THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

သရက်လူစုလူဝေးဖြစ်စဉ် ပါဝင်သူဆယ်ဦးကျော်ကို ရဲကပုဒ်မသုံးခုဖြင့် အမှုဖွင့် လှုံ့ဆော်မှုများ ရှိလာနိုင်သဖြင့် သတိထားရန် ဘာသာရေးခေါင်းဆောင်များ တိုက်တွန်း

သရက်လူစုလူဝေးဖြစ်စဉ် ပါဝင်သူဆယ်ဦးကျော်ကို ရဲကပုဒ်မသုံးခုဖြင့် အမှုဖွင့်

လှုံ့ဆော်မှုများ ရှိလာနိုင်သဖြင့် သတိထားရန် ဘာသာရေးခေါင်းဆောင်များ တိုက်တွန်း
 
By On  
Sat, 2019-02-02
51270207 1202846629864820 3148158045251436544 n
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ဖြစ်ပွားသည့် လူ စုလူဝေးဖြစ်စဉ်တွင် တာဝန် ထမ်းဆောင်နေသည့်ရဲတပ်ဖွဲ့ဝင် များအား ဒဏ်ရာရရှိအောင်ပြု လုပ်သူ ရေပေါ်ကျွန်းရွာ ရွာသူ ရွာသား ၁၆ ဦးပါဦးဆောင်သည့် ရွာသားများကို ပုဒ်မသုံးခုဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်သည်။

သရက်မြို့ရဲတပ်ဖွဲ့က ရဲဝန်ထမ်းနှစ်ဦးအား  ဒဏ်ရာရရှိ အောင် ပြုလုပ်မှု ပုဒ်မ ၃၃၂နှင့် ဆဲဆိုမှုပုဒ်မ ၂၉၄၊ ပြစ်မှုကျူးလွန် အောင် အားပေးကူညီမှု ပုဒ်မ ၁၁၄တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ် သည်။

လူ၁၆ဦး  ဒဏ်ရာရရှိသော ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရေပေါ်ကျွန်းရွာသားများနှင့် သရက်မြို့ မဒီနာ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကလည်း နှစ်ဖက်အပြန် အလှန် အမှုဖွင့်ထားသည်။  ထို ဖြစ်စဉ်တွင်  အဓိကရုဏ်းပုံစံ လူစုလူဝေးဖြစ်ပွားလာ၍ ရဲတပ် ဖွဲ့က ရော်ဘာကျည်ဖြင့်သေနတ် ၁၅ ချက် ပစ်ဖောက်ထိန်းသိမ်းခဲ့ သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။ ဖေဖော်ဝါရီ ၁ ရက်ညနေတွင် သရက်မြို့နယ် ဘောလုံးပြိုင်ပွဲမှ  ဘောလုံးပွဲကြည့်ပြီး ပြန်လာသော ရေပေါ်ကျွန်း ရွာသား သုံးဦးသည်   သရက်မြို့ရှိ မဒီနာလက်ဖက်ရည်ဆိုင်ရှေ့မှ  ကားကို ထိခိုက်မိရာမှ ယင်းလက်ဖက်ရည် ဆိုင်ပိုင်ရှင်၏ ဆွေမျိုးတော်စပ်သူနှင့် စကားများကာ  ပြဿနာ  စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သရက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောသည်။

စကားများ ရန်ဖြစ်မှုကြောင့် ရေပေါ်ကျွန်းကျေးရွာ ဒေသခံ ၁၀၀ ခန့် စက်လှေများဖြင့် သရက်မြို့သို့  ထပ်မံရောက်ရှိလာပြီး မဒီနာ လက်ဖက်ရည်ဆိုင်နှင့် ဆိုင်ရှေ့တွင် ရပ်ထားသော ကားကို ဖျက်ဆီးသဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ခန့်က သွားရောက် တားဆီးခဲ့ကြောင်း  သရက်မြို့ ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်း တွင် ဖော်ပြထားသည်။

ရေပေါ်ကျွန်းရွာသားများ အား ရုံးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီသိန်းက ဖျောင်းဖျပြောဆို ကာ ရွာသို့ပြန်ရန်ပြောဆိုနေစဉ် အရက်မူးနေသည့်ရွာသားများ အ ပါအ၀င် ကျန်ကျောင်း(ခ) ကျော် စိုးလွင်နှင့် ကြူကြူမာပါ ၁၆ ဦး ဦးဆောင်သည့်ရွာသားများက အုတ်ခဲကျိုးများ၊ ၀ါးချွန်တုတ်များ ကိုင်ဆောင်ကာ အော်ဟစ်ဆဲဆိုခဲ့ ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြ ထားသည်။

