THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )
PDF File များ Download ပြုလုပ်နည်း Youtube Link
ကုရ်ဗာနီ - စွန့်လှူခြင်း (ပြုစုသူ- မောင်လာနာ ဟာဖိဇ် မုဟမ္မဒ် ဆွာလိဟ်၊ ပြန်ဆိုသူ - အလ္လာမာဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်)
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ်၏ ကျမ်းဦးစကား
မပြတ်မစဲသနားကြင်နာတော်မူသော၊အနန္တကရုဏာရှင်ဖြစ်တော် မူသော၊ “အလ္လာဟ်”အရှင်မြတ်၏နာမတော်ဖြင့် အစပြုပါ၏ ။
“အစ္စလာမ်”တည်းဟူသော ဘ၀တည်ဆောက်မှုလမ်းစဉ်အား နားလည်မှုလွဲမှားခြင်းအခံရဆုံးသော သာသနာဟု အချို့က ဆိုကြလေသည်။
သို့သော် “အစ္စလာမ်”အား  သက်ဝင်ယုံကြည်ကြသော လူဦးရေမှာ လျော့၍မသွားဘဲ တစ်နေ့ တစ်ခြားပင် တိုးပွား၍ လာနေသည်မှာကား ထူးခြားလှပေသည်။
 “အစ္စလာမ်”၏ ထူးခြားသော အရေးပါသည့်ကျင့်စဉ် ကျင့်ရပ်တို့အနက်မှ တစ်ခုဖြစ်သော “ကုရ်ဗာနီ”ကျင့်စဉ်သည် လွန်စွာလေးနက်သိမ်မွေ့လှသောကျင့်စဉ်ဖြစ်ပေသည်။
သို့ရာတွင် “ကုရ်ဗာနီ”ကျင့်စဉ်၏ တရားသဘောကို နားမလည်နိုင်ကြသူများကမူ “ကုရ်ဗာနီ”ပြုခြင်းကို သနားကြင်နာမှုလုံးဝမရှိသော၊ ကရုဏာတရားကင်းသော၊ လွန်စွာရက်စက်သောအသွင်ဟု ထင်မြင်ယူဆကာ၊ ထိုကဲ့သို့ပင် “အစ္စလာမ်”ကိုလည်း ပုံဖော် ပြောဆိုလျက်ရှိနေကြပေသည်။
စင်စစ်တွင် ထိုကဲ့သို့ ထင်မြင် ယူဆပြောဆိုနေကြခြင်း များသည် “အစ္စလာမ်”တည်းဟူသော “ငြိမ်းချမ်းရေးလမ်းစဉ်”နှင့် ၄င်းလမ်းစဉ်၏ထူးခြားလေးနက်သော ကျင့်စဉ်   “ကုရ်ဗာနီ”ဟူသော စွန့်လွှတ်၊ စွန့်စား၊ စွန့်လှူခြင်း၏ အကြောင်းတရား၊အကျိုးတရား များကို ဆင်ခြင်နိုင်သည့် “စွမ်းရည်”မရှိသောကြောင့်ပင်ဖြစ်သည်။
ထိုအကြောင်းတရားများကို ဆင်ခြင်နိုင်သည့် “စွမ်းရည်” ဟူသည်မှာ
ရှိရှိသမျှသော သတ္တ၀ါအပေါင်းအပါအ၀င် စကြ၀ဠာ လောကခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူြုပစုပျိုးထောင်တော်မူသော “အလ္လာဟ်” အရှင်မြတ် တစ်ပါးတည်း တည်ရှိတော်မူကြောင်း နိစ္စသစ္စာတရား(သောင်ဝ်ဟီးဒ်)အား သိမြင်နိုင်သည့် “ဉာဏ်စဉ်” ပင်ဖြစ်ပေသည်။
၎င်းဉာဏ်စဉ်အား ဆင်ခြင် အသုံးပြုမည်ဆိုပါက “အလ္လာဟ်”အရှင်မြတ်မှ လွဲ၍ အခြား မည်သည့် အရာကိုမျှ ဆည်းကပ် ကိုးကွယ် နာခံ အားထားရန် မရှိကြောင်းကို  မုချပင် သိမြင်နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့သော “ဉာဏ်စဉ်”အား ရရှိထားသူတစ်ဦးအဖို့ မိမိအရှင်သခင်၏ အမိန့်တော်ဖြစ်ပါက ၄င်းပိုင်ဆိုင်သော ပစ္စည်း၊ ဥစ္စာဓန၊အဟိတ်တိရစ္ဆာန်.....စသည်တို့ကို  စွန့်လှူရန်မျှ မဆို ထားနှင့် ၄င်း၏ ကိုယ်ခန္ဓာ၊ အသက်၊ လောကီ သံယောဇဉ် တို့ကိုပင် စွန့်လှူရန် အစဉ်အမြဲ အသင့်ရှိနေမည်သာဖြစ်သည်။
ထိုကဲ့သို့သော “ပုဂ္ဂိုလ်မွန်”များ၏ မြင့်မြတ်လှသော   သန္နိဋ္ဌာန်သည်ကား....................................
