THE REPUBLIC OF THE UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL ( HQ )

.

Quran Translation

Last Update

About IRAC

Islamic Religious Affair’s Council’s goal is to be a perfect Muslim & a true and faithful National and citizen based on the dignity and glory of our forefathers as in the history of the past.

Our Mission

To represent as an Islamic organization on behalf of Muslims residing in Myanmar. To establish unity among Myanmar Muslims To establish understanding, mutual respects sympathy and friendships between Myanmar Muslims and other faiths. To solve the problems if any, as and when arises in connection with Islamic affairs according to teaching and decisions of Islamic Religions and to harmonize with nation’s historical and cultural aspects.            

Description

Union Of Myanmar Islamic Religious Affair's Council Member Organization of RISEAP Objectives of the Organization To give ways and means to those who Profess Islam: religious ways of practice, the teachings and thoughts a bout Islam.

ကျမ်းမြတ်ကုရ်အာန် ( ၁ - ၁၅ )

ကျမ်းမြတ်ကုရ်အာန် ( ၁၆ - ၃၀ )

 

 

လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-


 -
အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုမင်္ဂလာအပေါင်းခညောင်းပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
 ယခုလို ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံလှတဲ့ (၅၈)နှစ်မြောက် အစ္စလာမ်ကောင်စီနေ့ အထိမ်းအမှတ် အခမ်းအနားမှာ  အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များကို စုံညီစွာတွေ့ဆုံရတဲ့အတွက် ဂုဏ်ယူ ၀မ်းမြောက်ရပါတယ်။ အလ္လာဟ်အရှင်မြတ်အားလည်း အတိုင်းမသိ ကျေးဇူးတင်မိပါတယ်။
-

လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-
 ယခုကျင်းပနေတဲ့ အခမ်းအနားကြီးဟာ အစ္စလာမ်ကောင်စီ စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၅၈)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားဖြစ်တဲ့အတွက် အစ္စလာမ်ကောင်စီဖြစ်ပေါ်လာပုံကို  အနည်းငယ်အကျဉ်းတင်ပြလိုပါတယ်။
ီ-

လွန်ခဲ့တဲ့နှစ်ပရိစ္ဆေဒရှည်ကြာစွာကတည်းက မြန်မာနိုင်ငံသို့ အစ္စလာမ်သာသနာရောက်ရှိထွန်းကားခဲ့ပါတယ်။ရှေးမြန်မာမင်းများလက်ထက်ကာလက အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူ နိုင်ငံသားများကို “ပသလေးစားအပ်ပါသော ”များဟုခေါ်ဝေါ် ခဲ့ကြပါတယ်။ အဲဒီ အစ္စလာမ်သာသနာဝင် “ပသီ”များဟာ အစ္စလာမ့်အဆုံးအမနဲ့အညီ ဘာသာတရား ကိုင်းရှိုင်း ခဲ့ကြတယ်။ကိုယ်ကျင့်တရားမြင့်မြတ်ခဲ့ကြတယ်။ကတိသစ္စာတည်ကြည်ခဲ့ကြတယ်။ အများကို ထိခိုက်နစ်နာစေတဲ့ မကောင်းသော စီးပွားရှာခြင်းဟူဟူသမျှကို ရှောင်ရှားပြီး  သမာအာဇီဝ ကောင်းသော အသက်မွေးဝမ်းကြောင်းမှုကိုသာ ရိုးရိုးသားသားကြိုးကြိုးစားစားဆောင်ရွက်ခဲ့ကြတယ်။ မိမိပတ်ဝန်းကျင်ရှိ အခြားသော ဘာသာ သာသနာဝင် တိုင်းရင်းသား ညီနောင်များနဲ့ သဟဇာတဖြစ်စွာ ပြောဆိုဆက်ဆံပြုမူနေထိုင်ခဲ့ကြတယ်။  နိုင်ငံတော် တည်ဆောက်ရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး စတဲ့ နိုင်ငံ့အရေး ရာကိစ္စတိုင်းမှာလည်း ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ထမ်းရွက် ခဲ့ကြပါတယ်။ တစ်နည်းအားဖြင့်ဆိုရပါရင် မွတ်စ်လင်မ်ပီသခဲ့ကြတယ်။ တိုင်းရင်းသားပီသခဲ့ကြတယ်။ ဒါကြောင့် မို့လည်း အုပ်ချုပ်သူဘုရင်မင်းများကိုယ်တိုင် တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်များကို လုပ်မြေ နေမြေများချထားချီးÎမင့်ပေးခဲ့ပါတယ်။ ရာထူးဌာန္တရများလည်း ချီးမြင့်ခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်များ၊ သာသနာ့မြေများနှင့် သာသနိကအဆောက်အအုံများကို နိုင်ငံတစ်ဝန်းမှာ လှူဒါန်း ချီးမြင့်တော်မူခဲ့ပါတယ်။ အထူးသဖြင့် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက်တော်မှာ မင်းမှုထမ်း နိုင်ငံသား အစ္စလာမ်သာသနာဝင်များ ၀တ်ပြုနိုင်ရန်အတွက် မန္တလေးနန်းတွင်း  အရှေ့ဘက်ဥပစာကျတဲ့နေရာမှာပင် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဆောက်လုပ်လှူဒါန်းချီးမြင့်တော်မူခဲ့ပါတယ်။  
အဲဒီ ဗလီဝတ်ကျောင်းတော်ကို ရွှေပန္နက်ရိုက်ပြီးဆောက်ပေးတဲ့အတွက် “ရွှေပန္နက်ဗလီဝတ်ကျောင်းတော်”လို့ ခေါ်တွင်ခဲ့ပါတယ်။ ဒါတင်မက နိုင်ငံသား အစ္စလာမ်သာသနာဝင်များ ဟဂ်ျပြုကြရာမှာ လွယ်လင့်တကူ တည်းခိုနိုင်ရန်အတွက် နိုင်ငံရပ်ခြား ဆော်ဒီအရေးဗီးယားနိုင်ငံ မက္ကဟ်မြို့မှာပင် ဒေါင်းတံဆိပ် ခတ်နှိပ်ထားတဲ့ ဇရပ်တော်ကြီးတစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းချီးမြင့်တော်မူခဲ့ပါတယ်။