ထို့အပြင် ဒုရဲမှူးရန်နိုင်ထွန်း က ရွာသို့အေးချမ်းစွာပြန်ကြရန်  ပြောဆိုရာ ရွာသားများက အုတ်ခဲ ကျိုးများဖြင့် ရဲတပ်ဖွဲ့ဝင်များကို ပစ်ပေါက်သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ် ဦးဒဏ်ရာရရှိကြောင်း ပါရှိသည်။

ဒေါသဖြစ်နေသော လူအုပ် စုက လူမျိုးရေးအသွင်ဆောင် သည့် လှုံ့ဆော်အော်ဟစ်မှုများ ပြုလုပ်လာ၍ ရဲတပ်ဖွဲ့က အဓိက ရုဏ်းနှိမ်နင်းရာတွင်သုံးသည့် ရော်ဘာကျည်ဆန် အသုံးပြုပစ် ဖောက်တားဆီးခဲ့ကြောင်း သရက် မြို့ ဒေသခံများက ပြောသည်။

ရော်ဘာကျည်ဆန်ဖြင့်  ပစ်ခတ်လူစုခွဲရာတွင် လူ၁၆ဦး (၁၄ဦးမစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရသဖြင့်သရက်မြို့  ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု   ခံယူနေကြောင်း ရဲမှတ်တမ်းကဆိုသည်။

ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရေပေါ်ကျွန်း ကျေးရွာဒေသခံ ၂၀ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရေပေါ် ကျွန်းကျေးရွာ ရာအိမ်မှူး ဦးမြဝင်းက ပြောသည်။

‘‘လူစုလူဝေးဖြစ်လာရင် တခြားမလိုလားအပ်တဲ့ ပြဿနာ တွေ ဖြစ်လာမှာစိုးတဲ့အတွက် ကျွန်တော်တို့က လူစုလူဝေးကို အေးအေးချမ်းချမ်းနဲ့ လူစုခွဲဖို့ တောင်း ဆိုတယ်။ အဲဒီလို မဖြစ်တဲ့အခါ မှာ အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မပျက်စီးစေဖို့ အဓိကရုဏ်းနှိမ်နင်းတဲ့ လက်နက်တွေသုံးရတာ ဖြစ်ပါတယ်’’ဟု မကွေးတိုင်း ရဲတပ်ဖွဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ် က ပြောသည်။

သို့သော် ဦးမြဝင်းကမူ ‘‘ကျွန်တော်တို့ရွာ အုပ်ချုပ်ရေးမှူးနဲ့ လူ ကြီးတွေက ပြဿနာကို ဖြေရှင်း ပေးဖို့လာတာ။ ရွာအုပ်ချုပ်ရေး မှူးကိုယ်တိုင် ထိခိုက်ဒဏ်ရာရပါ တယ်။ ရွာက လူ ၃၀ လောက်ပဲ လာတာပါ။ မြို့နယ်က ဖြေရှင်း ပေးလို့ ပြန်မလို့လုပ်နေတုန်းမှာ သေနတ်နဲ့ပစ်ခံရတာ’’ဟု ဆိုသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်သူနှစ်ဦးသာ ဆေးရုံ၌ဆေးကုသနေပြီး အခြားဒဏ်ရာ ရရှိသူများမှာ ဒဏ်ရာမပြင်းထန်၍ ယမန်နေ့တွင် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

သို့သော် သရက်မြို့ရုံး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီသိန်းကလူစုခွဲရန် ရဲတပ်ဖွဲ့ကသတိပေးအော်ဟစ်မှုများပြုလုပ် ခဲ့သော်လည်း လူအုပ်စုက တုတ်များ၊ ခဲများဖြင့် ပစ်ပေါက်သဖြင့် သေနတ်ဖြင့်  ပစ်ခတ်ရခြင်းဖြစ် ကြောင်း ပြောသည်။

ရဲတပ်ဖွဲ့က အချိန်မီထိန်း သိမ်းနိုင်ခဲ့သဖြင့် ပြဿနာကြီး ထွားမှုမရှိခဲ့ခြင်းဖြစ်ကြောင်း အ မည်မဖော်လိုသူသရက်မြို့ဒေသ ခံတစ်ဦးကလည်း ပြောသည်။