မုချဧကန်၊   
ကျွန်ုပ်၏ ဆွလာသ် တည်ဆောက်မှု၊
ကျွန်ုပ်၏ (ကုရ်ဗာနီ) စွန့်လှူမှု၊
ကျွန်ုပ်၏ ရှင်ခြင်းနှင့်
ကျွန်ုပ်၏ သေခြင်းတို့သည်
စကြ၀ဠာလောကခပ်သိမ်းတို့ကို  
ဖန်ဆင်းပြုစုပျိုးထောင်တော်မူသော 
အလ္လာဟ်အရှင့်အတွက်သာတည်း။
(ကုရ်အာန်-၆း၁၆၂)
အစ္စလာမ့်ရေးရာ  ဒို့ဝန်တာ
(အလ်ဟာဂ်ျ တင်မောင်သန်း)
အတွင်းရေးမှူးချုပ်
၂၀၁၀-ပြည့်နှစ်၊သြဂုတ်လ၊(၁)ရက်
-
မှတ်ချက် ။            ။      ဤ“ကုရ်ဗာနီ”ဟူသောစာစဉ်သည် “အလ္လာဟ်”အရှင်မြတ် အမိန့်တော်ခံယူကွယ်လွန်သွားကြရှာသူများဖြစ်ကြသော
မြန်မာနိုင်ငံသဗ်လိဂ်ဂျမာအသ် အမီရ်ချုပ် ရှိုင်ခုလ်ဟဒီးဆ် အလ်ဟာဂ်ျ မောင်လာနာ ဟာဖိဇ် မုဟမ္မဒ် ဆွာလိဟ် (မဇွာဟီရီ)က အူရဒူဘာသာဖြင့် ရေးသားပြုစု၍
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စိရုလ်ကုရ်အာန် အလ္လာမာဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်က ဘာသာ ပြန်ဆိုပြီး
(၁၉၅၄)ခုနှစ်၊ သြဂုတ်လထုတ် ကမ္ဘာ့အလင်း မဂ္ဂဇင်းအတွဲ(၂)၊ အမှတ်(၂၀)တွင် ပုံနှိပ်ဖော်ပြခဲ့သည်များကို ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။--------------
-
-
ကုရ်ဗာနီ၏ရည်ရွယ်ချက်
“ကုရ်ဗာနီ”ပြုလုပ်၍ ကျွေးမွေးလှူဒါန်းခြင်းသည်ကား အကျိုးများပြားလှပေသည်။
 သို့ပင်ငြားလည်း ဤကား အဓိက အချက် မဟုတ်သေးပေ။
“ကုရ်အာန်”ကျမ်းတော်မြတ် “စူရဟ်-ဟဂ်ျ”တွင် “ကုရ်ဗာနီ”နှင့်စပ်လျဉ်း၍
“အလ္လာဟ်”အရှင်မြတ်သည် အောက်ပါအတိုင်း အမိန့်တော်မြတ် မိန့်မှတ်ထားတော်မူသည်။
-
ယင်း “ကုရ်ဗာနီ”သားကောင်များ၏ အသားနှင့် အသွေးများသည် “အလ္လာဟ်”အရှင်မြတ်၏ထံတော်ပါးသို့ အလျင်း ရောက်ရှိသည်မဟုတ်။
 “အလ္လာဟ်” အရှင့်ထံတော်ပါးသို့ အသင်တို့၏ “သတ်က်ဝါ” “အမိန့်တော်ကိုနာခံမှု”နှင့်“ဖြူစင်သောစေတနာ” သည်သာလျှင် ရောက်ရှိပေသည်။ 
ကုရ်အာန်(၂၂း၃၇)
-
တမန်တော်ကြီး“အိဗ်ရာဟီမ်”သည် “အလ္လာဟ်” အရှင်မြတ်၏ အမိန့်တော်ကို မြေ၀ယ်မကျနာခံ၍ အသက်တမျှ ချစ်မ၀သော သားရတနာကိုပင် “ကုရ်ဗာနီ”ပြုလုပ်၍ ကမ္ဘာ့ ရာဇ၀င်တွင် အံ့ချီးမဆုံး စွန့်ခြင်းကြီး စွန့်ပြခဲ့သည်။ထိုသို့“အလ္လာဟ်”အရှင်မြတ်၏ အမိန့်တော်ကို ဒိဋ္ဌဓမ္မ မျက်မှောက်ပြုသော “အချစ်တော်”တမန်တော်ကြီးအိဗ်ရာဟီမ်၏ ဖြူစင်သောသဒ္ဓါတရားနှင့်စွန့်စားမှုကို “အလ္လာဟ်” အရှင်သည် နှစ်မြို့တော်မူသဖြင့် သားရတနာအစား သားကောင်တစ်ကောင်ကို “ကုရ်ဗာနီ”ပြုစေတော်မူခဲ့သည်။တမန်တော်ကြီးအိဗ်ရာဟီမ်၏ ဖြူစင်သော သဒ္ဓါတရား ဦးလည်မသုန် အမိန့်တော် နာခံပုံနှင့် စွန့်စားမှု အစရှိသည့် ထိုထိုသော ဂုဏ်ပုဒ်များကိုနောင်လာနောက်သားတို့ အမြဲတစေ အမှတ်ရစိမ့်သောငှာ “အလ္လာဟ်”အရှင်မြတ်သည် “ကုရ်ဗာနီ”ကို အတည်ပြုတော်မူခဲ့သည်။
