THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

၂၀၁၅ အီဒုလ်ဖိသိရ်အီးဒ်ပွဲတော်နေ့ အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်လွှာ (၁၈-၇-၂၀၁၅)

အီးဒ် နှုတ်ခွန်းဆက်လွှာ


ဇူလိုင် ၁၈၊ ၂၀၁၅
Myanmar Muslim Media

အစ္စလာမ်ဘာသာဝင်တွေအေးချမ်းစွာ ဥပုဒ်သီတင်းစောင့်ထိန်းနိင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း၊အနာဂတ်မှာ သာယာဝပြောတဲ့ အနာဂတ်ကို တွေ့မြင်ရဖို့ မျှော်လင့်ကြောင်း၊သို့သော်လည်း မီဒီယာလွတ်လပ်ခွင့်ဆိုတာကိုအခွင့်ကောင်းယူပြီး အစ္စလာမ်ဘာသာကို အခြားဘာသာတစ်ခုက စော်ကားပုတ်ခတ်နေမှုများကို အရေးမယူတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းစတဲ့အကြောင်းအရာတွေကို သာသနာရေးရာကောင်စီ ဥက္ကကြီးက ၂၀၁၅ ခုနှစ် အီးဒ်နှုတ်ခွန်းဆက် မှာ အဓိကထားပြောကြားထားပါတယ်။ဦးညွန့်မောင်သျှိန်ရဲ့ပြောကြားချက်အပြည့်အစုံကို အောက်ပါအတိုင်းဆက်လက်ကြည့်ရှု့နိင်ပါတယ်။



အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်(အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်)

အတ်စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ္လာဟိ ၀ဘရကသုဟ်
ဒီကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိကြတဲ့ အစ္စလာမ်သာသနာဝင်များဟာ တစ်လတာ ရိုဇာ ဥပုသ်သီလစောင့်တည်ခဲ့ပြီးတော့ ဒီနေ့ညနေမှာ လမြင်တဲ့အတွက်ကြောင့် မနက်ဖြန်ဟာ ကျွန်တော်တို့ရဲ့ ၀ါကျွတ်အီးဒ်ဖြစ်ပါတယ်။

တစ်လလုံး ကျွန်တော်တို့ဟာ အစ္စလာမ့်တရားတော်က သတ်မှတ်တဲ့အတိုင်း ရိုဇာဥပုသ်သီလ စောင့်ထိန်းခဲ့ကြပါတယ်။ အထူးသဖြင့် ခန္တီတရားကို ရှေ့ထားပြီးတော့ တည်ဆောက်ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။

တစ်လလုံးမှာ ကျွန်တော်တို့အားလုံးဟာ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ ဥပုသ်သီလများ စောင့်တည်နိုင်ခဲ့တဲ့အတွက်ကြောင့် အထူးသဖြင့် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ရှိပါတယ်။

ဒီလိုအခြေအနေမှာ ကျွန်တော်တို့ ပေးချင်တဲ့ Message ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်များဟာ မိမိတို့ရဲ့ ယုံကြည်ကိုးကွယ်ရာဘာသာရဲ့ ထုံးတမ်းစဉ်လာများအတိုင်း ကျင့်ဝတ်မပျက် ဥပုသ်သီလဆောက်တည်နိုင်ခဲ့ကြတာကို ကျွန်တော်တို့ ဂုဏ်ယူပါတယ်။

အင်မတန်လည်း ပျော်ရွှင်နှစ်ထောင်းအားရမိပါတယ်။
ဒီကနေ့ကနေ ရှေ့မှာ ကျွန်တော်တို့ဟာ ဥပုသ်သီလများ စောင့်တည်ပြီး ကျင့်စဉ်ကျင့်ရပ်များနဲ့အတူသန့်ရှင်းစင်ကြယ်တဲ့ ၀ိညဉ်နှလုံးသားများနဲ့ အနာဂတ်မှာ ကျွန်တော်တို့ဟာ သာယာဝပြောတဲ့ အခြေအနေအရပ်ရပ်ကို မြင်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။