‘‘လူအုပ်ကြီးက ထိန်းမနိုင် ဘူး။ လမ်းမတော်လမ်းအတိုင်း လျှောက်လာကြတာ။ ဆဲဆိုပြီး ဟိုကောင်တွေ လူပါးဝတယ်။ ရိုက်ကွာနဲ့ပြောလာတာ။ ရဲက အချိန်မီထိန်းနိုင်လို့ ဆိုင်တွေဆို ချက်ချင်းပိတ်ကြရတာ။ မြင်ရသ လောက်တော့ လူအုပ်စုက ၁၀၀ လောက်ရှိတယ်။ လမ်းမတော် လမ်းအပြည့်လူတွေ ပြည့်သွား တယ်’’ ဟု ၎င်းကဆက်လက် ပြောသည်။

ပြဿနာစတင်ဖြစ်ပွားရာ တွင် ပါဝင်သော ရေပေါ်ကျွန်း ကျေးရွာဒေသခံ ကိုမြင့်လွင်က မဒီနာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ၏ ဆွေမျိုးတော်စပ်သူ ကိုမြင့် ထွန်းကို ဆဲဆိုမှုပုဒ်မ ၂၉၄၊ ဒဏ် ရာရရှိအောင် ပြုလုပ်မှု ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ထားသည်။ မဒီ နာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က လည်း ၎င်းကို ဒဏ်ရာရရှိအောင် ပြုလုပ်သူများနှင့် ဆိုင် ဖျက်ဆီး သူများကို ဒဏ်ရာရရှိမှု ပုဒ်မ ၃၂၄၊ အကျိုးစီးပွားဖျက်ဆီးမှု ပုဒ်မ ၃၂၇၊ ခဲ၊ တုတ်များဖြင့် ပစ် ပေါက်မှု ပုဒ်မ ၃၃၆ နှင့် ပြစ်မှု ကျူးလွန်အောင်အားပေးကူညီမှု ပုဒ်မ ၁၁၄တို့ဖြင့် အမှုဖွင့်ထား သည်။  

သရက်မြို့ ဖြစ်စဉ်ဖြစ်ပွား နေစဉ်အတွင်း အမျိုးသားရေးလှုပ် ရှားသူဟုဆိုသူအချို့က လူမျိုး ရေး၊ ဘာသာရေးအသွင်ဆောင် သည့် ပြဿနာဖြစ်ကြောင်း လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ရေး သားလှုံ့ဆော်ခဲ့သည်။

လက်ရှိ နိုင်ငံရေးအခြေအ နေအရ ဘာသာရေးအသွင် ဆောင်သည့် ပြဿနာများ ဖြန့် ဝေလှုံ့ဆော်မှု ရှိလာနိုင်သော ကြောင့် အထူးသတိထားရန် လို အပ်ကြောင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရန် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကမ္ဘာ့သဟ ဇာတသင့်မြတ်ရေးဆု (World Harmony Award)၊ လောကသာရနှင့် 7Day သူရဲကောင်းဆု ရှင် မိတ္ထီလာမြို့ ရတနာဦးကျောင်း တိုက် ဆရာတော် ဦးဝိသုဒ္ဓက မိန့် ကြားသည်။

‘‘ဘယ်ကိစ္စမဆို ဥပဒေ ဘောင်အတွင်းကပဲ ငြိမ်းငြိမ်းချမ်း ချမ်း ဖြစ်စေချင်တယ်။ လူမျိုးတို့၊ ဘာသာတို့ ခွဲခြားပြီး မြင်တဲ့အမြင် မဟုတ်ဘဲနဲ့ ဥပဒေအတွင်းကနေ ပဲ ကြည့်ပြီးတော့ ထိန်းထိန်းသိမ်း သိမ်းနဲ့ ဆောင်ရွက်စေချင်တယ်။ ပြဿနာတစ်ခုခု ကျူးလွန်လာရင် လူမျိုးဘာသာမခွဲခြားဘဲနဲ့ လုပ် ဆောင်တာမျိုး လိုချင်ပါတယ်’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး တွဲဖက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောသည်။

လက်ရှိတွင် သရက်မြို့၌ အေးချမ်းတည်ငြိမ်နေပြီဖြစ်၍ စိတ်ပူရန်မလိုကြောင်း ရဲမှူးကြီး ခင်မောင်လတ်က ဖေဖော်ဝါရီ ၂ ရက်၌ ပြောသည်။ လူစုလူဝေး ဖြစ်ပွားမှုတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့က ယမန်နေ့ထိ ဖမ်းဆီး ထားခြင်းမရှိသေးပေ။

မူရင်းလင့် -  https://www.7daydaily.com/story/149085?fbclid=IwAR1JeVJxPqedfi5wuK0ctF5KQROeYaeSvzHxjbKxydULh7HDvx3_1cHWXnM