THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

PDF File များ Download ပြုလုပ်နည်း Youtube Link

ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်(4-3-2016) ကြေးမုံသတင်းစာ

အခန်းဆက်ဆောင်းပါး

ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®

သတင်းစာဆရာ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်၏ ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည် စာအုပ်ကို စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ရန်အတွက် ကြေးမုံမှ အပတ်စဉ် အခန်းဆက်ဖော်ပြပေးလျက် ရှိသည်။ (ကြေးမုံ)

နတ်မောက်ထွန်းရှိန်

ယခင်အပတ်မှအဆက်

တက္ကသိုလ် ဓာတ်ပုံတိုက်မှာ ဘဏ်(၁)တောင်ဘက် ယခု မန်းသီရိတေးသံသွင်းနေရာ ဖွင့်လှစ်ခဲ့သည်။

ဘဏ်(၁)အဆောက်အအုံမှာ ယခင်က ရိုးကုမ္ပဏီတိုက်တန်းကြီးများဖြစ်ပြီး ကုန်တိုက်ကြီးများမှာ ဈေးချိုနာရီစင်မြောက်ဘက် တိုက်တန်းအထိဖြစ်သည်။ ဦးစိန်ဓာတ်မီးဆိုင်ကြီးမှာ စစ်ပြီးခေတ်အထိ ကျော်ကြားသည်။

၂၆ လမ်းဟောင်ကောင်စတိုးနေရမှာ ယခင် အင်ပီရီရယ် ဘဏ်တိုက်နေရာဖြစ်ပြီး နောက်ပိုင်း၌ အမေရိကန်သံရုံး စာကြည့်တိုက်ဖြစ်ခဲ့သည်။ ၈၃ လမ်း၊ ၂၆လမ်းထောင့်ပြည်ကြီးကျက်သရေ အရှေ့ရပ် တိုကျိုအအေးဆိုင်နေရာမှာ စစ်မဖြစ်မီက အဝိန်ကိုး အချုံကိုး ကုမ္ပဏီဆိုင်နေရာဖြစ်ပြီး မော်တော်ကားများ ရောင်းချရာ ဆိုင်နေရာဖြစ်သည်။ ၈၃ လမ်း၊ ၂၆ လမ်းထောင့်၌ ဦးချစ်ဝိန် မိသားစု ယခုတိုင် နေထိုင်လျက်ရှိသည်။ ဦးချစ်ဝိန်မှာ မန္တလေး၌ နာမည်ကျော် အပျော်တမ်း ဓာတ်ပုံပညာရှင်ကြီးအဖြစ် လူသိများသည်။

အကွက် (၁၇၃)သည် အထက(၁)ကျောင်းဝင်းဖြစ်ပြီး တောင်ဘက်ခြမ်းတွင် ခုံတော်မင်းဝင်းရှိသည်။ ၂၄ လမ်း အနောက်ထိပ်တွင် သူဋ္ဌေးတန်း ဗလီရှိသည်။ အကွက်(၁၇၄)မှာ ကြေးနန်းရုံးဝင်းဖြစ်သည်။ ၂၅ လမ်း လမ်းမတန်းကို ရှေးကသူဋ္ဌေးတန်းဟု တွင်ခဲ့သည်။ ၂၄ လမ်း သူဋ္ဌေးတန်းဗလီမှာလည်း သီပေါမင်းလက်ထက် မဟာသုဝဏ္ဏသေဋ္ဌဘွဲ့ရ သူဋ္ဌေးမင်း ဦးမောင်ကြီး(ဦးအီဆပ်)ဆောက်လုပ်လှူဒါန်းခဲ့၏။ မင်းတုန်းမင်းလက်ထက်က ကြေးနန်းရုံမြောက်ဘက်ဝင်းအတွင်း နန်းတွင်းမှ သူဋ္ဌေးလေးဦးတို့ကို ချထားပေးသောနေရာဖြစ်သည်ဟု မှတ်သားရသည်။ ထို့ကြောင့် သူဋ္ဌေးတန်းတွင်သည်။