ဘယ်လိုပဲ ကျွန်တော်တို့ မျှော်လင့်မျှော်လင့် လူသားတွေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ အခက်အခဲအကြပ်အတည်းတွေလည်း ရှိပါတယ်။ စိတ်မချမ်းသာစရာတွေလည်း ရှိပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီးတော့ အနည်းငယ်ပြောရမယ်ဆိုရင်တော့ဖြင့်ရင် ဒီကနေ့ မီဒီယာရဲ့ လွတ်လပ်ခွင့်ဆိုတာကို အခွင့်ကောင်းယူပြီးတော့ သာသနာတစ်ခုကို အခြားသာသနာတစ်ခုက သာသနာရေးဆိုင်ရာပုဂ္ဂိုလ်တွေက စာစောင်တွေ၊ ဂျာနယ်တွေမှာ ဘာသာတစ်ခုနဲ့တစ်ခု ပုတ်ခတ်ပြီးတော့ ရေးနေတဲ့ Hate speech တွေကတော့ ရပ်တန့်သွားခြင်း မရှိသေးဘူး။

အထူးသဖြင့် အစ္စလာမ်သာသနာကို ဦးတည်ပြီးတော့ ဘာမှ အခြေအမြစ်မရှိတဲ့ ဘာမှ အထောက်အထားခိုင်လုံမှုမရှိတဲ့ တမင်သက်သက်ဖန်တီးပြီးတော့ ရေးသားနေတဲ့ အရေးအသားများဟာ ပို၍ပို၍ အတင့်ရဲလားပြီး ဒီလိုရေးသားချက်တွေကိုလည်းပဲ အရေးယူသင့်ယူထိုက်ရဲ့သားနဲ့ အရေးမယူဘဲနဲ့ လစ်လျူရှုထားတဲ့သဘောမျိုးကို ကျွန်တော်တို့ တွေ့ရတာ နိုင်ငံသားတစ်ယောက်အနေနဲ့ အင်မတန်မှ စိတ်ဆင်းရဲရပါတယ်။ ကျွန်တော်တို့ဟာ သည်းခံရမှာဖြစ်ပါတယ်။

ဒီလိုအရေးအသားတွေဟာ လူတစား လူတစ်မျိုး ကိုးကွယ်တဲ့ဘာသာကို အခြားဘာသာဝင်များက နိုင်ထက်စီးနင်း ပျက်ရယ်ပြုပြီးတော့ ရှုံ့ချပြီးတော့ ရေးနေတဲ့ အရေးသားများကတော့ အခြေအနေနဲ့ အချိန်အခါအရ မြန်မာနိုင်ငံရဲ့ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီနဲ့ ညီတဲ့လို့ပြောတဲ့ လူ့အဖွဲ့အစည်းမှာ ဒါမျိုးတွေက မရှိသင့်တော့ဘူး၊ ရပ်တန်းက ရပ်သင့်ပြီ။

အဲတော့ ရပ်တန်းက ရပ်သင့်ပြီလို့ ကျွန်တော်တို့ စိတ်မှာ ထင်မြင်ယူဆနေပေမယ်လို့ မရပ်သေးဘဲနဲ့ ရေးနေတဲ့ ပုဂ္ဂိုလ်တွေက ဆက်ရေးနေတုံးပဲရှိပါတယ်။

အဲဒီလို အရေးအသားများကတော့ လူ့အဖွဲ့အစည်းမှာ မကောင်းတဲ့ လက္ခဏာတွေပဲလို့ ကျွန်တော်တို့ မြင်တွေ့ရပါတယ်။
 

ဒါကြောင့် ဒီလို ၀ါကျွတ်အစ်ကာလအခါမှာ သာယာဝပြောတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်လူ့ဘောင်သစ်မှာတော့ဖြင့် ဒီလို လူ့အဖွဲ့အစည်းရဲ့ အင်္ဂါရပ်များမှာ အင်မတန်နိမ့်ကျတဲ့ အတွေးအခေါ်များနဲ့ ရေးသားနေတဲ့ ရေးသားချက်များကို ရှောင်ရှားသင့်ပြီလို့ တင်ပြရင်း ကျွန်တော့်ရဲ့ တင်ပြချက်ကို နိဂုံးချုပ်ပါတယ်ခင်ဗျာ….။