သို့ဖြစ်ရာ ကျွန်ုပ်တို့သည် တမန်တော်ကြီးအိဗ်ရာဟီမ် ၏ စွန္နသ်တော်ကို လက်တွေ့ လိုက်နာကျင့်သုံး၍
“ဖြူစင်သောသဒ္ဓါတရားထားရှိခြင်း”၊
“အမိန့်တော်ကိုနာခံခြင်း”၊
“စွန့်လွှတ်စွန့်စားခြင်း” စသည့် ဂုဏ်ပုဒ်များသည် မိမိတို့တွင် သရုပ်သကန် ဖြစ်ပေါ်လာရန် ကြိုးစားရပေမည်။
ဤသည်ကား “ကုရ်ဗာနီ”၏ ရည်ရွယ်ချက်ပင်ဖြစ်၏။
-
ကုရ်ဗာနီပြုခြင်း၏အကျိုး
-
“ကုရ်ဗာနီ”ပြုခြင်း၏ အကျိုးတရားများနှင့် စပ်လျဉ်း၍ တမန်တော်မြတ်က အောက်ပါအတိုင်းမိန့်တော်မူခဲ့သည်။
-
၁။ “ကုရ်ဗာနီ”ပြုခြင်းသည် တမန်တော်ကြီး“အိဗ်ရာဟီမ်” ၏ “စွန္နသ်”ကျင့်စဉ်တစ်ရပ်ဖြစ်သည်။
      (မုစနဒ်အဟ်မဒ်ကျမ်း၊ဟာကင်မ်ကျမ်း)
-
၂။  “ကုရ်ဗာနီ”အခါ၌“ကုရ်ဗာနီ”ပြုလုပ်ခြင်းကို “အလ္လာဟ်” အရှင်မြတ်သည် အထူးနှစ်မြို့တော်မူသည်။
 မလုပ် မနေရသော “ဖရဒွ်”တာဝန်များမှအပ “ကုရ်ဗာနီ” သည် အခြားသောကောင်းမှုများထက် မြတ်သည်။
“ကုရ်ဗာနီ” သွေးမြေမကျမီ “အလ္လာဟ်”အရှင်မြတ်သည်“ကုရ်ဗာနီ”ကို လက်ခံ သဘောတူတော်မူသည်။
(အိဗ်နုမာဂျာဟ်ကျမ်း၊သိရ်မိဇီကျမ်း)
-
၃။ “ကုရ်ဗာနီ”ပြုသောသူသည် “ကုရ်ဗာနီ”သားကောင်၏ ကိုယ်ခန္ဓာရှိ အမွေးနှင့်အမျှ ကုသိုလ် အကျိုးရသည်။                             
(ဟာကင်မ်ကျမ်း)
-
၎။ အကြင်သူတစ်ဦးသည် စိတ်စေတနာ ဖြူစင်စွာဖြင့် “ကုရ်ဗာနီ” ပြုလျှင် ထို“ကုရ်ဗာနီ”သည် ထိုသူ့အဖို့ ငရဲမီးဘေးမှ ကာကွယ်ပေမည်။ 
(သွိဗ်ရာနီကျမ်း)
-
၅။ အကြင်သူတစ်ဦးသည် “ကုရ်ဗာနီ”ပြုလုပ်နိုင်သော အခြေအနေရှိပါလျက် “ကုရ်ဗာနီ”မပြုလျှင်
ထိုသူသည် ငါတို့၏၀တ်ပြုရာနေရာ(မုဆွလ္လာဟ်)သို့ လာရောက်ခြင်း မပြုရ။
(ဟာကင်မ်ကျမ်း)
-
သို့ဖြစ်ရာ ကျွန်ုပ်တို့“မွတ်စ်လင်မ်”များသည် “ကုရ်ဗာနီ”     ပြုခြင်းကို ဘယ်သောအခါမျှ လျစ်လျူရှုထားနိုင်ကြသည် မဟုတ်ပေ။
-
ကုရ်ဗာနီပြုရန် တာဝန်ရှိသူများ
အကြင်သူတစ်ဦးအပေါ်၌ “ဖိသ်ရဟ်”*သည် “၀ါဂျိဗ်” ဖြစ်အံ့။ထိုသူ့အပေါ်၌ “ကုရ်ဗာနီ”သည်လည်း“၀ါဂျိဗ်”ဖြစ်ပေအံ့။
မှတ်ချက်-
* “ဖိသ်ရဟ်”တာဝန်ရှိသူမှာ လွတ်လပ်သူဖြစ်ပြီး “နိဆွာဗ်” သတ်မှတ်ချက်မှာ “ဇကာသ်” အတိုင်းပင်ဖြစ်၏။