မြန်မာမင်းလက်ထက်၌ မင်းသူကောင်းပြုမှ သူဋ္ဌေးအမည်ရသည်။ သီပေါမင်းလက်ထက်၊ (၅ ဒီဇင်ဘာ ၁၈၇၈)နေ့ အမိန်တော်တစ်ရပ်တွင် ''သုခမဟာသာကို သူဋ္ဌေးခန့်၊ မဟာသီရိသုခသေဋ္ဌ အနာပိဏ်တွင်စေ'' ဟု ဖော်ပြထားသည်။ ''ဘောဂမဟာသာကို သူဋ္ဌေးခန့်၊ မဟာဂသေဋ္ဌသီရိရာဇာတွင်စေ။'' ''သူဋ္ဌေး မဟာသီရိသုခသေဋ္ဌ အနာထပိဏ်၊ မဟာဘောဂသေဋ္ဌ သီရိရာဇာတို့ကို သူဋ္ဌေးတို့နည်းတူ အစီးအနင်းဆောင်အယောင် သနားတော်ခံစေ'' ဟူ၍ သူဋ္ဌေးဘွဲ့ပေးသည်။

ကြွယ်ဝချမ်းသာသော လူသာမန်တို့သည် ရွှေ၊ ငွေတို့ဖြင့် လူ့အသုံးအဆောင် ပြုလုပ်သုံးစွဲခွင့်မရှိချေ။ ကျောက်မျက်ရတနာစီခြယ်သော အဆင်တန်ဆာမျိုးလည်းမဆင်ယင်ရပေ။ အဆောက်အအုံနေအိမ် ကိုလည်းသာမာန်လူတို့နေထိုင်သော အိမ်ပုံစံမျိုးအတိုင်း သာဆောက်လုပ် နေထိုင်ကြရသည်။ မင်းသူကောင်းပြုခံရလျှင် လူမှုစီးပွားရေးတွင် အထူးအခွင့်အရေးရရှိကြသည်။ ထိုမျှမက မင်းသူကောင်းပြုခံရသူတို့သည် စာကျေးမြို့ရွာ အဆောင်အရွက်များ ရရှိကြသည်။

အောင်မြေသာစံရပ်ကွက်

အောင်မြေသာစံမြို့နယ် အောင်မြေသာစံရပ်ကွက်သည် ၂၂ လမ်း (ပင်းယလမ်း)၊ ၈၆ လမ်း ရွှေတချောင်း အနောက်ဘက်၊ မြောက်ဘက် ၁၇ လမ်းအတွင်းနှင့် အနောက်ဘက် ၈၉ လမ်းအတွင်း ရပ်ကွက်များဖြစ်၍ ၂၃ ရပ်ကွက်ရှိသည်။ မန္တလေးမြို့တည်စဉ်က ပါရှိခဲ့သော ရပ်ကွက်များဖြစ်သည်။ အကွက် (၁၁၃၊ ၁၁၄၊ ၁၁၅၊ ၁၁၆)တို့သည်၂၂ လမ်းနှင့် ၂၁လမ်းကြား ရပ်ကွက်များဖြစ်သည်။ အကွက်အမှတ် ၁၁၂၊ ၁၂၃ ၊ ၁၂၄၊ ၁၂၅၊ ၁၂၁၊ ၁၂ဝ၊ ၁၁၉၊ ၁၁၈)ရပ်ကွက်များသည် ၁၉ လမ်းနှင့် လမ်း၂ဝ ကြားရှိသည်။ အကွက်အမှတ်(၁၃၁၊ ၁၂၉၊ ၁၂၇၊ ၁၃၄၊ ၁၂၈၊ ၁၂၆)ရပ်ကွက်များသည် ၁၉လမ်းနှင့် ၁၈လမ်းကြားရှိသည်။ အကွက်အမှတ် (၁၃၂၊ ၁၃၃၊ ၁၃၄၊ ၁၃၅၊ ၁၃၆)တို့သည် ၁၈ လမ်းနှင့် ၁၇ လမ်းကြားရှိသည်။

