THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရေဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေး ကော်မတီ၏ ပစ္စည်းဝေငှရေးအဖွဲ့ခေါင်းဆောင် နှင့် အင်တာဗျူး


 

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို အစ္စလာမ်ဘာသာဝင်တွေက တာဝန်တစ်ရပ်အနေနဲ့ ခံယူဆောင်ရွက်နေခြင်းဖြစ်တယ်လို့ မြန်မာနိင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကဖွဲ့စည်းထားတဲ့ ရေဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေး ကော်မတီ(MMAID)ရဲ့ ပစ္စည်းဝေငှရေးအဖွဲ့ခေါင်းဆောင် ဦးဇော်မင်းလတ်က Myanmar Muslim Media ကိုပြောကြားလိုက်ပါတယ်။

“အဓိက က ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင်ရှိသော လုပ်သားပြည်သူများဒုက္ခရောက်နေတဲ့အရေးဟာ ကျွန်တော်တို့အရေးပါပဲ”
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ ရေဘေးဒုက္ခသည်ပံ့ပိုးကူညီမှုတစ်ခုအဖြစ် သာယာဝတီခရိုင် မိုးညိုမြို့ နယ် အတွင်းက မန်ကျည်းကုန်းကျေးရွာနဲ့ အင်းတော်တလုပ်ကျေးရွာ တို့ထံသွားရောက်လှူဒါန်းတဲ့နေ့က
ရေဘေးဒုက္ခသည်များကို လိုက်လံတွေ့ဆုံနေတဲ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့လည်းတွေ့ဆုံခဲ့ပြီး ဒီလိုလှူဒါန်းရခြင်းဟာ နိင်ငံသားတစ်ယောက်ရဲ့ တာဝန်အဖြစ်ခံယူလို့လှူဒါန်းခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းကို ရှင်းပြဖြစ်တယ်လို့လည်း ဦးဇော်မင်းလတ်က ပြောပါတယ်။

“ကျွန်တော်တို့ အလှူအတန်းလုပ်နေတဲ့ ဒုက္ခသည်တွေများကိုပေးပို့နေတဲ့အချိန်မှာ ဦးသူရရွှေမန်းနဲ့ ကျွန်တော်တို့တွေ့ခဲ့ပါတယ်။ သူကလဲမေးပါတယ် ကျွန်တော်တို့ကို မည်သည့်ပစ္စည်းတွေ လာရောက်ထောက်ပံ့ပါသလဲ ကျွန်တော်တို့ကလဲ ကျွန်တော်တို့ထောက်ပံ့တဲ့ပစ္စည်း ဆန်၊ ဆီ၊ ဆား အားလုံးကို ကျွန်တော်တို့အသေးစိတ်ပြောပြခဲ့ပြီးတော့ ဒါဟာ ကျွန်တော်တို့နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ဆိုတာလဲ ကျွန်တော်တို့ပြောပြခဲ့ပါတယ်”
နိင်ငံက ကျွန်တော်တို့ကို မည်သို့ပင်ထားပါစေ နိင်ငံအရေးဟာ ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေရဲ့ အရေးပါလို့ ခံယူဆောင်ရွက်တယ်လို့လည်း ဦးဇော်မင်းလတ်က ပြောပါတယ်။

“နိုင်ငံတော်ကကျွန်တော်တို့ကို မည့်သို့ထားပါစေ ကျွန်တော်တို့နိုင်ငံသားအစ္စလာမ်ဘာသာဝင်များဟာ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခမှန်သမျှအရေးဟာ ကျွန်တော်တို့အရေးဆိုပြီးတော့ တာဝန်ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်”
ဒီလိုခံယူချက်တွေနဲ့ လုပ်ဆောင်ပေးနေတဲ့ မြန်မာနိင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ရဲ့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ အစ္စလာမ်ဘာသာဝင်တွေပူးပေါင်းပါဝင်ပေးဖို့လည်းဦးဇော်မင်းလတ်က တိုက်တွန်းခဲ့ပါတယ်။

“ကျွန်တော်တို့ဒီ အစ္စလာမ်ဘာသာရေးရာအဖွဲ့ကြီးအနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိနေတဲ့ရေဘေးဒုက္ခသည်များကို အမြန်ဆုံးကူညီနိုင်ရေးအတွက် ကျွန်တော်တို့ဌာနချုပ်မှာလဲ အလှူငွေတွေကောက်ခံနေပါတယ် ကောက်ခံပြီးတော့တကယ်ဒုက္ခရောက်နေတဲ့နေရာတွေကို အမြန်ဆုံးထောက်ပံ့ပေးပို့နိုင်ရန် အမြန်ဆုံးဆောင်ရွက်လျက်ရှိပါတယ် အဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့အစ္စလာမ်ဘာသာဝင်များအနေနဲ့လည်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးများကို ပူးပေါင်းဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံ အကူအညီတောင်းခံအပ်ပါတယ်”
မြန်မာနိင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ရဲ့ပွဲဦးထွက်ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်ချက်အဖြစ် သြဂုတ်လ ၄ ရက်နေ့က မိုးညိုမြို့နယ် အနီးမှာရှိတဲ့ရေဘေးသင့်ကျေးရွာတွေအတွက် အစားအသောက်နဲ့ အခြားပစ္စည်း ကာလတန်ဖိုး ကျပ်ငွေ သိန်း ၃၂၀ဖိုးလှူဒါန်းခဲ့ပါတယ်။

ကိုပေါက်(Myanmar Muslim Media CJ)