THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်(6-11-2015) ကြေးမုံသတင်းစာ

ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်
-----------------------------------------
နတ်မောက်ထွန်းရှိန်

သတင်းစာဆရာ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်၏ ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည် စာအုပ်ကို စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ရန်အတွက် ကြေးမုံမှ အပတ်စဉ် အခန်းဆက်ဖော်ပြပေး လျက်ရှိသည်။ (ကြေးမုံ)

ယခင်အပတ်မှအဆက်

မန္တလေးမြို့တွင် လက်မှုအနုပညာလုပ်ငန်းဆိုင်ရာနှင့် ပတ်သက်၍ ထင်ရှားသောရပ်ကွက်များ၊ ဝင်းများကို မြို့နေလူထုက လုပ်ငန်းဆိုင်ရာနှင့် ယှဉ်တွဲ၍ သိရှိကြသည်။ ဤသည်မှာ ရှေးခေတ်အစဉ်အဆက် ဘိုးဘွားလက်ထက်မှစ၍လည်းကောင်း၊ အချို့မိသားစု လူများပြောင်းသွားသော်လည်း လုပ်ငန်းမပြောင်းလဲဘဲ ဆက်လက်လုပ်ကိုင်တည်တံ့နေခြင်းကြောင့်လည်းကောင်း၊အမည်များမပျောက်မပျက် ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။ မြန်မာမင်းလက်ထက်က ပန်းဆယ်မျိုး၊ ပန်းထိမ်၊ပန်းပဲ၊ ပန်းပု၊ ကျောက်ဆစ် လက်မှုပညာလုပ်ငန်းရပ်များ
နှင့် ကျောက်စိမ်းအလုပ်၊ ပတ္တမြားအလုပ်တွေလည်း လုပ်ကိုင်သူရှိကြသည်။ မင်းမှုထမ်း (စစ်မှုထမ်း)မှာ အများဆုံးဖြစ်ကြသည်။

လှေသင်းအတွင်းဝန် သင်္ချိုင်းစာအရှေ့ပြင်၊ တောင်ပြင်မှာ စစ်မှုထမ်းတွေ အထင်အရှားရှိသည်။ လက်မှုပညာသည်အစု အမှုထမ်းများလည်း လုပ် ကိုင်နေထိုင်ကြသည်။ အနောက်ပြင်တစ်ခွင်မှာ ကုန်သည်လက်လုပ်လက်စားတွေ အများအပြားနေထိုင် လုပ်ကိုင်စားသောက်ကြသည်။ ၁၉၁၁ ခုနှစ် အောက်တိုဘာ ၁ ရက် ကွယ်လွန်သူ လှေသင်းအတွင်းဝန် သင်္ချိုင်းစာ၌ လှေ (ဝါးချက်ရွာ) လှေသင်္ဘောလုပ်သားများသည် ရန်ကုန်နှင့် မော်လမြိုင်က လာရောက်လုပ်ကိုင်ကြကြောင်း ဖော်ပြသည်။

ဤတွင် သင်္ချိုင်းစာ၊ ကျောက်စာတို့ကလည်း မြို့ရွာ၊ရပ်ကွက်သမိုင်းတွင် များစွာအရေးပါသော အထောက်အထားများဖြစ်ကြသည်။ မင်းမျိုး၊ မင်းနွယ်၊ မှူးကြီး၊
မတ်ကြီး၊ ဝန်ကြီး စသည်တို့၏ ရာထူးဌာနန္တရဆွေစဉ်မျိုးဆက်များ ရေးထိုးမှတ်တမ်းတင်လေ့ရှိသဖြင့် သမိုင်းဆိုင်ရာ အချက်အလက်များရရှိနိုင်ကြသည်။