ပုလင်းဝင်းရပ်

အကွက် (၁၁၃၊ ၁၁၄) တို့သည် အနောက်ရုံသာ၊ အရှေ့ ရုံသာ ရပ်ကွက်ဖြစ်သည်။ နေထိုင်သူများ ရပ်ရွာဇာတိကို အစွဲပြု ရပ်ကွက်အမည် ခေါ်ဝေါ်ကြသည်။ အကွက်(၁၁၅) သည် တောင်ပုလင်းဝင်းရပ်၊ အကွက် (၁၂၃)၊ (၁၂၄) သည် မြောက်ပုလင်းဝင်းရပ်များဖြစ်၏။ ပုလင်းခွံ၊ အိတ်ခွံ လုပ်ငန်းများဖြင့် လုပ်ကိုင်ကြသူများ နေထိုင်သဖြင့် ပုလင်းဝင်းရပ်တွင်သည်။ အထက်မြန်မာပြည် ဈေးကွက်အကြီးဆုံး ပုလင်းခွံ၊ အိတ်ခွံရောင်းဝယ်ကြသော ရပ်ကွက်ဝင်းများဖြစ်၏။

ချစ်တီးဝင်း

အကွက် ၁၂၅ အရှေ့ပိုင်းသည် ၈၆ လမ်း အနောက်ဘက်၁၉လမ်းနှင့် လမ်း၂ဝကြားရှိသည်း။ ချစ်တီးဘုရားကျောင်းနှင့် ချစ်တီးကုလားပိုင်မြေနှင့် ဝင်းကြီးဖြစ်၍ ချစ်တီးဝင်းဟုတွင်သည်။ စစ်အတွင်းက ချစ်တီးဝင်း အတွင်း ဘုရားကျောင်းပျက်၍ ဂျပန်ခေတ်ဆေးရုံပြုလုပ်ခဲ့ကြောင်း မှတ်ရ၏။ နောက်ပိုင်းတွင် ကုန်သွယ်ရေးဘိလပ်မြေဂိုဒေါင်အဖြစ် အသုံးပြုခဲ့၏။ ၁၆၈၄ ခုနှစ်က ဒုတိယအကြိမ် ထပ်မံမီးလောင်ခဲ့သော ဝင်းတစ်ခုဖြစ်သည်။ မီးလောင်ခဲ့သဖြင့် ဝင်းအတွင်းတောင်မြောက် ကားဝင်လမ်း ဖောက်ထားသည်။ ရွှေပြည်အရှေ့ရပ်ဟုလည်းခေါ်ဝေါ်သည်။ အကွက် ၁၂၅ (အနောက်ပိုင်း) မှာ ရွှေပြည်ရပ်ကွက်ဖြစ် သည်။ ရွှေပြည်ဝန်ကြီး နေထိုင်ခဲ့ရာအရပ်ဖြစ်၍ ရွြှေ့ပည်ရပ်ဟုတွင်သည်။ ၁၉ လမ်းဘေးတွင် ရွှေပြည်ဓမ္မာရုံကြီး တည်ရှိသည်။ ရွှေပြည်တိုက်နှင့်လည်း ဆက်စပ်လျက်ရှိသည်။

