ အလယ်ရပ် ၈၂လမ်း၊ ၈၃လမ်းနှင့် ၂၈လမ်း၊ ၂၉လမ်းကြား အကွက် (၁၉၂) မှာ အိုးဘိုဗလီဝင်း ဖြစ်သည်။ အိုးဘိုဗလီမှာ မင်းတုန်းမင်းလက်ထက် တည်ဆောက်ခဲ့သော ရှေးအကျဆုံး ဗလီကြီးဖြစ်သည်။ အိုးဘိုခေါ်ခြင်းမှာ အိုးများပြုလုပ်ကြသဖြင့် အိုးဖိုမှ အိုးဘိုတွင်ခြင်းဖြစ်သည်။ ရှေးက ကျွန်းတိုင်ကြီးများ၊ ကျောက်သား ပန်းပုအနုလက်ရာများဖြင့် လှပခံ့ညားစွာ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ၁၉၈၄ ခုနှစ် မီးလောင်ခဲ့ရာ၌ ပျက်စီးခဲ့သည်။ အိုးဘိုဗလီဒကာမှာ ပုဂံမင်း၊ မင်းတုန်းမင်းလက်ထက် နန်းတော်၊ အိမ်တော်သို့ ပျက်စီးခဲ့သည်။ 
အိုးဘိုဗလီ ဒကာမှာ ပုဂံမင်း၊ မင်းတုန်းမင်းလက်ထက် နန်းတော်၊ အိမ်တော်သို့ ပိုးချည်သွင်းသူ ကုန်သည်ခေါင်းဦးချိန်ဖြစ်သည်။ သူတစ်ဦးတည်း ဆောက်လုပ်
လှူဒါန်းသည်။ မင်းတုန်းမင်းနန်းတက်ပြီး ၁၂၂၁ ခု၊ တပေါင်းလဆန်း (၁၂)ရက်နေ့ ဆောက်လုပ်သည်။ နောက်ပိုင်း၌ ဟာဂျီဦးမြစ်က ပြုပြင်တည်ဆောက်ခဲ့၏။

မြောက်ဆင်ကျုံးဗလီဝင်း
အကွက် ၉၅၉၈)မှာလည်း မြောက်ဆင်ကျုံးဗလီဝင်း ဖြစ်သည်။ ဘုရင့်လက်ထက် ဆင်ကျုံးအမှုထမ်းများ နေထိုင်ခဲ့ကြသည်။ ရှေးအခါက ၂၉ လမ်း တစ်ဝိုက် မြစ်ရေလျှံတက်လာသောအခါ ဆင်တွေ ကျုံးသွင်းရေချိုးကြသည်ဟုလည်း အစဉ်အဆက် မှတ်သားခဲ့ကြသူများ ပြောကြသည်။ ဆင်ကျုံးရပ်သည် ဆင်ကျုံးသွင်းရာ လည်းဖြစ်ကြောင်း မှတ်သားရသည်။ နောင်တွင် ဖို့မြေ များဖြင့် မြေသားညီအောင် တည်ဆောက်ခဲ့ကြသည်။ ထိုဝင်းထဲတွင် ရှမ်းချယ်ရီဆိုင်ရှိသဖြင့် ရှမ်းချယ်ရီဝင်း၊ မေမံဝင်းဟုလည်း ခေါ်ကြသေးသည်။

ဆင်ဝင်း
ချမ်းအေးသာစံအလယ်ရပ် အကွက်(၅၉၇)မှာ ၈၂ လမ်း၊ ၈၃ လမ်းနှင့် ၂၈ လမ်း၊ ၂၇ လမ်းကြားတည်ရှိပြီး ရှိအာဗလီဝင်းဟု ခေါ်ဆိုသည်။ ရှေးက ဆင်ဝင်းဟုလည်း ခေါ်ဆိုသည်။ မြန်မာမင်းလက်ထက်တွင် ဆင်မင်းဝန် ထောက်၊ ဆင်မင်းနာခံ၊ ဆင်မင်းစာရေးကြီး၊ ဆင်မင်းနောက်တော်ထိုင်၊ ဆင်မင်းပျော်ဘွယ်စသည့် ဆင်မှုထမ်းများခန့်ထားပြီး လစာတော်၊ ငွေတော်၊ စပါးတော်များ ချီးမြှင့်သည်။ ဆင်မင်းဝန်ထောက်တို့မှာ လစာ ၂ဝဝ ကျပ်ရသည်။ မင်္ဂလာအိမ်တော်ပါ ဆင်တော်ဦးစီးမှာ လစာ (၃ဝဝ)ရသည်။ ဆင်များထားရှိရာ ရပ်ကွက်ဖြစ်၍ ဆင်ဝင်းဟုလည်း ခေါ်ဆိုသည်။ နောက်ပိုင်း ရှီအာဗလီဝင်းဟု အသိများသည်။ အကွက်(၆ဝ၂)မှာ ၂၆ လမ်း၊ ၂၇ လမ်းကြားနှင့် ၈၃ လမ်း၊ ၈၄ လမ်းကြားဖြစ်သည်။ ဈေးချိုတော် အရှေ့ဘက်ဖြစ်သည်။ ငါးပိတန်းလက်ျားဟု ခေါ်ကြ
သည်။ မြို့တည်ချိန် ရှေးအခါက ဈေးကြိုတော်နေရာဟု လူသိများသည်။ ၄င်းဝင်းများမှာ ပတ်လည်တိုက်တန်းများ တည်ဆောက်နေထိုင်ကြသဖြင့် တိုက်တန်းဝင်းဟုလည်း ခေါ်ဆိုကြသည်။
၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၈၂ လမ်းနှင့် 
၈၃ လမ်းကြားမှာ တိုက်တန်းဗလီဝင်း ဖြစ်သည်။