ဥပမာအားဖြင့် ဒေးဝန်းအနောက် ဒုတိယရွှေအင်ပင်ကျောင်းကြီး ဒါယကာဖြစ်သူ တရုတ်သူဌေး ဦးစက်ရွှင်၏ သင်္ချိုင်းကျောက်စာကို ဖတ်ရှုလေ့လာရခြင်းအားဖြင့် ကွယ်လွန်သည့်ရက်စွဲသိရသလို လုပ်ငန်းအကြောင်း၊ ရာထူး
အကြောင်းတွေ တစ်ဆက်တည်းသိရှိနိုင်ကြသည်။ ဦးစက်ရွှင်သည် တရုတ်လူမျိုးထဲမှ သူဌေးဖြစ်သည်။ ၁၉၁၇ ခုနှစ် မတ်လ ၁၇ ရက် ကွယ်လွန်ကြောင်းတွေ့ရသည်။ သတိုးမင်းကြီး မဟာမင်းထင်စည်သူ ဟူသော အမတ်
ကြီးသည် ''ကြံအား၊ ဖန်အား၊ ဥာဏ်သွား၊ လုံ့လကိုသိသဖြင့် သားနှယ်တမျှထင်မှတ်၍ သီပေါရွှေနန်း ရှင်ဘုရားရှေ့တော်ဆက်သွင်းရာ အလွန်ဝမ်းမြောက်တော် မူလိုက်သည့်အတိုင်း ကူးသန်းရောင်းဝယ်၍ ဥစ္စာအင်အား တိုးပွားများစွာတင့်တယ်လေသည်''ဟု ဖော်ပြပါရှိရာ စက်သူဌေး ဦးရွှင်က သူ့ဓနအင်အားဖြင့် ဒုတိယ ရွှေအင်ပင်ဟူသော မြန်မာမှု အပြောက်အမွမ်းများဖြင့် တင့်တယ်လှပသော ကျောင်းတော်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သမိုင်းကြောင်း လေ့လာခွင့်ရရှိကြသည်။

မန္တလေးအနောက်ပြင်ကို ၁၈၇၃ ခုနှစ်က တာဝန်ယူတိုးချဲ့တည်ဆောက်ခဲ့ရသော လှေသင်းအတွင်းဝန်၏ တံတားမှတ်တမ်း အထောက်အထားအဖြစ် ၂၂ လမ်း၊ ယခု ပင်းယလမ်း (စီလမ်း)၊ ရွှေတချောင်းလမ်းပေါ်၌ ရှေးက ကျောက်စာရေးထိုးထားခဲ့သည်။ လှေသင်းအတွင်းဝန်ကျောက်စာဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုကျောက် စာကို ကြည့်၍ မန္တလေးမြို့ စည်ပင်အောင်ဆောင်ရွက်ပုံ လေ့လာနိုင်ကြသည်။

လှေသင်းအတွင်းဝန် စလေမြို့စားမင်းကြီး သိရီမဟာဇေယျကျော်ထင်၊ အတွင်းဝန်ကတော် နတ်မောက် မြို့စားတို့သည် ''လက်တုံ့ကြုံကြိုက်ခဲလှ၊ ဗုဒ္ဓုပ္ပာဒခေတ်မြတ်ကို ဆက်ဆက်ကြုံကြိုက်ရသည်နှင့်အညီ ဘဝသုံးပါး ရထားမှ
လည်း ရွှေပြည်နက်သန် နိဗ္ဗာန်ထုတ်ချောက်၊ မျက်မှောက်ပြုရန်'' ရည်သန်ပြဋ္ဌာန်းသဖြင့် မန္တလေးရတနာပုံရွှေမြို့တော် အနောက်ပြင် ကြေးမုံတံခါးလမ်း ရွှေတချောင်းမြောင်း၏ အနောက်တစ် လျှောက်ခရီး၊ သန်နွေမိုးဆောင်း ကူးသန်းသွားလာကြသော ရဟန်းရှင်လူခပ်သိမ်းတို့အား ညဥ့်၊ နေ့မဟူ ကြည်ဖြူရွှင်စမ်း၊ ချမ်းချမ်းသာသာ ကူးသန်းသွားလာနိုင်စေရန် ရွှေတချောင်းကူးတံတားဦး ဇရပ်နှင့်တကွ အနောက်ကို သွပ်မိုး၊ ပျဉ်ခင်း၊ ဝဲယာ တံတားခန်းရေ ၁၆၄၊ ¤င်း ဝဲ ယာနှစ်သွယ်၏ အလယ် ရွှေတချောင်း မြောင်းအကူးမှ အနောက်ကို မြေမြို့ကြီး ရေကြည်တံခါး ရောက်၊ ၄င်းက ပိုက်ကျုံးတံခါးရောက် နှစ်ရပ်ပေါင်း ၆၇၇ ရှိသည်။