မဲအိုးတန်းရပ်

အကွက်အမှတ် (၁၁၆၊ ၁၁၇) မှာ ၈၆ လမ်း အနောက်ဘက် ၂၂ လမ်းနှင့် ၂၁ လမ်းကြားရှိသည်။ မဲအိုးတန်းဟုခေါ်ဆိုခြင်းမှာ မဲနယ်ဆိုးလုပ်ငန်းလုပ်ကိုင်သူများနေထိုင်ရာအရပ်ဖြစ်သောကြောင့် မဲအိုးတန်းရပ်ဟုတွင်သည်။ စာရေးဆရာကြီး ရွှေဥဒေါင်းတို့ မိသားစုသည် ကိုလိုနီခေတ်က ဓားတန်းမှတစ်ဆင့် မဲအိုးတန်းရပ် သို့ မြေဝယ်၍ နေထိုင်ခဲ့ကြောင်း ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ပထမတွဲတွင် ဖတ်ရှုရသည်။ ရွှေတချောင်းကမ်းပါးတွင် အလုပ်သမားများက အိုးကြီးများဖြင့် မဲနယ်ဆိုးလုပ်ငန်း တန်းစီလုပ်ကိုင်ကြပုံကို ကွက်ကွက် ကွင်းကွင်း ရေးသားထားသည်။ ထိုအချိန်က ရွှေတချောင်းမှာ လည်း လှေများဖြင့် သွားလာကူးသန်း နေကြသည်။

မဲနယ်ဆိုးလုပ်ငန်းများမှာ လွတ်လပ်ရေးရပြီးနောက် မရှိတော့ပေ။ ထိုရပ်ကွက်မှာ ဖျင်ထည်ရောင်းဝယ်သူများ၊ နွာအလှဆင် ကိရိယာအမျိုးမျိုးရောင်းဝယ်သူများ ထွန်းကားခဲ့သည်။ မဲအိုးတန်းတွင် သွပ်၊ သံ၊ ဘိလပ်မြေ ကုန်သည်ရပ်ကွက် ဖြစ်သွားသည်။ မဲအိုးတန်းတွင် မဲအိုးတန်းရပ်ကွက် ဓမ္မာရုံဝင်း အနောက်ဘက်တွင် အာလကပ္ပကျောင်းတိုက်ရှိသည်။

ကျောက်ပျောက်ဝန်းရပ်

အကွက်(၁၁၈)၊ လမ်း ၂ဝနှင့် ၂၁လမ်းကြားအတန်း ကို ကျောက်ပျောက်တန်းရပ်ဟုခေါ်ဆိုသည်။ ကျောက်ပျောက်တန်းနှင့် အနောက်ဘက်ကပ်လျက် အုတ်တံတိုင်းခြား၍ အနောက် တိုက်တော်ကျောင်းတိုက်ကြီးတည်ရှိသည်။ ကျောက်ပျောက်ရွာမှ ပြောင်းရွှေ့လာကြသူများ နေထိုင်၍ ကျောက်ပျောက်တန်းဟုတွင်ကြောင်း မှတ်သားရသည်။

တိုက်တော်မှ မဟာဗောဓိရုပ်ပွားတော်မှာ မဇ္ဈိမဒေသမှ မင်းတုန်းမင်းလက်ထက်ပင့်ဆောင်ခဲ့သော မဟာဗောဓိ သားများအနက် မင်းတုန်းမင်းလက်ထက်တစ်ဆူ၊ သီပေါမင်းလက်ထက်တစ်ဆူ ထုလုပ်၍ ရွှေနန်းတော်အတွင်း ကျောက်ဦးပြာသာဒ်တွင် ကိုးကွယ်ခဲ့သည်။

မင်းတုန်းမင်း နတ်ရွာစံပြီးနောက် အတုမရှိကျောင်းတော်သို့ရွှေ့ပြောင်း ကိန်းဝပ်သော မဟာဗောဓိရုပ်ပွားမှာ မီးခခဲ့သည်။ သီပေါမင်းလက်ထက် ထုလုပ်သော မဟာဗောဓိရုပ်ပွားမှာ သီပေါမင်းပါတော်မူပြီးနောက် နန်းတွင်းမှ အရှေ့တိုက်တော်သို့ ပင့်ဆောင်ခဲ့သည်။ ထို့နောက် တောင်တော် သာသနာပိုင်ဆရာတော်က ယခုတည်ရှိရာ တိုက်တော်အတွင်း မဟာဗောဓိသိမ်တော်သို့ ပင့်ဆောင်ခဲ့ခြင်းဖြစ်သည်။