မြို့ဝန်မင်း
အကွက်(၆ဝ၃) အရှေ့ခြမ်းဝင်းကြီးမှာ ယခု ကားကြီးဝင်းဟု လူသိများသည်။ မန်းမြို့ဗဟိုခရီးသည်ပို့ဆောင်ရေးစခန်း ကားဂိတ်ပေါင်းစုံနှင့် ''ချမ်းအေးသာစံ'' 
ဟိုတယ် ဖွင့်လှစ်ထားသည်။ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က တည်ဆောက်ဖွင့်လှစ်ခဲ့ရာ ကားကြီးဝင်းဖြစ်၏။ ရှေးအခါက မြို့ဝန်မင်း ဦးသာအိုး၏ဝင်းဟု မှတ်သားရသည်။ ဝင်းအတွင်း အရှေ့တောင်ထောင့်တွင် မြေပေါက်
စေတီတစ်ဆူ ယခုတိုင်ရှိသည်။ အရှေ့ဘက်မုခ်ပေါက်ဖြင့် တည်ထားသည်။ ယခင်တိုက်တန်းဝင်းဟုလည်း ခေါ်သည်။ မြို့ဝန်ဦးသာအိုး နေထိုင်ခဲ့ပြီး သူ၏ဇနီးငယ်နှင့် မသင်္ကာသူ စလေဦးပုညအား အငြိုးဖြင့် အကျယ်ချုပ် ထားခဲ့သည့်နေရာလည်းဖြစ်သည်။ မြို့ဝန်မင်းဝင်းဟု အစဉ်အဆက်မှတ်သားခဲ့ကြသည်။ နောက်ပိုင်းတွင် မီးသတ်ဗိုလ် ဦးမောင်မောင်တို့ မိဘဆွေမျိုးများ နေထိုင်
ခဲ့ကြဖူးကြောင်း မှတ်သားရသည်။

ဝက်မစွတ်ဝန်ထောက်မင်းဝင်း
ချမ်းအေးသာစံ အရှေ့ရပ်ကွက်မှာလည်း အကွက်ပေါင်း (၈)ကွက်ရှိသည်။ ဤရပ်ကွက်များမှာလည်း မန္တလေးမြို့တည်စဉ် လူနေထူထပ်သော ရပ်ကွက်များဖြစ်သည်။ လူမျိုးစုံလည်းနေထိုင်ရန် ချထားပေးသည်။ မင်းတုန်းမင်းကြီးသည် ဘာသာပေါင်းစုံကိုလည်း ချီးမြှင့်ပေးသနားသည်။ ချမ်းအေးသာစံအရှေ့အကွက် (၅၈၃)မှာ ဝက်မစွတ်ဝန် ထောက် မင်းဝင်းဟု မှတ်သားရသည်။ လမ်း ၈ဝ၊ ၈၁လမ်းနှင့် ၂၉လမ်း၊ လမ်း ၃ဝ ကြားရှိသည်။ ယခု အမှတ် (၁၅) အထက (ယခင် ဗုဒ္ဓသာသနာနုဂ္ဂဟ အထက်တန်းကျောင်း) သမိုင်းဝင်ကျောင်းတော်ကြီး
ဖြစ်သည်။ ဝက်မစွတ်မြို့စားမင်းကြီး မင်းထင်မဟာစည်သူမှာ ကွယ်လွန်သူ စာရေးဆရာမကြီး ဒေါ်ဒဂုန်ခင်ခင်လေး၏ အဘိုးဖြစ်သည်။ ဝက်မစွတ်ဝင်းသည် ဟေမာဇလရပ်တွင်လည်း ရှိသေးသည်ဟု မှတ်သားရသည်။ ဝက်မစွတ်ဝင်း၏ အနောက်ဘက်ကပ်လျက် ယိုးဒယားဈေးရှိခဲ့သည်။ ယိုးဒယားဈေး ရဲဌာနအတွင်း၌ ဒေါ်ဒဂုန်ခင်ခင်လေးက အဘိုးကိုရည်စူး၍ ဓမ္မာရုံတည်ဆောက်ခဲ့သည်။ ရပ်သူရပ်သားများ ဥပုသ်သီတင်းသီလဆောက်တည်ရန်ဖြစ်သည်။ ကွယ်လွန်သူ ဝက်မစွတ်မြို့စားမင်းကြီး မင်းထင် မဟာစည်သူနှင့် သမီး ခင်ခင်လတ်ကြီးတို့ ကောင်းမှုဟူ၍ ဆိုင်းဘုတ် ရေးထိုးခဲ့သည်။ ယခု ရဲစခန်းအရှေ့ထောင့်၌ ဓမ္မာရုံတည်ဆောက်ထားရာ ကျုံးအတွင်းမှ ပေါ်တော်မူ ဘုရားတည် ထားကိုးကွယ်ကြသဖြင့် ကျုံးပေါ်တော်မူ ဘုရားဓမ္မာရုံဟုလည်း ခေါ်ဆိုကြသည်။

ဆက်လက်ဖော်ပြပါမည်။