ကြွေးမြီလွတ်ကင်း၍ ရွှေသား ၇တိုလာခွဲ(၅ကျပ်၁၀ပဲသား) (သို့) ငွေသား ၅၂တိုလာခွဲ (၄၀ကျပ်သား)ရှိခြင်း၊ (သို့) ထိုမျှတန်ဖိုးရှိ ငွေ (သို့) ပစ္စည်း ပိုင်ဆိုင် သူ ဖြစ်ခြင်းဖြစ်၏။
“ဇကာသ်”နှင့် “ဖိသ်ရဟ်”ခြားနားပုံမှာ “ဇကာသ်” မှာ ရွှေ (သို့)ငွေ(သို့)ရောင်းကုန် ပစ္စည်းများအပေါ်တွင်သာ ပေးဆောင်ရခြင်း ဖြစ်ပြီး ဖိသ်ရဟ်မှာ မိမိအသုံးအဆောင် ထက်ပို၍ ရှိသမျှသော ပစ္စည်းအားလုံးကို ရောပေါင်း၍ တွက်သော် “နိဆွာဗ်” တန်ဖိုး ပြည့်မီလျှင် “ဖိသ်ရဟ်”တာဝန်ထိုက်၏။“ ဇကာသ်”ကဲ့သို့ ယင်းပစ္စည်းများကို ပိုင်ဆိုင်သောကာလမှာ တစ်နှစ်ပြည့်ရမည်ဟု သတ်မှတ်ချက်မရှိ။
-
“ကုရ်ဗာနီ”သည် မိမိ၏တာဝန်မျှသာဖြစ်သည်။
မိဘတို့၌ သားသမီးများအတွက် “ကုရ်ဗာနီ”ပြုရန် “၀ါဂျိဗ်” တာဝန်မရှိချေ။
အရွယ်မရောက်သေးသော သားသမီးများသည် ချမ်းသာ ကြွယ်ဝသူများဖြစ်လင့်ကစား
ထိုသားသမီးများ၏ ဥစ္စာပစ္စည်းနှင့် ဖြစ်စေ၊မိဘတို့၏ဥစ္စာပစ္စည်းနှင့်ဖြစ်စေထိုသားသမီးများအတွက် “ကုရ်ဗာနီ”ပြုပေးရန် မိဘများ အပေါ်၌ တာဝန်မရှိ။
အကယ်၍ မိဘများက ထိုကဲ့သို့သော သားသမီးများအတွက် “ကုရ်ဗာနီ” ပြုလုပ်လိုလျှင် မိမိတို့၏ ဥစ္စာပစ္စည်းနှင့်သာလျှင် ပြုလုပ်ရမည်။
ပြုလုပ်သော “ကုရ်ဗာနီ”သည်လည်း “နဖိလ်”ပင်ဖြစ်ပေမည်။
-
“မုစာဖိရ်”ခရီးသည်များအပေါ်၌ “ကုရ်ဗာနီ”ပြုရန် “၀ါဂျိဗ်” တာဝန်မရှိ။
“မုစာဖိရ်” ခရီးသည်တစ်ဦးသည် “နိဆွာဗ်” ပိုင်ရှင် တစ်ဦးဖြစ်သည့်အပြင် ခရီးသွားနေခိုက်မှာပင် “ကုရ်ဗာနီ” ပြုလုပ်ရန် ငွေကြေးအသင့်ရှိလင့်ကစား ထိုခရီးသည်အပေါ်၌ “ကုရ်ဗာနီ” ပြုရန် တာဝန်မရှိချေ။
သို့ရာတွင် “နိဆွာဗ်”ရှင် “မုစာဖိရ်”တစ်ဦးသည် “ကုရ်ဗာနီ” နေ့ရက်များတွင်  တစ်နေရာ တစ်ဌာန၌ “မုကီမ်” အဖြစ်ဖြင့် တည်းခိုနေထိုင်ပါလျှင် ထို“နိဆွာဗ်”ရှင် “မုစာဖိရ်” အပေါ်၌ “ကုရ်ဗာနီ”ပြုရန် တာဝန်ရှိသည်။
ခွင့်ပြုချက်မရရှိဘဲလျက် အခြားသူတစ်ဦးတစ်ယောက် အတွက် “ကုရ်ဗာနီ”လုပ်ကိုင်ခွင့်မရှိ။ ခွင့်ပြုချက်မရှိဘဲ “ကုရ်ဗာနီ” ပြုက တာဝန်ကျေမည်လည်း မဟုတ်ပေ။
“နဖိလ်” ကုရ်ဗာနီ အတွက်မှာမူ ခွင့်တောင်းရန်မလိုပေ။
ကြေွးမြီတင်လျက်ရှိသော ဆင်းရဲသူဆင်းရဲသားများအဖို့ “ကုရ်ဗာနီ”ပြုခြင်းထက် ကြွေးမြီဆပ်ခြင်းသည်မြတ်၏။
တာဝန်မရှိပါသော်လည်း “ကုရ်ဗာနီ”ပြုက အကျိုးမဲ့ အချည်းနှီး အဟောသိကံဖြစ်မည်ကား မဟုတ်ပေ။ ကုသိုလ်အကျိုး မုချရပေမည်။
-
ကုရ်ဗာနီသားကောင်များ၏အရွယ်အစား
-
“ကုရ်ဗာနီ”ပြုခွင့်ရှိသော သားကောင်များ၏ အသက် အရွယ်အစားမှာ-
-