မီးသွေးစု

၁၉လမ်းနှင့် လမ်း ၂ဝကြားတွင် တိုက်တော်တိုက်၊ ခေမာသီဝံတိုက်၊ အာလကပ္ပတိုက်ကျောင်းတိုက်များရှိပြီး အကွက် (၁၂၁၊ ၁၂၂) များကို မီးသွေးစုရပ်ဟုတွင်သည်။ မြန်မာမင်းလက်ထက်က ရွှေနန်းတော်သို့ မီးသွေးများ ဖုတ်လုပ်ပေးကြ ရသူများ နေထိုင်ရာအရပ်ဟု မှတ်သားရသည်။ ခေမာသီဝံတိုက်၏ အနောက်ဘက် ၈၇ လမ်းတစ်လျှောက်ဖြစ်သည်။ မီးသွေးစုရပ်ကွက်ခေါ်သော်လည်း နောင်တွင် သူကြီးဦးစံမင်း လမ်းပြုပြင်ခဲ့သည်ကို အကြောင်းပြု၍ ဦးစံမင်းလမ်းဟု တွင်သည်။

ပင်းတလဲဝင်း

အကွက် (၁၂၆)မှာ ၁၉လမ်းဘေး အနောက်ဘက် အကွက်ဖြစ်သည်။ ပင်းတလဲမင်းသား နေထိုင်ခဲ့ရာဖြစ်၍ ပင်းတလဲ ဝင်းဟုတွင်သည်။ ၁၉လမ်းနှင့် ၁၈လမ်းကြား ရှိသည်။ ပင်းတလဲဝင်းနှင့် ဆက်လျက် မြောက်ဘက်တွင် မဟာဒီပဲရင်းတိုက် တည်ရှိသည်။ အက္ကပတ်မြို့ဝန်မင်းကျောင်းတိုက်ဟု သမိုင်းထင်ရှားပြီး အနောက်ဥရောပပုံစံဖြင့် ဆောက်လုပ်ခဲ့သော အုတ်ကျောင်းတော်ကြီး အပျက်အစီးထုထည်များ မြင်တွေ့နိုင်ကြသေးသည်။

ကွမ်းဝင်း

အကွက် (၁၂၅)၊ ရွှေပြည်ရပ်(အနောက်) ၁၉ လမ်းနှင့် ၂၁လမ်းကြား တိုက်တော်ကျောင်းတိုက် မြောက်ဘက်ရပ်ကွက်သည် ကွမ်းရေတော်မင်း နေထိုင်ခဲ့ရာဝင်းဖြစ်၍ ကွမ်းဝင်းဟုခေါ်ဆိုသည်။ ကွမ်းဝင်းအတွင်း ကွမ်းဆက်သသူ ဆွေစဉ် မျိုးဆက်များက ဘုရားတစ်ဆူတည်ထားခဲ့ရာ ယခုတိုင်တည်ရှိသည်။

ရွှေပြည်မြင်းတပ်စု

အောင်မြေသာစံမြို့နယ် အောင်မြေသာစံရပ်ကွက်အတွင်း ထင်ရှားသည့်အကွက်များအနက် ၁၉ လမ်းနှင့် ၂ဝလမ်းကြား ရွှေပြည်ရပ်ကွက် (၁၂၅)သည် မင်းတုန်းမင်း လက်ထက်က ရွြှေုပည်မြင်းတပ်စုသားများ နေထိုင်ခဲ့ရာအရပ်ဖြစ်၏။
ယောမင်းကြီးဦးဘိုးလှိုင်မှာလည်း မင်းတုန်းမင်း လက်ထက်၌ ရွှေပြည်ဝန်ကြီးရာထူးရခဲ့သူ ဖြစ်သည်။

