THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

THE REPUBLIC OF UNION OF MYANMAR, ISLAMIC RELIGIOUS AFFAIRS COUNCIL

PDF File များ Download ပြုလုပ်နည်း Youtube Link

အစ္စလာမ်သာသနာရေးရာကောင်စီ စတင်ဖွဲ့စည်းရာတွင်
ဦးဆောင်ပါဝင်ခဲ့သော ဗဟိုအမှုဆောင်
မောင်လာနာ ကာရီ မက္ကဆူဒ် အဟ်မဒ်ခန် ဦးခင်မောင်ကြီး
 

ဆရာ့ကို အဖ ဟာဖိဇ် မဟ်မူဒ်အဟ်မဒ်ခန်နှင့် အမိ သရက်သူ ဒေါ်ခတီဂျာဘီတို့မှ ၁၉၁၇ ခုနှစ်တွင် သရက်မြို့၌ ဖွားမြင်သည်။ မွေးချင်း ငါးယောက်အနက် သားကြီးဩရသဖြစ်သည်။

ဆရာ့ဖခင်သည် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၈-လမ်းရှိ ဆွာဒီကီယာ ဟဖ်ဇွလ်ကုရ်အာန် (ကုရ်အာန်အာဂုံဆောင်)ကျောင်းကြီးကို စတင်တည်ထောင်သူ ကျောင်းအုပ်ဆရာကြီးဖြစ်သည်။

ငယ်စဉ်က ရန်ကုန်တွင် ဘာသာရေးအခြေခံပညာကို သင်ယူသည်။ ဆရာကြီး၏ဖခင်ဖြစ်သူ ဟာဖိဇ် မဟ်မူဒ်အဟ်မဒ်ခန်သည် မန္တလေးမြို့ ဟိန္ဒူစတန်နီဗလီ၏ရှေ့ဆောင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဖခင်ကြီး ၏အစီအစဉ်ဖြင့် မန္တလေးမြို့ စူရတီဗလီ မွတ်ဖတီအစ္စမာအီလ် (ကဖ်လိုင် သဝီ)သခင်ကြီးထံ အန္တေဝါသိက တပည့်အဖြစ် ကျိုးနွံစွာ ဆည်းကပ်ခဲ့ သည်။ မွတ်ဖတီကြီးသည် လက်ရှိမန္တလေးမြို့ စူရ်တီဗလီရှေ့ဆောင် ဆရာ ကြီး ဟာဖိဇ် မုဟမ္မဒ်၏ဖခင်ဖြစ်သည်။

ဆရာဖြစ်သူကလည်း မိတ်ဆွေရင်းချာ၏သားဖြစ်သူကို စေတနာ ထားသကဲ့သို့ တပည့်ဖြစ်သူကလည်း လိုလိုလားလား ပင်ပန်းဆင်းရဲခံကာ ပျပ်ဝပ်ကျိုးနွံစွာ ကြိုးပမ်းဆည်းပူးခဲ့သဖြင့် ပညာအရာတွင် ကောင်းစွာ ပေါက်မြောက်ထူးချွန်ခဲ့သည်။ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ဆက်လက် ဆည်းပူးရန်ကြံသော်လည်း စစ်ကြီးကြောင့် အဟန့်အတားဖြစ်ရသည်။ မိမိဆရာသခင်ကလည်း မိခင်ကိုပြုစုရန်သာ မိန့်မှာသည်။ တမန်တော်မြတ် လက်ထက်တော်က သာသနာ့အန္တရာယ်ကို ကာကွယ်တိုက်ဖျက်လိုသူ တစ်ဦး စစ်ထဲလိုက်ပါခွင့် တောင်းရာ တမန်တော်မြတ်ကြီးက ထိုသူကို မိခင်ရှိသလောဟုမေးတော်မူသည်။ ရှိပါကြောင်း ဖြေသောအခါ ]သင့်မိခင် အား ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကိုသာ ပြုစု၍ နေပါလော့}ဟု မိန့်တော်မူဖူးပါသည်။

ဤဩဝါဒကို ဆရာသိပြီးဖြစ်သည်။ ပညာသင်ခရီး မထွက်ဖြစ်ခဲ့ တော့ပါ။

ဆရာသည် သံလျင်မြို့ စိန်ကုံးဗလီ၊ ပြည်မြို့ စူရတီဗလီ၊ ရန်ကုန် မြို့ ၂၆လမ်းရှိ မမ်ဆားဗလီတို့တွင် ရှေ့ဆောင်ဆရာအဖြစ် တာဝန်ယူခဲ့ သည်။ ရန်ကုန်မြို့ မောင်လာနာဘီဒီ ကုမ္ပဏီ အလုပ်သမားခေါင်းဆောင် အဖြစ်လည်း တာဝန်ထမ်းခဲ့သည်။