-
လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-
 အင်္ဂလိပ်တို့ကမြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်အုပ်စိုးလာတဲ့အခါ၊ မြန်မာမျိုးချစ်တို့က နယ်ချဲ့ဆန့်ကျင်ရေး ခုခံတိုက်ပွဲများဆင်နွှဲခဲ့ရာမှာ အခြားတိုင်းရင်းသားညီနောင်များနည်းတူ အစ္စလာမ်သာသနာဝင်များလည်းပါဝင်ခဲ့ကြ ပါတယ်။ (၂၀)ရာစုအစပိုင်းမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများဟာ အမျိုးသားရေး စိတ်များနိုးကြားစပြုလာပြီး ဘာသာရေးအသင်းအဖွဲ့များကို ထူထောင်ဖွဲ့စည်းကြရာမှာ အစ္စလာမ်သာသနာဝင်များဟာလည်း (၁၉၀၉)ခုနှစ်မှာ “အစ္စလာမ်ဘာသာဝင်ဗမာမွတ်စ်လင်မ်များအတွက်”ဆိုတဲ့ ကြေးကြော်သံနဲ့ “ဘားမားမွတ်စ်လင်မ်ဆိုစိုက်တီ”     (BURMA MUSLIM SOCIETY)ကို ဖွဲ့စည်းတည်းထောင်ခဲ့ပါတယ်။ အင်္ဂလိပ်ခေတ်မှာ တိုင်းတစ်ပါးသားတို့က တိုင်းရင်းသားများအပေါ် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နယ်ပယ်များမှာ ချယ်လှယ်နေတာကို ရင်ဆိုင်အံတုပြီး အမျိုးသားရေးလှုပ်ရှားမှုကြီး ဆောင်ရွက်ရာမှာ “တို့ဗမာအစည်းအရုံး”ရဲ့ “ဗမာပြည်-ဒို့ပြည်”၊ “ဗမာစာ-ဒို့စာ”၊ “ဗမာစကား-ဒို့စကား”ဆိုတဲ့ကြွေးကြော်သံကိုထပ်တူလက်ခံပြီး “ဗမာမွတ်စ်လင်မ်နိုးကြားရေးအဖွဲ့”ကို ထူထောင်ကာ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီနောက် ဖက်ဆစ်တော်လှန်ရေးကာလမှာလည်း အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့ ကြပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ယနေ့တိုင်းပြည် အခြေအနေဟာ တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရန် အလွန်လိုအပ်နေတဲ့အတွက် ဗမာမွတ်စ်လင်မ်များညီညီ ညွတ်ညွတ်နဲ့ အဖွဲ့အစည်းကြီးတစ်ရပ်ဖွဲ့ပြီး ဖ-တ-ပ-လအဖွဲ့ကြီးမှာ တပ်ပေါင်းစုအဖြစ်ပါဝင်ရန်”တိုက်တွန်းချက်အရ မ္တလေး အမျိုးသားကျောင်းအုပ် ဆရာကြီး ဦးရာဇတ်က ဦးဆောင်ဆော်သြပြီး (၁၉၄၅)ခု၊ဒီဇင်ဘာလ၊(၂၄)ရက်နေ့၊ ပျဉ်းမနားမြို့မှာ ညီလာခံကြီးတစ်ရပ်ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးမှာ ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်တဲ့  “ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ကရက်” (ဗ-မ-က)အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ပါတယ်။
-

လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-
 ဆရာကြီးဦးရာဇတ် ဦးဆောင်တဲ့ ဗ-မ-ကအဖွဲ့ကြီးဟာ ဖ-တ-ပ-လအဖွဲ့ကြီးမှာ တပ်ပေါင်းစုအဖြစ်ပါဝင်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုမှာတက်ကြွစွာပါဝင်ခဲ့ပါတယ်။ (၁၉၄၆)ခု၊ဇန္န၀ါရီ(၁၈)ရက်မှ(၂၁)ရက်ထိ ရွှေတိဂုံအလယ် ပစ္စယံမှာကျင်းပတဲ့ ဖ-တ-ပ-လညီလာခံကြီးမှာ “ပြည်နယ်၊ပြည်မ၊မခွဲခြားဘဲပူးပေါင်းလွတ်လပ်ရေးတိုက်ပွဲဝင်ကြရန်” အဆိုကို ဗ-မ-ကအဖွဲ့ကြီးမှ ဦးဖေခင်(နောင်-မဟာသရေစည်သူ၊သံအမတ်ကြီး-ငြိမ်း၊အစ္စလာမ်ကောင်စီဌာနချုပ် နာယကကြီး)ကတင်သွင်းခဲ့တယ်။ ညီလာခံအဆိုအမှတ်(၇)အဖြစ် ကန့်ကွက်သူမရှိ လက်ခံအတည်ပြုခဲ့ကြပါတယ်။
အဲနီညီလာခံမှာပဲ ဒီးဒုတ်ဦးဘချို တင်သွင်းတဲ့ အဆိုအမှတ်(၆)မှာ ဗမာ မွတ်စ်လင်မ်လူထုသည် အိန္ဒိယသားများ နှင့်လမ်းခွဲကြပြီး မြန်မာများအဖြစ်ခံယူလာကြသည်ကိုကြိုဆိုကြောင်း၊ ၎င်းင်းတို့ကိုလူနည်းစုများ ရသင့်ရထိုက်သည့် အခွင့်အရေးများတန်းတူပေးရန် ဖဆပလမှ တာဝန်ယူကြောင်းလို့ပါရှိခဲ့တယ်။