မန္တလေးမြို့မှ မျိုးချစ်စာဆိုစာပေပညာရှင် ရွှေပြည်ဦးဘတင်သည် အသက် ၂ဝခန့်၌ ရွှေပြည်ရပ်အနီး ခေမာသီဝံကျောင်းတိုက်၌ ပညာသင်ခဲ့သည်။ ထိုအချိန်က ''ရွှေပြည်ကြီး နီးအောင်ပင်လှမ်း-နန်းရွှေရိပ်လှုံ-ရွှေဘုံဟန်သာကွန်း မှာလ''ဟူသော သီချင်းခေတ်စားနေချိန်လည်းဖြစ်ရာ သူ့နာမည်ကိုလည်း ရွှေပြည်ရပ်ကို ဂုဏ်ယူလျက် ရွှေပြည်ဦး ဘတင်ဟု ယူခဲ့သည်။

မင်းတဲအီကင်းရပ်

အောင်မြေသာစံမြို့နယ်၌ ကျယ်ဝန်းသော ရပ်ကွက်ကြီးဖြစ်၏။ ၁၉လမ်း (D) လမ်း၊ (အင်းဝ)လမ်း၏ ဝဲ၊ ယာ၊ ရတနာမဉ္ဇူဘုရားဝဲယာ အရပ်များကို မင်းတဲအီကင်းဟူ၍ ခြုံ၍ခေါ်ဆိုသည်။

မင်းတဲအီကင်းရပ်ကွက်ငယ်ပေါင်း (၂၇)ရပ်ကွက်ပါဝင်သည်။ အနောက်ဘက်တွင် ဧရာဝတီတာရိုးရှိသည်။ မင်းတဲအီကင်းမှာ မန္တလေးရတနာပုံခေတ်မှ ပေါ်လာသည့် အမည်မဟုတ်။ မန္တလေးမတိုင်မီ အင်းဝခေတ်ကတည်းက တည်ရှိနေသည်။ ဘိုးတော်မင်းလက်ထက် ၁၁၄၆ ခုတွင် မြန်မာနိုင်ငံတော်အတွင်းရှိ အရပ်ရပ် မြို့၊ ရွာ၊ နယ်မြေ အပိုင်းအခြား၊ ကျောင်းဘုရား၊ ဝတ္တုကံမြေ၊ အကောက်အခွန်ခံကောက်ရိုး ထုံးစံအစဉ်အလာများ မေးမြန်းစစ်၍ တွက်ချက် (စစ်တမ်း) ကိုရွှေတိုက်တော်၌ သွင်းထားရသည်။

ထိုစဉ်က မင်းတဲရွာအား ကြီးစိုးသော မြေတိုင်မ(အကောက်ခွန်အရာရှိ) မိငြိမ်း(ဘွားငြိမ်း)က စစ်တမ်းစာရင်းတစ်ခု တင်သွင်းသည်။ မင်းတဲရွာနယ်မြေအတွင်းရှိ ရတနာမဉ္ဇူဘုရားကျောက်စာကို ကူးယူပြီး တင်သွင်းသည်။ ထိုမင်းတဲ စစ်တမ်း၌ပင် ရတနာ မဉ္ဇူဘုရား၏ ဝတ္တကမြေ အကျယ်အဝန်း ပါရှိသည်။ အီကင်းဟူသည် မင်းတဲအနီးကီပြင်ရွာ ကို ခေါ်ဆိုခြင်းဖြစ်ပြီးကာလရွေ့လျောရာမှ အီကင်းဟု ခေါ်ဝေါ် လာခြင်းဖြစ်သည်။ ကျောက်စာအရ ကီပြင်ခေါ်သော ရွာနှင့် အတူတကွ ရွာထက်ဝန်းကျင်ရှိ ပြောင်းခင်း ၂ဝဝကိုလည်းကောင်း၊ သန်လယ်(မြေမြင့်ရာ၌ရှိသော) လယ် ၂ဝ ကို လည်းကောင်း၊ ထန်းပင် ၄ဝကိုလည်းကောင်း ဘုရားအား လှူတော်မူသည်ဟုပါရှိသည်။