 ဆိတ်သည် အနည်းဆုံး(၁)နှစ်သားဖြစ်ရမည်။
-
ကျွဲနှင့်နွားများသည် အနည်းဆုံး(၂)နှစ်သားဖြစ်ရမည်။
ကုလားအုတ်သည် အနည်းဆုံး(၅)နှစ်သားဖြစ်ရမည်။
-
 ဒွန်ဗာနှင့်သိုးသည် (၁)နှစ်သားဖြစ်ရမည်။သို့ရာတွင် ထွားကျိုင်း၍ (၁)နှစ်သားအရွယ် ဖြစ်သော သိုး၊ ဒွန်ဗာများ၏ ကိုယ်ခန္ဓာကိုဆောင်သော် (၆)လ သားပင် ဖြစ်စေကာမူ “ကုရ်ဗာနီ”ပြုပိုင်ခွင့်ရှိသည်။
-
 မွေးလုဆဲဖြစ်နေသော သားကောင်များကို “ကုရ်ဗာနီ”ပြုခြင်းသည်  “မက္ကရူဟ်”ဖြစ်သည်။  မသင့်လျော်ချေ။
-
“ကုရ်ဗာနီ”ပြုလုပ်ရန် သားကောင်ဝယ်ပြီးသည့်နောက် ထိုသားကောင်တွင် “ကုရ်ဗာနီ”မပြပိုင်လောက်အောင် ချွတ်ယွင်းမှု ဖြစ်ပေါ်လာသော်
ချမ်းသာသူများအဖို့  အင်္ဂါပြည့်စုံသော အခြား သားကောင်ကိုဝယ်၍ “ကုရ်ဗာနီ” ပြုရပေမည်။
ဆင်းရဲသူများအဖို့မှာမူ အင်္ဂါချို့တဲ့သွားသော ထို သားကောင်ကိုပင် “ကုရ်ဗာနီ” ပြုနိုင်သည်။
-
ဆင်းရဲသားတစ်ဦးသည် “ကုရ်ဗာနီ”ûပရန် သတ်မှတ် ထားသော နေ့ရက်များတွင် “ကုရ်ဗာနီ”ပြုရန် ရည်စူး၍ သားကောင်ကိုဝယ်သော်         
ထိုသားကောင်ကိုပင် “ကုရ်ဗာနီ” ပြုရမည်။ လဲလှယ်ပိုင်ခွင့်မရှိချေ။
သို့ရာတွင် “ကုရ်ဗာနီ”ပြုရန် သတ်မှတ်ထားသော နေ့ရက်များအလျင်က သားကောင်ကို ၀ယ်ထားခဲ့ပါလျှင် ထိုသားကောင်ကို လဲလှယ်ပိုင်ခွင့်ရှိပေသည်။
-
ကုရ်ဗာနီပြုအပ်/မပြုအပ်သောသားကောင်များ
-
မျက်စိ-စုံကန်း၊ တစ်ဖက်ကန်း၊ မျက်စိ-သုံးပုံတစ်ပုံ ပျက်နေသော သားကောင်များ၊
နား-တစ်ဖက် (သို့မဟုတ်) နား-တစ်ဖက်၏ သုံးပုံတစ်ပုံ ပျက်စီးနေသော သားကောင်များ၊
အမြီး-သုံးပုံတစ်ပုံ (သို့မဟုတ်) ၄င်းထက် ပို၍ ပြတ်နေသော သားကောင်များကို “ကုရ်ဗာနီ”ပြုခြင်း မပိုင်။
-
ခြေလေးချောင်းအနက် ခြေတစ်ချောင်းသည် သွားလာ ရာတွင် မြေမထောက်နိုင်အောင် ကျိုးပဲ့ ချွတ်ယွင်းနေသော သားကောင်ကို “ကုရ်ဗာနီ” ပြုခြင်းမပိုင်။
သို့သော် ခြေလေးချောင်း အနက် နာကြင်နေသော ခြေထောက်ကို ထောက်၍ ကျိုးနင်း ကျိုးနင်းနှင့်သွားနိုင်ပါက ထိုသားကောင်ကို“ကုရ်ဗာနီ”ပြုနိုင်သည်။
-
အရိုးပေါ်အရေကပ်လုမခန်း ကြုံလှီနေသော သားကောင် များကို “ကုရ်ဗာနီ”ပြုခြင်းမပိုင်။
သွားများအားလုံး ကျိုးနေသော သားကောင်များကို “ကုရ်ဗာနီ”ပြုခြင်းမပိုင်။
သွားအချို့သာ ကျိုး၍ သွားအများစု ကျန်ရှိသော သားကောင်များကိုမူ “ကုရ်ဗာနီ” ပြုနိုင်သည်။
အမိဝမ်းတွင်းမှ နားရွက်အလျင်းမပါလာသောသားကောင်များကို “ကုရ်ဗာနီ”ပြုခြင်းမပိုင်။