-
လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-
 (၁၉၄၆)ခုနှစ်၊ ဒီဇင်ဘာလမှာ ဗမက အဖွဲ့ချုပ်နှစ်ပတ်လည် ညီလာခံကြီးကို  ရန်ကုန်မြို့၊စတော့ကိတ်လမ်း (ယခု-သိမ်ဖြူလမ်းနဲ့လူအိုရုံလမ်းထောင့်) ဇီနသ်အစ္စလာမ်မိန်းကလေးကျောင်းမှာ ကျင်းပခဲ့တယ်။ ဆရာကြီး ဦးရာဇတ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တယ်။ ဒီညီလာခံကြီးမှာ ဖဆပလညီလာခံမှာ ဆရာကြီး ဒီးဒုတ်ဦးဘချိုရဲ့ အဆိုအမှတ်(၆)ဖြစ်တဲ့ “ဗမာမွတ်စ်လင်မ်ဆိုသူတို့ကို လူနည်းစုများ ရသင့်ရထိုက်တဲ့ အခွင့်အရေးများပေးရန် ဖဆပလအဖွဲ့ချုပ်ကြီးက တာဝန်ယူမယ်”ဆိုတာကို အကြောင်းပြုပြီး- လူနည်းစုအခွင့်အရေး - ယူသင့် / မယူသင့် မဲခွဲဆုံးဖြတ်ခဲ့တယ်။ နှစ်ဘက်မဲအရေအတွက်တူနေတော့ သဘာပတိဖြစ်တဲ့ ဆရာကြီး ဦးရာဇတ်က အဆုံးအဖြတ်မဲ ထပ်ပေးရတယ်။ ဆရာကြီးဦးရာဇတ်က လွတ်လပ်ရေးအတွက်ကြိုးပမ်းနေချိန်မှာ ဗမာမွတ်စ်လင်မ်များဟာ သီးခြား လူနည်းစုအခွင့်အရေးမယူသင့်ဘူးလို့ အဲဒီအခြေအနေအချိန်အခါကို ထောက်ချင့်ပြီး ဗမာလူမျိုးများနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်းနေဖို့  လူနည်းစု အခွင့်အရေးမယူဖို့ဘက်က မဲပေးလိုက်ပါတယ်။ ဒါဟာ နိုင်ငံ့အတွက် အရေးကြီးတဲ့ အခြေအနေအချိန်အခါမှာ ဗမာမွတ်စ်လင်မ်လို့ခေါ်တဲ့ “ပသီ”များရဲ့ စိတ်ရင်းစေတနာမှန်ဘဲဖြစ်ပါတယ်။

-

လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-
 (၁၉၄၇)ခု၊ဇူလိုင်(၁၉)ရက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည် ခေါင်းဆောင်(၉)ဦးတိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ပါတယ်။ အဲဒီ အာဇာနည်ကြီး(၉)ဦးအနက်  အစ္စလာမ် သာသနာဝင်(၂)ဦးပါဝင်ခဲ့ပါတယ်။ ဗ-မ-ကအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ၊ အမျိုးသားစီမံကိန်းနှင့်ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဆရာကြီးဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ဖြစ်ပါတယ်။
 ဒီလိုနဲ့ လွတ်လပ်ရေးရပြီးတဲ့နောက် (၁၉၅၄)ခုနှစ်မှာ ဖ-ဆ-ပ-လ အစိုးရက ဗ-မ-ကအဖွဲ့ကြီးဟာ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးနေတယ်လို့ အကြောင်းပြပြီး ဗ-မ-ကအဖွဲ့ကြီးကို ဖျက်သိမ်းဖို့ဆိုလာပါတယ်။  အစ္စလာမ်သာသနာဝင် အားလုံးတို့ကိုကိုယ်စားပြုတဲ့ အစ္စလာမ်သာသနာရေးရာများကိုဆောင်ရွက်တဲ့ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အဖွဲ့အစည်းကြီးတစ်ရပ်ဖွဲ့စည်းရန်ကိုလည်း တိုက်တွန်းလာပါတယ်။
 အဲ့ဒီအတွက် (၁၉၅၄)ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှာ ဗ-မ-ကအဖွဲ့ကြီးမှ နိုင်ငံရေးခေါင်းဆောင်များ၊ ဗမာမွတ်စ်လင်မ် အိုလမာအဖွဲ့ချုပ်မှ သာသနာ့ပညာရှင်ခေါင်းဆောင်များ၊ ဗမာမွတ်စ်လင်မ်အမျိုးသမီးများအဖွဲ့ချုပ်မှ အမျိုးသမီးခေါင်းဆောင်များ စတဲ့ အင်အားစု(၃)ရပ်ကို မဏ္ဍိုင်ပြုပြီးတော့ “အစ္စလာမ်သာသနာရေးရာကောင်စီ”ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ 
 “အစ္စလာမ်သာသနာရေးရာကောင်စီ”ရဲ့ ပထမဆုံးဥက္ကဋ္ဌအဖြစ် ဗ-မ-ကအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ တရားရေး ၀န်ကြီးဌာန “၀န်ကြီး ဦးခင်မောင်လတ်”က ဆောင်ရွက်ခဲ့ပါတယ်။ “အစ္စလာမ်သာသနာရေးရာကောင်စီ”ရဲ့ ပထမဆုံး အတွင်းရေးမှူးချုပ်အဖြစ် အိုလမာအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် “သီရိပျံချီ မောင်လာနာ ဃာဇီ မုဟမ္မဒ် ဟာရှင်မ်” ကဆောင်ရွက်ခဲ့ပါတယ်။