ထိုအတောအတွင်း မဇွာဟေရီ မော်လဝီများအား မျက်မုန်းကျိုးနေ သော ဆရာကြီးတစ်ပါး၏ဆောင်းပါးသည် ပရ်ဝဇ်နေ့စဉ်တွင်ပါလာသည်။ ဆရာမက္ကဆူဒ်က ချေပရှင်းလင်းချက်ရေးသည်။ ဒေါင်ရေဂျဒီဒ်သတင်းစာ ကဖော်ပြပေးသည်။ ထပ်မံ၍ ပရ်ဝဇ်သတင်းစာက ရေးပြန်သည်။ ဆရာ၏ ပြတ်ပြတ်သားသား ပိုင်ပိုင်နိုင်နိုင် တုံ့ပြန်ချက်ကို ဒေါင်ရေဂျဒီဒ် သတင်းစာ က ဖော်ပြသည်။ သို့ဖြင့် ဇာတ်လမ်း တစ်ခန်းရပ်သွားခဲ့သည်ဟု သိရသည်။

ဤတွင် ဆရာ၏အရည်အသွေးပေါ်လွင်သွားပြီး သတင်းစာ အယ်ဒီတာချုပ်က ဆရာ့ကို ကုရ်အာန်ဘာသာပြန်ကိစ္စတွင် ဆရာဃာဇီ အား ကူညီရန် တိုက်တွန်းသည်။ ထိုစဉ်က မိမိတွင် ငွေငါးဆယ်ကျပ်မျှသာ ဝင်ငွေရှိ၍ အလုပ်သစ်ရချင်သော်လည်း သူ့ဝန်ထမ်းဘဝကို မနှစ်သက် သဖြင့် ငြင်းခဲ့သေးသည်။ လူမှန်နေရာမှန်ဖြစ်ကြောင်း တိုက်တွန်းလွန်းမှ ကုရ်အာန်ဘာသာပြန်ဌာနတွင် ဝင်ရောက်ခဲ့သည်။ ပညာရဲရင့် ပွဲလယ် တင့် ခဲ့ရသည်။ သို့နှင့် ဆရာသည် ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နေ့တွင် မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာအဖွဲ့၊ စာပေပရိယတ္တိ ကော်မတီ တွဲဖက်ဘာသာပြန် ဖြစ်လာသည်။ ဆရာကြီးဃာဇီနှင့် ဆွေးနွေး ဘက် ဖြစ်ခဲ့သည်။

ဆရာသည် မောင်လာနာအီဗရာဟင် အဟ်မဒ် မဇွာဟေရီ က ဒါရိုက်တာလူကြီးအဖြစ် ပါဝင်ဆောင်ရွက်သည့် မွတ်စလင်မ်အပတ်စဉ်တွင် လစဉ် ပါဝင်ရေးသားခဲ့သည်။ ၁၉၅၀ ပြည့်၊ ဒီဇင်ဘာလထုတ် အတွဲ ၁၊ အမှတ် ၁ မှစ၍ ]အစ္စလာမ်တရားဖြတ်ထုံးများ} ဘာသာပြန်ကို တင်ပြ သည်။ စူရတီဗလီ ဒါရွလ်အ(စ်)ဖတာမှ မွဖ်တီ အစ္စမာအီလ် မုဟမ္မဒ်ဂိုရာ ၏ ဖတ်ဝါဓမ္မသတ်ဖြတ်ထုံးများကို အခန်းဆက် ဘာသာပြန်တင်ပြခြင်း ဖြစ်သည်။ ကလောင်အမည်ကို မုဟမ္မဒ် မက္ကဆူးဒ်ခန်း ခင်မောင်ကြီးဟု ဖော်ပြသည်။ အခြားပုဂ္ဂိုလ်များကဲ့သို့ နောက်ပိုင်းကျမှ အရဗီနှင့်မြန်မာ အမည် ယှဉ်တွဲဖော်ပြသူမဟုတ်ကြောင်း သိနိုင်သည်။