သေးသိမ်သောနားရွက်ရှိသော သားကောင်များကိုမူ “ကုရ်ဗာနီ”ပြုခြင်းပိုင်သည်။
အလျင်းချိုမပေါက်သောသားကောင်နှင့် ချိုအနည်းငယ် ကျိုးပဲ့နေသော သားကောင်များကို “ကုရ်ဗာနီ”ပြုနိုင်သည်။
ချိုအရင်းမှ ကျိုးနေသော သားကောင်များကိုမူ “ကုရ်ဗာနီ” ပြုခြင်းမပိုင်။
နို့တစ်ဖက်ကန်း(လုံးဝခန်းခြောက်သွား)သော ဆိတ်မနှင့် နို့နှစ်ဖက်ကန်း (လုံးဝခန်းခြောက်သွား)သောနွားမကို “ကုရ်ဗာနီ” ပြုခြင်းမပိုင်ချေ။
“ခဆွီ” သင်းထားသော သိုး၊ ဆိတ်များကို “ကုရ်ဗာနီ” ပြုခြင်းသည် “စွန္နသ်”ဖြစ်သည်။
-
ကုရ်ဗာနီအသား
-
“ကုရ်ဗာနီ” အသားကို သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ “မွတ်စ်သဟဗ်” ကောင်းမြတ်သောတရားနည်းလမ်းမှာ
ထိုအသားကို သုံးပုံပုံ၍ တစ်ပုံကို မိမိကိုယ်တိုင်စားသုံးနိုင်သည်။
တစ်ပုံကို ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများအား ဝေငှပေးရမည်။
ကျန်တစ်ပုံကို ဆင်းရဲသူ ဆင်းရဲသားတို့ကို ပေးကမ်း လှူဒါန်း ရမည်။
“ကုရ်ဗာနီ”အသားကို လုပ်ခသဘောမျိုးနှင့် မဟုတ်ဘဲ “အစ္စလာမ်”ဘာသာဝင်မဟုတ်သူများအားလည်း ပေးပိုင်ခွင့်ရှိ ပေသည်။
-
ကုရ်ဗာနီသားရေ
-
“ကုရ်ဗာနီ”အသားကို ဆင်းရဲ ချမ်းသာမရွေး ပေးနိုင်သကဲ့သို့ပင် ကုရ်ဗာနီသားရေကိုလည်း ဆင်းရဲချမ်းသာမရွေးပင် ပေးနိုင်သည်။
သို့ရာတွင် လုပ်ခသဘောမျိုးဖြင့် မည်သူ့ကိုမျှ မပေးနိုင်။
“ကုရ်ဗာနီ” သားရေ၏အဖိုးငွေကို ဗလီဝတ်ကျောင်း များတွင် လည်းကောင်း၊ အခြားကောင်းမှုများတွင်လည်းကောင်း သုံးပိုင်ခွင့်မရှိ။
(ဆင်းရဲသားများအားသာအကျိုးခံစားစေရာ၏။)
“ကုရ်ဗာနီ”သားရေကို မိမိ၏ အသုံးအဆောင်များအတွက်လည်း အသုံးပြုနိုင်သည်။
-
ကုရ်ဗာနီပြုရန်အချိန်
-
 “ကုရ်ဗာနီ”ပြုရန်အချိန်မှာ ဇုလ်ဟိဂ်ျဂျဟ်လ(၁၀)ရက် “အီဒုလ်အဒွဟာ” ဆွလာသ်ဝတ်ပြုပြီးသည့်အချိန်မှစ၍
ဇုလ်ဟိဂ်ျ ဂျဟ်လ(၁၂)ရက်နေ့ ညနေ နေမ၀င်မီအချိန်ထိဖြစ်သည်။
 ဖော်ပြပါအတိုင်း ကုရ်ဗာနီပြုရန် သတ်မှတ်ထားသော နေ့ရက်များတွင် အချိန်မရွေး “ကုရ်ဗာနီ”ပြုနိုင်သည်။
သို့ရာတွင် ဇုလ်ဟိဂ်ျဂျဟ်လ(၁၀)ရက်နေ့ “ကုရ်ဗာနီ”ပြုခြင်းသည် မြတ်သည်။
ထို့အတူ ညဥ့်အချိန် “ကုရ်ဗာနီ”ပြုခြင်းထက် နေ့အချိန် “ကုရ်ဗာနီ” ပြုခြင်းက ပို၍ သင့်မြတ်သည်။
-
-
ကုရ်ဗာနီပြုလုပ်နည်း
-
     “ကုရ်ဗာနီ”ပြုလုပ်သည့်အခါ “ကုရ်ဗာနီ”သားကောင်၏ မျက်နှာကို “ကိဗ်လဟ်”ဘက်သို့ လှည့်ထား၍ “ဇဗာဟ်”ပြုမည့် သူသည် အောက်ပါ “ဒုအာ”ကို ရွတ်ဆိုရမည်။
-
-
အထက်ပါ “ဒုအာ”ကို ရွတ်ဆိုသည့်အခါ၌