သင်္ချိုင်းတော်ဇရပ်များကျောက်လမ်းတံတားကြီးမှစ၍ ပုဏ္ဏားကျွန်းသုသာန်
တွင် အတွင်းဝန်မင်းအဖ၏ အလောင်းကို သင်္ဂြိုဟ်ရာ ဌာနဇရပ်၊၄င်း၏တောင်ဘက်တွင် အတွင်းဝန်ကတော် အမိ ရှေ့ဝင်းမှူးကတော်ကြီး၏ သင်္ဂြိုဟ်ရာဌာနအုတ် ဇရပ်၊ ¤င်းဇရပ်မှ အနောက်သို့လျှောက်၍ သုသာန် မြေ၏အကာအရံ တံတိုင်းမီးတားများကို ၁၂၄၄ ခုနှစ်က စ၍ ၁၂၄၇ ခုနှစ်တိုင် အဆောက်အအုံနှင့်လျော်စွာ ဆိုင်သင့်ရာရာ စုစုစရိတ်ငွေ ၃၄၈၄၄၊ ၅ူးဂဲ လုပ်ဆောင် ကုန်ဝင်သည့် ကုသိုလ်အဖို့ကို တွေ့မြင်ကြားသိသူတို့ ပတ္တာနုမောဒနာအဖြစ် သစ်သစ်ကြည်ညိုကုသိုလ်တရား ပွားများစေခြင်းမှာ ဤကျောက်စာကမ္ပည်းထိုးမှတ်၏။
ထိုမှတ်တမ်းအရ(စီ)လမ်းကို ရွှေတချောင်းကစပြီးချောင်းကူးတံတား၊ တံတားဦးဇရပ်၊ မြစ်ဆိပ်ရေကြည်တံခါး၊ ထိုမှ ပိုက်ကျုံးတံခါး၊ အစုစုသောလမ်းကို
ခင်းခြင်းနှင့် သင်္ချိုင်းဇရပ်ကြီးနှစ်ဆောင် ဆောက်လုပ် ခြင်းကိစ္စ ကုန်ကျငွေသုံးသောင်းခွဲရှိကြောင်း ကျောက်စာအရ သိရသည်။ ယင်းအဆောက်အအုံများမှာ ၁၂၄၄ ခုနှစ်မှ ၁၂၄၇ ခုနှစ်ထိ လှေသင်းအတွင်းဝန်မင်း ဆောက်
လုပ်ကြောင်း တွေ့ရသည်။ အတွင်းဝန်မင်းအဖဟူသည်မှာ မင်းကြီးမင်းလှ ဇေယျသင်္ကြန်မြို့သစ်အတွင်းဝန်မင်း မိဘများဖြစ်သည်။ ယင်း၏ အနောက်ဘက် တွင် ရွှေပြည်ဝန်ကြီးယောမင်းကြီး ဦးဘိုးလှိုင် သင်္ချိုင်းဂူတွေ့နိုင်သည်။ ကျောက်စာရေးထိုးထားသဖြင့် သမိုင်း မပျောက် တည်ရှိခဲ့ခြင်းဖြစ်သည်။