အင်းဝခေတ် ၈၄ဝ ပြည့်နှစ်တွင် မဟာသီဟသူပြည့်စုံမင်းကို ရည်စူးပြီး မိဖုရားအမိတ္တသီရိမဟာဒေဝီက ကိုယ်စားတော်ရည်စူး၍ ရတနာမဉ္ဇူဘုရားကို တည်ထားခဲ့ခြင်းဖြစ်သည်။ ၁၉လမ်းဘေးတွင် တည်ရှိသည်။ မန္တလေးမြို့တွင် ရှေးကျလှသော ဘုရားတစ်ဆူဖြစ်သည်။ ဘုရားအရှေ့ဘက်အီကင်း (ကီပြင်ရွာ)ဝန်းကျင်၌ ထန်းတောများလည်း တွေ့နိုင်သည်။ ကျောက်စာအပြည့်အစုံ ရေးထိုးထားသော စေတီတစ်ဆူဖြစ်သည်။ မင်းတုန်း-သီပေါလက်ထက်ထိ မင်းအဆက်ဆက် ပြုပြင်ခဲ့သည်။ ၁၃၄ဝ ပြည့်နှစ်က ဘုရားတည် နှစ် ၅ဝဝပြည့်ပွဲတော် ကျင်းပခဲ့ကြသည်။ ထူးခြားမှုမှာ ရတနာမဉ္ဇူဘုရားမှ နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တိုင်း ရပ်ကွက်များစုပေါင်း၍ မဟာဒုတ်မြသပိတ်ပွဲ (ဘုရား ပွဲတော်) ကျင်းပကြခြင်းဖြစ်သည်။ ဘုရားမဲချပွဲမှာ စိတ်ဝင်စားဖွယ်ကောင်းလှသော ရိုးရာယဉ်ကျေးမှုဓလေ့ဖြစ်သည်။

အိမ်ရှေ့မင်းနှင့်မင်းတဲ

အမရပူရမြို့တည်၊ နန်းတည် ဘိုးတော်မင်းတရား၏ သားတော် မဟာဥပရာဇာသည် ချမ်းသာကြီးဘုရား တည်ထားကိုးကွယ်ရာ၌ မန္တလေးမြို့ အနောက်ပြင် မင်းတဲရွာတောင်သာယာသော မြေပြင်အရပ်တွင် တံတိုင်းမီးတားနှင့်တကွ နံတော်ဆင့်ချမ်းသာကြီးစေတီတော် တည်ပြီးလျှင် ထီးချရားကသည် မြေတိုင်အောင် ရွှေပိန်းထည့်တော်မူသည်။ ထို့နောက် သက္ကရာဇ် ၁၂ဝ၆ ခု နယုန်လဆန်း ၇ရက်တွင် အမရပူရ ဒုတိယမြို့တည် နန်းတည်သည့် သာယာဝတီမင်း (ရွှေဘိုမင်း)သည် မင်းတဲဒေးဝန်းစံနန်းတော် ထွက်တော်မူ၍ ယာယီစံမြန်းတော်မူသည်ဟု မှတ်သားရသည်။

သာယာဝတီမင်းနှင့် မင်းတဲ

၁၂ဝ၆ ခုနှစ်မှစ၍ စိတ်ဖောက်ပြန်လာသော သာယာဝတီမင်းအား မန္တလေးဆိပ်ကမ်းရှိ မင်းတဲအီကင်းရပ်သို့ ယတြာယာယီ အနေဖြင့် ပြောင်းရွှေ့စံနေသည်။ သာယာဝတီမင်း စိတ္တဇရောဂါ စွဲကပ်နေစဉ်သူ၏ကိုယ်စား ထီးရေး၊ နန်းရေးတို့၌ ဆောင်ရွက် ရန် တောင်နန်းမိဖုရားခေါင် ကျပင်းမင်းသမီးနှင့် သားတော်ပုဂံမင်းတို့အား လွှဲထား၏။ မင်းတရားရောဂါပိုဆိုးလာ၍ မင်းတဲဆိပ်ကမ်းမှ အမရပူရသို့ ရွှေ့ပြောင်းရသည်။