-
-
(ဗိစ်မိလ္လာဟိ အလ္လာဟုအတ်က်ဗရ်) ဟုဆိုပြီးသည်နှင့်  သားကောင်ကို ထက်မြက်သော ဓားဖြင့် “ဇဗာဟ်” ပြုရမည်။      
 “ဇဗာဟ်”ပြုပြီးနောက် အောက်ပါ “ဒုအာ”ကို တောင်းဆိုရမည်။
-
-
မှတ်ချက်။       ။ သားကောင်ကို “ဇဗာဟ်” ပြုသည့်အချိန်၌ “ဇဗာဟ်” ပြုသူသည်လည်း “ကိဗ်လဟ်”ဘက်မျက်နှာမူရမည်။            
                       ဤသည် “စွန္နသ်မုအက္ကဒဟ်”ဖြစ်သည်။
-
-
ဖွရဒ်ွဆွလာသ်အပြီးတွင်
-
 ဇုလ်ဟိဂ်ျဂျဟ်လ(၉)ရက်နေ့ နံနက် ဖဂျရ်ဆွလာသ်မှစ၍ (၁၃)ရက်နေ့အဆွရ်ဆွလာသ်အပြီးတိုင် ဖရဒ်ွဆွလာသ်၏နောက်
အောက်ဖော်ပြပါ “သက်ဗီရ်”ကို ဖတ်ရွတ်ခြင်းသည် “၀ါဂျိဗ်” တာဝန်ဖြစ်လေသည်။
-
-
အလ္လာဟ်အရှင်မြတ်သည် ကြီးမြင့်ထွတ်မြတ်တော်မူပါ၏။
အလ္လာဟ်အရှင်မြတ်သည် ကြီးမြင့်ထွတ်မြတ်တော်မူပါ၏။
အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခ၀ပ်ကိုးကွယ်အားထားရာမရှိ။
အလ္လာဟ်အရှင်မြတ်သည် ကြီးမြင့်ထွတ်မြတ်တော်မူပါ၏။
အလ္လာဟ်အရှင်မြတ်သည် ကြီးမြင့်ထွတ်မြတ်တော်မူပါ၏။
ချီးမွမ်းထောမနာခြင်းအပေါင်းတို့သည်အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါ၏။
-
မှတ်ချက်။      ။ ၄င်း“သက်ဗီရ်”ကို အမျိုးသားများ အသံကျယ်စွာ၊ အမျိုးသမီးများအသံတီးတိုးစွာရွတ်ဆိုရမည်။
-
-
အီးဒ်ဆွလာသ်ဝတ်ပြုနည်း
-
     အီးဒ်ဆွလာသ်ဝတ်မပြုမီ အောက်ပါနီယသ်ပြုရလေသည်။
-
-
ထိုသို့နီယသ်ပြုပြီးနောက် “အလ္လာဟုအက်ဗရ်”ဟုဆိုကာလက် နှစ်ဖက်ကို နားနုတိုင်မြှောက်၍ချက်အောက်တွင်လက်ပိုက်ရမည်။ `
ထို့နောက် ဆနာကိုရွတ်ဆို၍ပြီးနောက် သက်ဗီရ်(၃)ကြိမ်အပိုကို လက်မြှောက်ကာရွတ်ဆိုရမည်။
ပထမ(၂)ကြိမ်တွင်လက်ကိုတန်းလန်းချ၍ တတိယအကြိမ်တွင် လက်ကိုပိုက်ကာစူရဟ်ဖွာသိဟဟ်နှင့်
အခြားစူရဟ်တစ်ခုခုကို ရှေ့ဆောင်အိမာမ်ကဖတ်ရမည်။
နောက်လိုက်မွတ်က်သဒီများဆိတ်ငြိမ်စွာနားထောင်နေရမည်။
-
 ဒုတိယရကအသ်၌ရုကူအ်မသွားမီသက်ဗီရ်(၃)ကြိမ်အပိုဆိုရသည်။
ထိုသက်ဗီရ်များတွင် လက်ကိုမပိုက်ဘဲ တန်းလန်းချထားရမည်။
စတုတ္ထသက်ဗီရ်ဆို၍ရုကူအ်ကိုသွားရမည်ကျန်နည်းလမ်းများမှာ အခြားဆွလာသ်များကဲ့သို့ပင်ဖြစ်သည်။
-
အီးဒ်ဆွလာသ်ပြီးသည့်နောက် ရှေ့ဆောင် အိမာမ် ဆရာသည် တရားဟောပလ္လင်ပေါ်မှ “ခုသ်ွဗာဟ်”ကို ဖတ်၍ `
သက်ဆိုင်ရာညွှန်ကြားချက်များကို ပေးရလေသည်။
“ခုသ်ွဗာဟ်” ကို ဆိတ်ငြိမ်စွာ နာယူခြင်းသည် “၀ါဂျိဗ်”ဖြစ်လေသည်။
-
-
အီးဒ်နေ့၌ ပြုရန်စွန္နသ်များ
-
စောစောထခြင်း၊
ရေချိုးခြင်း၊