အာဠဝီလမ်းခေါ် (စီ)လမ်း၊ ၈၆ လမ်း၊ ရွှေတချောင်းလမ်းကူးတံတားကိုမူ ယခုခေတ် နောက်ပိုင်းထိ လူ အများအပြား မြင်တွေ့ဖူးကြမည်ဖြစ်၍ ၁၉၇၃ ခုနှစ် ခန့်ကမှ ရွှေတချောင်း အုတ်ရေမြောင်းဇလားပုံ တည် ဆောက်တိုးချဲ့ခြင်းနှင့်အတူ တံတားကြီးပါ ကျယ်ဝန်းစွာ ပြုပြင်တည်ဆောက်ခဲ့သည်။ ယခင်က မြောင်းကူး တံတားလူသွားလမ်း၊ ကားလမ်း ဇရပ်နှစ်ဆောင်ရှိခဲ့၏။ လက်ရန်းတိုင်ကြီးများနှင့် ဇရပ်ပေါ် တုံးလုံးလှဲအိပ်စရာပါ တောင်ဘက်၊ မြောက်ဘက် သွပ်မိုးလျက် တည်ဆောက်ထား၏။ သောက်ရေအိုးစင်လည်းထားရှိ၏။

သို့ဖြင့် ကျောက်စာများသည် ရပ်ကွက်သမိုင်းများ တည်ရှိနေရာကိုလည်း ဖော်ညွှန်းပြသခဲ့ကြသည်။ မြန်မာ မင်း လက်ထက်တွင် မှူးကြီးမတ်ရာတို့ ကွယ်လွန်ရာတွင်လည်းကောင်း၊ မိဘများကွယ်လွန်ရာ၌လည်းကောင်း သတ်မှတ်ပေးထားရာ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြသည်လည်း တွေ့ရသည်။ ရပ်ကွက်များ၊ ဝင်းများ၊ တောင်ပြင်၊မြောက်ပြင် နေထိုင်ကြရာ၌လည်း ရပ်ကွက်ဝင်မှူးများ
ဟူ၍ ခန့်ထားသည်။ လေးပြင်လေးရပ် ထောင်မှူးများလည်း ခန့်ထားသည်။ ထောင်မှူးများဟူရာ၌ လူဆိုး၊သူခိုးများကို အချုပ်အနှောင်ပြု၍ လုံခြုံသော အဆောက်အအုံထဲတွင်ထားရှိရာ ထောင်ကိုကြီးမှူးအုပ်ချုပ်ရသူကို ဆိုလိုခြင်းမဟုတ်။ လူသူစစ်သားတစ်ထောင်ကို အုပ်ချုပ်ရသူဖြစ်သောကြောင့် ထောင်မှူးဟုခေါ်ခြင်းဖြစ်သည်။

နောင်တစ်နည်း အခေါ်အဝေါ်မှာ ထောင်သင်းမှူးဟူ၍ဖြစ်သည်။ စစ်ကိုင်းထောင်သင်း၊ စလင်းလက်ယာ၊ပြည်မှာနဝဒေးဟူသော အဆိုရှိသည်။ ပြည်မှနဝဒေး
အမည်ခံ ထောင်မှူးဟူသော ရာထူးမှာလည်း စစ်သည်တပ်သား ၃ဝဝဝ တို့အပေါ် ကြီးမှူးရသူကို လှော်ကားသုံးထောင်မှူး ခေါ်ခြင်းဖြစ်သည်။

လေးပြင်ထောင်မှူးသည် အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင်တို့တွင် တစ်ပြင်လျှင် အစောင့်တပ်သား တစ်ထောင်စီထား၍ ၄င်းတို့အပေါ် အုပ်ချုပ်ရသော အရာရှိကို ဆိုလိုခြင်းဖြစ်သည်။ လေးပြင်လေးရပ် အသုံးအနှုန်းမှာ ပုဂံခေတ်၊ အင်းဝခေတ်၊ အမရပူရခေတ်များက နန်းတော်ကို လေးပိုင်းပိုင်း၍ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင်ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် ရှေ့ဝင်း၊ နောက်ဝင်းခေါ်ဆိုပြီး တစ်ဝင်းလျှင် လူ ၁ဝဝဝ ထားလျက် ဝင်းမှူးက စီမံအုပ် ချုပ်သည်။