-

လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-     

အခုတင်ပြခဲ့တဲ့ အကြောင်းအရာများဟာ “အစ္စလာမ်သာသနာရေးရာကောင်စီ”ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း ဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်ဖြစ်ရပ်များကို ဆင်ခြင်သုံးသပ်ပြီး ရှေးအစဉ်အဆက် “အစ္စလာမ်သာသနာရေးရာကောင်စီ” ခေါင်းဆောင်များဟာ “အစ္စလာမ်သာသနာရေးရာကောင်စီ”ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို “တိုင်းရင်းသား အစ္စလာမ် သာသနာဝင်များရဲ့ဂုဏ်ရောင်ပြောင်မြောက်ခဲ့သော အတိတ်သမိုင်းနဲ့အညီ မွတ်စ်လင်မ်ပီသရေး၊ တိုင်းရင်းသား ပီသရေးတို့ကိုအခြေခံကာဂုဏ်သိက္ခာရှိစွာဘ၀ရပ်တည်နိုင်ရေးနဲ့နှစ်ဘ၀ကောင်းစားရေး”လို့သတ်မှတ်ထားပါတယ်။ အတိတ်က မိမိတို့ဘိုးဘေးများရဲ့ စံထားဖွယ်ရာ သာသနာချစ်စိတ်တိုင်းချစ်ပြည်ချစ်စိတ်များကို အနာဂါတ် မျိုးဆက် တို့အား လက်ဆင့်ကမ်းပေးခြင်းဖြင့် ဂုဏ်သိက္ခာရှိတဲ့ လူ့အစုအဝေးအဖြစ် ရပ်တည်စေလိုတဲ့ စေတနာပင် ဖြစ်ပါတယ်။

-
လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-
 မျက်မှောက်ကာလ မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်များရဲ့ ပကတိအခြေအနေကို အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်းတင်ပြရပါက ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများကို အကြောင်းပြုပြီး အစ္စလာမ်သာသနာနဲ့ အစ္စလာမ်သာသနာဝင်များအပေါ်နားလည်မှုလွဲမှားမှုများကိုဝမ်နည်းဖွယ်ကြုံတွေ့နေရပါတယ်။ ပဋိပက္ခရဲ့ အရှိန်ကြောင့် ဘာသာတစ်ခုနဲ့ တစ်ခုအကြား ထင်ယောင်ထင်မှားဖြစ်စရာ ၀ါဒဖြန့်မှုများကြောင့် တည်ရှိပြီးဖြစ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုများကို အားနည်းမှေးမှိန်စပြုလာတာကိုလည်း တွေ့ရှိနေရပါတယ်။ ဘယ်သူမပြု မိမိမှုဆိုသလို အတိတ်က တည်ရှိပြီးဖြစ်တဲ့ ဘာသာပေါင်းစုံချစ်ခစ်ခင်ခင်နေထိုင်ခဲ့တဲ့အခြေအနေမျိုးပြန်ရောက်အောင် ကျွန်တော်တို့ အားလုံးဝိုင်းဝန်းကြိုးစားရမှာဖြစ်ပါတယ်။

- အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်(၄၁း၃၄၊၃၅)မှာ  -

“ကောင်းမှုနှင့် မကောင်းမှုသည် မတူညီချေ။

သို့ဖြစ်ရာ မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ပါလေ။

သို့ဖြစ်လျှင် ရန်ငြိုးရှိသူပင် ရင်းနှီးသော မိတ်ဆွေဖြစ်လာအံ့။

အဆိုးအား အကောင်းဖြင့် တုံ့ပြန်ခြင်းကို ကြံ့ခိုင်သူတို့သာလျှင် ဆောင်ရွက်နိုင်စွမ်းပေသည်။

အလ္လာဟ်အရှင်မြတ်ဘက်တော်မှကြီးမားသောဆုလာဘ်ဝေစုကိုခံယူနိုင်ကြပေသည်”လို့မိန့်တော်မူထားပါတယ်။

ဒါ့ကြောင့် ကြုံတွေ့နေရတဲ့ အခြေအနေဆိုးများကို အကောင်းနဲ့ပြန်တုံ့ပြန်ရမှာဖြစ်ပါတယ်။   