ရှေးအခါက မင်းတဲကို 'မတဲ'ဟူ၍ ရေးကြသည်။ မင်းတဲ(မတဲ)စစ်တမ်းနှင့် ပေါက်တောစစ်တမ်းများအရ ယခုပွဲ ကုန်းရပ်မှ ချမ်းသာကြီးဘုရားသည် မတဲဒေသ၌ ပါဝင်သည်။ ရှေးခေတ်က မင်းတဲနှင့် ဒေးဝန်းသည် တစ်ဆက်စပ်တည်းဖြစ်သည်ကို တွေ့ရသည်။ ယနေ့ခေတ်တိုင်လည်း မင်းတဲအီကင်းရပ်ကွက်ကြီးကို မင်းတဲဟုခေါ်ဆိုသည်။ ရပ်ကွက်အားဖြင့်လည်း အီကင်းရပ်ကွက်က အကွက် (၈၅၊ ၈၈၊ ၉ဝ)သုံးရပ်ကွက်လောက်ရှိသည်။ အချို့ရပ်ကွက် များမှာ နောက်တိုးရပ်ကွက်များဖြစ်သည်။

အကွက် (၈ဝ၊၈၄) ရပ်ကွက်သည် မြရေနံရပ်ဖြစ်သည်။ အကွက်(၈၂)သည် သမင်ခြံရပ်ဖြစ်၍ ပုသိမ်ကြီး၊ သမင်ခြံရွာမှ ပြောင်းရွှေ့နေထိုင်သူများကို အစွဲပြုခေါ်ဝေါ်သည်။ အကွက်(၈၃) ဆင်မြားရှင်ရပ်ကွက်မှာလည်း ဆင်မြားရှင် ကျောင်းတိုက် အမှီပြု၍ နာမည်တွင်နေ သည်။ ကျောင်းတိုက်အတွင်း လေးမျက်နှာဘုရားတစ်ဆူ တည်ရှိသည်။ အကွက် (၈၅) မြအရာတော်၊ အကွက်(၈၈၊၈၉) ယခင်က အရာတော်အရပ်၊ အကွက်(၉ဝ၊၉၁၊၉၂) ဆင်ရွာအရှေ့ ရပ်ကွက်မှာ ဆင်များထားရှိခဲ့ရာအရပ်ဖြစ်၍ ဆင်ရွာဟု ခေါ်တွင်ခဲ့သည်။

ပုဏ္ဏားစု၊ ပုဏ္ဏားဈေး

မင်းတဲအီကင်းအကွက် (၉၃)သည်ကုန်သည်တော်ရပ်ဖြစ်သည်။ ရှေးအခါက ရတနာမဉ္ဇူဘုရားသို့ လာရောက်ကြသည့်ကုန်သည်များ စုစည်းနေထိုင်ရာအရပ်ဖြစ်၍ ကုန်သည်တော်ရပ်တွင်နေသည်။ အကွက်(၉၄၊၉၅) စက်မြေရပ်မှာ ယခင်က ပုဏ္ဏားလူမျိုးများ နေထိုင်ရာ ဝင်းဖြစ်သည်။ အကွက်(၁ဝဝ၊၁ဝ၁)ရပ်ကွက်များမှာ ပုဏ္ဏားကုန်း၊ ပုဏ္ဏားဈေးဝင်းဖြစ်သည်။ ယခု ပုဏ္ဏားဈေးမရှိတော့ပေ။

ဆက်လက်ဖော်ပြပါမည်။

[ဆရာနတ်မောက်ထွန်းရှိန်၏ (၂ဝဝ၁ ခုနှစ် အမျိုးသား စာပေဆု-သုတပဒေသာဝိဇ္ဇာ) ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည် စာအုပ်မှ အခေါ်အဝေါ်နှင့် အသုံးအနှုန်းများ၊ စာလုံးပေါင်းသတ်ပုံနှင့် သဒ္ဒါအထား အသိုများကို မူရင်းအတိုင်းဖော်ပြခြင်းဖြစ်ပါသည်။]