လေးပြင်ထောင်မှူးများသည် လက်နက်ကိရိယာ အစုံအလင်နှင့် ရာဇဝတ်ကြောင်း ခိုင်လုံမြဲမြံအောင် ဆိုင်ရာ အပြင်တွင် ညဥ့်နေ့စောင့်ရှောက်ထမ်းရွက်ရ သည်။ နန်းမြို့တော်အတွင်း အဝင်အထွက်များကိုလည်း နေ့၊ ညဥ့် စောကြောစီရင်ရသည်။ ကုန်းဘောင်မင်းများလက်ထက်တော်၌ လေးပြင်ထောင်မှူးရာထူးများအစား ၄င်းတို့နေရာတွင် အရှေ့ဝင်းမှူး၊ လက်ယာဝင်းမှူး၊ လက်ဝဲဝင်းမှူး၊ အနောက်ဝင်းမှူး နေရာများသာရှိပြီး လုံခြုံအောင် စောင့်ရှောက်ကွပ်ကဲရသည်။

မန္တလေးခေတ်တွင် လေးပြင်လေးရပ် မြို့ကိုအုပ်ချုပ်ရန် မြို့ဝန်လေးယောက်ထားရှိခဲ့သည်။ ထိုခေတ်မြို့ဝန်များ၏တာဝန်သည် ယခုခေတ် ရဲလုပ်ငန်း၊ ယစ်မျိုးလုပ်ငန်း၊ မီးသတ်လုပ်ငန်း၊ မြူနီစီပယ်လုပ်ငန်းများကို တွဲပြီးဆောင်ရွက်ရခြင်းမျိုးဖြစ်သည်။ (ရွှေနန်းသုံးအဘိဓာန် စာ-၈၁) ထိုသို့ ဆောင်ရွက်ရာတွင်(၁) ခိုးသေးမီးပွား အရေးယူခြင်း၊ (၂) အလေးတင်းတောင်း မှန်ကန်စေဖို့စစ်ဆေးခြင်း၊ (၃) လောင်းကစားနှင့် သေအရက် နှိမ်နင်းစေခြင်း၊ (၄) မီးလောင်လျှင် ငြှိမ်းသတ်စေခြင်း၊ (၅) ရှင်ဘုရင်ထွက်တော်မူလျှင် လမ်းပြခြင်း၊ (၆) တံခါး ၁၂ ရပ်ကို ထိန်းရမည့် တာဝန်ဖြစ်သည်။

ထို့ပြင် ရွှေမြို့တော်မြို့တွင်းမြို့ပြင် ဒူးလမ်းပြများမှာ သာယာသန့်ရှင်းမှုရှိအောင်လည်း မြို့ဝန်မင်းကြီးမှူးသော ရှေ့ရုံးတော်အရာရှိများက ကြပ်မတ်ဆောင်ရွက်
ဆင့်ဆိုကြရ၏။

မင်းတုန်းမင်းလက်ထက်၌ မြို့ဝန်လေးဦးခန့်ထားသော်လည်း သားတော်သီပေါမင်းလက်ထက်၌ မြို့ဝန်သုံးဦးသာ ခန့်ထားသည်။ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် ''သက္ကရာဇ် ၁၂၄၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ မြို့ဝန်တို့ကို ရွှေမြို့တော်နှင့် ရာဇဝတ်တော်ရေး ထိန်းသိမ်းရန် တံခါး ၁၂ ရပ်၊ မြို့တွင်း၁၂ ရပ်၊ ကင်းစောင့်လူများအပြင် မြို့တံခါးကြီး ၅၇
ရပ်၊ မြို့ပြင် ၁၂၄ ကင်းလူတို့ကို ရုပ်သိမ်း၍ ယင်းမြို့တော်ဝန်မှာ နန်းဦး မင်္ဂလာမြင်းအမှုထမ်းလူ ၁၅ဝ၊ ရွှေလှံမြို့ဝန်မှာ ရွှေလှံအမှုထမ်းလူ ၁၅ဝ အသီးသီးပေးအပ်စောင့်ထိန်းစေ အမိန့်တော်ရ ရာဇဝတ်တော်ရေး၊ ခိုးသေးမီးပွား
မရှိရအောင် စောင့်ကင်း၊ ဝပ်ကင်း၊ ပတ်ကင်းထား၍ ထိန်းသိမ်းကြသည်''ဟူ၍ ဖော်ပြထားသည်။