-
လေးစားအပ်ပါသော အထူးဧည့်သည်တော်များနှင့် အစ္စလာမ်ကောင်စီဝင်များခင်ဗျား-
  ယနေ့အချိန်အခါဟာ နိုင်ငံတော်ကို ခေတ်မီဖွံဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဖွံဖြိုးတိုးတက်မှသာ ခေတ်မီဖွံဖြိုး တိုးတက်တဲ့နိုင်ငံတော်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဘာသာပေါင်းစုံချစ်ကြည်ရေးမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုး ဒါမှမဟုတ် ဘာသာတစ်ခုက ဖွံဖြိုးတိုးတက်မှု နောက်ကျ ကျန်နေခဲ့ရင် ခေတ်မီဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဖြစ်ပေါ်လာ ရေးကို အဟန့်အတားဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဖွံဖြိုးတိုးတက်မှုနောက်ကျကျန်နေသူများကို ပတ်ဝန်းကျင်က ကိုယ်ချင်းစာစိတ်ထားကာ ပြုစုပျိုးထောင်မှုများကို ဆောင်ရွက်ပေးဖို့လိုသလို ဖွံဖြိုးတိုးတက်မှု နောက်ကျ ကျန်နေသူများ ကိုယ်တိုင်ကလည်း မိမိတို့အခြေအနေကို မိမိတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမှာဖြစ်ပါတယ်။  

ကုရ်အာန်ကျမ်းတော်မြတ်(၁၃း၁၁)မှာ-

“ဧကန်မုချ လူ့အစုအဝေးတစ်ရပ်သည် မိမိတို့၏အခြေအနေကို မိမိတို့ကိုယ်တိုင် ပြောင်းလဲခြင်းမပြုသမျှ အလ္လာဟ်အရှင်မြတ်သည် ပြောင်းလဲပေးတော်မူမည်မဟုတ်”လို့

အလ္လာဟ်အရှင်မြတ်က အတိအကျ မိန့်ကြားလမ်းညွှန်တော်မူထားတဲ့အတွက် မြန်မာနိုင်ငံရှိ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်များဟာ  မိမိတို့ရဲ့အခြေအနေများကို မိမိတို့ကိုယ်တိုင်ပြုပြင်ပြောင်းလဲကြရမှာဖြစ်ပါတယ်။

အဲဒီလို ပြုပြင်ပြောင်းလဲရာမှာ ကျွန်ုပ်တို့အားလုံးဟာ အတိတ်က အောင်မြင်ခဲ့တဲ့ မိမိတို့ ဘိုးဘေးများလို-


 (၁) ဘာသာတရား ကိုင်းရှိုင်းကြပါစို့ ။


 (၂) ကိုယ်ကျင့်တရား မြင့်မြတ်ကြပါစို့ ။


 (၃) ကတိသစ္စာ တည်ကြည်ကြပါစို့ ။


 (၄) မကောင်းသော စီးပွားရှာခြင်းဟူဟူသမျှကို ရှောင်ရှားကြပါစို့ ။


 (၅) သမာအာဇီဝ ကောင်းသော အသက်မွေးဝမ်းကြောင်းမှုကို ရိုးသားကြိုးစားစွာ ဆောင်ရွက်ကြပါစို့။    

 

(၆)  အခြား ဘာသာ သာသနာဝင် ညီနောင်များနဲ့ သဟဇာတဖြစ်စွာ ပြောဆို ဆက်ဆံ ပြုမူ နေထိုင်ကြပါစို့။


 (၇) နိုင်ငံတော်-တည်ဆောက်ရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး စတဲ့ နိုင်ငံ့အရေးအရာကိစ္စတိုင်းမှာ    ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ထမ်းရွက်ကြပါစို့။


အချုပ်အားဖြင့်ဆိုရပါက
 - “မွတ်စ်လင်မ်ပီသကြပါစို့”၊ “တိုင်းရင်းသားပီသကြပါစို့”လို့ သနိဋ္ဌာန်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

အစ္စလာမ့်ရေးရာ ဒို့ဝန်တာမှ အစ္စလာမ့်ဝန်ထမ်းဒို့လုပ်ငန်းသို့-

( အလ်ဟာဂ်ျ ညွန့်မောင်သျှိန် )
ဥက္ကဋ္ဌ
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
(၁၆-၁၂-၂၀၁၂) မြို့တော်ခန်းမ(ကျောက်ဆည်)