သွားတိုက်ခြင်း၊
သန့်ရှင်းသစ်လွင်သော အ၀တ်အစားများကို ၀တ်စားဆင်ယင်ခြင်း၊
အမွှေးအကြိုင် သုတ်လိမ်းခြင်း၊
“အီဒ်ဂါဟ်” ကွင်းပြင်သို့ စောစောသွားခြင်း၊
“သက်ဗီရ်”ကို အသံကျယ်လောင်စွာ ရွတ်ဖတ်ကာ ခြေလျင်သွားခြင်း၊
တစ်လမ်းမှသွား၍ တစ်လမ်းမှပြန်ခြင်း စသည်တို့သည် “စွန္နသ်” ဖြစ်လေသည်။
-
-
မွတ်စ်သဟဗ်များ
-
     “ကုရ်ဗာနီ”ပြုမည့်သူသည် ဇုလ်ဟိဂ်ျဂျဟ်လဆန်းမှ “ကုရ်ဗာနီ”ပြုပီးသည်အထိ
မုတ်ဆိတ်၊ ဆံပင် စသည်တို့ကို သခြင်း၊ ခြေသည်းလက်သည်းများကို လှီးဖြတ်ခြင်းများမှ ရှောင်ကြဉ်ခြင်း၊
အီးဒ်နေ့နံနက်တွင် မိမိပြုသော“ကုရ်ဗာနီ”အသားကို ဦးစွာစားသုံးခြင်းများသည်“မွတ်စ်သဟဗ်”များဖြစ်လေသည်။
-
ထိုနေ့တွင်“ကဗရ်စတန်”(သုဿာန်)သို့သွားရောက်၍ “ဇိယာရသ်” ပြုခြင်း၊
ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသင်္ဂဟများနှင့် သက်ကြီးသူများကို
သွားရောက်နှုတ်ဆက်ခြင်းများသည် မွန်မြတ်လေသည်။
-
အီးဒ်နေ့တွင် “အီဒ်ဂါဟ်”သို့သွားရောက်၍ “အီးဒ်ဆွလာသ်” ၀တ်ပြုခြင်းသည် “စွန္နသ်မုအက္ကဒဟ်”ဖြစ်လေသည်။
“အီးဒ်ဆွလာသ်”အလျင် မည်သည့်နေရာမှာမဆို “နဖိလ်ဆွလာသ်”ကို ၀တ်မပြုထိုက်ပေ။
“အီးဒ်ဆွလာသ်”အပြီး မိမိအိမ်၌ “နဖိလ်ဆွလာသ်” ၀တ်ပြုလိုက ၀တ်ပြုပိုင်၏။
-
“အီးဒ်ဆွလာသ်”ကိုမရသူသည် အိမ်၌ “နဖိလ်”(၄)ရကအသ် ကို ၀တ်ပြုရမည်။
“အီးဒ်ဆွလာသ်”တွင် တစ်စုံတစ်ရာမေ့မှားခဲ့သော် “စဂ်ျဒဟ်စဟူ” ပြုရန်မလိုချေ။
 “အီးဒ်ဆွလာသ်”တွင် ရှေ့ဆောင်အိမာမ်နှင့်အတူ “သက်ဗီရ်”များ ဖတ်ဆိုရန် အခွင့်အရေးမရဘဲ နောက်ကျခဲ့လျှင် “နီယသ်”ပြု၍ “သက်ဗီရ်”များ ဆိုရမည်။
“ရုကူအ်”သို့ရောက်မှ မီလျှင် “ရုကူအ်”တွင် ထို“သက်ဗီရ်”များကို ဆိုရမည်။ အားလုံး မဆိုနိုင်လျှင်လည်း တစ်စုံတစ်ရာအပြစ်မရှိပေ။
အကယ်၍ “ဆွလာသ်” ပထမ ရကအသ်မရလိုက်သော် ထိုရကအသ်ကို ထ၍ဖတ်လျှင် ပထမ “ကိရာအသ်”ဖတ်၍ နောက်မှ “သက်ဗီရ်” များကို ဆိုရချေမည်။
     -
“အီဒုလ်အဒွဟာ”ကို အကြောင်းတစ်ခုခုကြောင့် ဇုလ်ဟိဂ်ျဂျဟ်လ(၁၂)ရက်နေ့တိုင် ရွှေ့ဆိုင်းနိုင်လေသည်။
အကြောင်းမဲ့ရွှေ့ဆိုင်းခြင်းသည် မကောင်း၊ “မက္ကရူဟ်” ဖြစ်သည်။ “အီဒုလ်ဖိသွိရ်”ကို အကြောင်းမဲ့ မဆိုင်းအပ်ချေ။
“အီဒုလ်အဒွဟာ ဆွလာသ်”အပြီးတွင် သက်ဗီရ်ဆိုခြင်းသည် “၀ါဂျိဗ်”ဖြစ်လေသည်။
-
-
 ပြုစုသူ  -   မောင်လာနာ ဟာဖိဇ် မုဟမ္မဒ် ဆွာလိဟ်
 ပြန်ဆိုသူ -   အလ္လာမာဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်