ထို့ကြောင့် ယင်းမြို့တော်ဝန်မှာ မင်းကြီးသီရိမဟာဇေယျဂါမဏိဘွဲ့ရ ဦးပေစိဖြစ်သည်။ ဦးပေစိ၏ အတ္ထုပ္ပတ္တိ ကျောက်စာနှင့် အလှူဒါနကုသိုလ်များမှ ရွာဟိုင်းအနောက်ဘက် ရတနာပုံသာစေတီအတွင်း လေ့လာနိုင်သည်။ ရွှေလှံမြို့ဝန်ကား မင်းကြီးမဟာမင်းခေါင်နော်ရထာဘွဲ့ရ၍ အက္ကပတ်မြို့ဝန်မှာ မင်းကြီးမဟာမင်းထင်ရာဇာဘွဲ့ရသူ ဖြစ်သည်။

အက္ကပတ်မြို့ဝန် အမည်သည် ဦးခြုံစု သိရှိရပေသည်။ ပသီအမျိုးသားဖြစ်၍ နိုင်ငံခြားမှ တွေ့မြင်မှတ်သားထား သော အထူးသဖြင့် အီတလီနိုင်ငံမှ တွေ့မြင်ခဲ့သော အဆောက်အအုံပုံစံယူ၍ အက္ကပတ်မြို့ဝန်အုတ်ကျောင်းတော်ကို ယခု မဟာဒီပဲယင်းတိုက်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပေသည်။

အက္ကပတ်မြို့ဝန်သည် ပင်လယ်မြို့ စားအဖြစ် သနားတော်မြတ်ခံရသည်။
အက္ကပတ်မြို့ဝန်၏ မြေးများသည် မန္တလေးမြို့ ဓာတ်စက်ရုံ အရှေ့ဘက်၌ နေထိုင်ခဲ့သည်။ ယခု ဝကပ်ဖ်တိုက်နေရာဖြစ်မည်ဟု ထင်ရသည်။ အက္ကပတ်မြို့ဝန်သည်သူ့ကုသိုလ်ကျောင်းတော်ကို ဂငယ်ပုံစံ လှေကားအဝိုက်အဆင့်တို့ဖြင့် သူမတူအောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် မင်းတုန်းမင်းလက်ထက် ပညာတော်သင်အီတလီ၊ ပြင်သစ် စသည့်ဥရောပနိုင်ငံများ ရောက်ခဲ့သူ
ဖြစ်သည်။

သီပေါမင်းလက်ထက် တတိယမြောက်မြို့ဝန်ဆိုသူကား စလေဆရာကြီး ဦးပုညနှင့် ပတ်သက်ပြီး နာမည်ကြီးခဲ့သော မြို့ဝန်မြို့သာမြို့စားမင်းကြီး သီရိမဟာမင်း လှမင်းခေါင်သူရိန်ဖြစ်ပြီး သီပေါမင်းလက်ထက်၌ မပါရှိတော့ပေ။ မြို့ဝန်လေးဦးတို့သည် ၄င်းတို့လက် အောက်၌ အရှေ့ပြင်၊ တောင်ပြင်၊ အနောက်ပြင်၊ မြောက်ပြင် ထောင်မှူးများ ရှိကြသေးသည်။

ဆက်လက်ဖော်ပြပါမည်။