ဆရာ့ကို ၁၉၅၁ ခု ဗမာမွတ်စလင်မ် အိုလမာအဖွဲ့ချုပ်၏ ပြည်လုံးကျွတ် ညီလာခံက ဗမာမွတ်စလင်မ် အိုလမာအဖွဲ့ချုပ်၏ တွဲဖက် အတွင်းရေးမှူးအဖြစ် တင်မြှောက်သည်။ ဆရာသည် အိုလမာအဖွဲ့ ဌာန ချုပ် ဓမ္မသတ်ဖြတ်ထုံးအဖွဲ့နှင့် လကြည့်စိစစ်ရေးအဖွဲ့များတွင် အဖွဲ့ဝင် ဖြစ်သည်။

အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်တွင်လည်း အတွင်း ရေးမှူး (ကျမ်းပြုနှင့် စာတည်းအဖွဲ့ဝင်)အဖြစ် ပါဝင်သည်။ အစ္စလာမ် စာစောင် စတင်ထုတ်ဝေသည်မှအစပြု၍ တမန်တော်မုဟမ္မဒ်သခင်၏ ဩဝါဒတော်များ ခေါ် ဟဒီးဆ်ဘာသာပြန်ကဏ္ဍကို တာဝန်ယူခဲ့သည်မှာ ၁၉၅၆ ခုအထိ ဖြစ်သည်။ အခါအားလျော်စွာ ဆွဒကိသုလ် ဖစ်သွရ် ကဲ့သို့သောဆောင်းပါးများလည်း ရေးသားဖော်ပြသည်။

ဆရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌကြီး မွဖ်တီချုပ် မဟ်မူဒ်ဒါဝူးဒ်ယူစွဖ်နှင့် လက်တွဲ၍ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို နှစ်ပေါင်း ၃၀ ခန့် အထိ တာဝန်ယူခဲ့သည်။ အထိမ်းအမှတ်တရားပွဲများ၊ လေလှိုင်းမှ ဟောကြားသည့်တရားများကို မြန်မာရည်လည်သော ဆရာ့ကိုသာ အများဆုံး တာဝန်ပေးကြသည် ရုံးပြင်ကနားကိစ္စများတွင် ဆရာသာ အသင့်လျော်ဆုံးဖြစ်ခဲ့သည်။ တက္ကသိုလ်ပညာတတ် ပရိသတ်ကလည်း ဆရာ့၏တရားဓမ္မများကို နှစ်သက်ကြသဖြင့် တက္ကသိုလ်တွင် အခါ အားလျော်စွာ ဟောကြားခဲ့သည်။ ၂၉-၉-၆၂ နေ့တွင် ဟောကြားသော မိမိကိုယ်ကို အဘယ်ကြောင့် မွတ်စလင်မ်ဟုခေါ်ရသနည်း ဟူသော ခေါင်းစဉ်သည် တက္ကသိုလ်တွင် ဆရာဟောကြားသော နောက်ဆုံးခေါင်းစဉ် ဖြစ်ပါသည်။

ဆရာသည် ကုရ်အာန်ဘာသာပြန်ဌာနတွင် ကုရ်အာန်ဘာသာပြန် အစအဆုံး ပြီးစီးအောင် ၁၈ နှစ်တာ တာဝန်ယူသကဲ့သို့ အချိန်ရသရွေ့ သုံး၍ အခြား စာပေကျမ်းဂန်များလည်း ပြုစုခဲ့သည်။ ယင်းတို့အနက် လူသိများသောကျမ်းများတွင်-

- ဖဇာအေလေ ဆွဒကာဟ်ကျမ်း

- ဖဇာအေလေ နမာဇ်ကျမ်း

- ပညတ်တော် ၁၀ ပါးကျမ်း

- ဖဇာအေလေ ဒရူးဒ်ကျမ်း

- ကာဒီယာနီဝါဒကို လွယ်ကူစွာသုံးသပ်နည်းကျမ်း

များ ပါဝင်သည်။

ကာဒီယာနီဝါဒကို လွယ်ကူစွာသုံးသပ်နည်း မူရင်းစာအုပ်ကို အိန္ဒိယပြည် လပ်ကနောင်မြို့ရှိ နဒဝသွလ်အိုလမာသိပ္ပံကျောင်းကြီး၏ ဟဒီးဆ်ပါမောက္ခနှင့် အလ်ဖုရ်ကန်စာစောင်၏ အယ်ဒီတာဖြစ်သူ မောင်လာနာ မန်ဇူရ် နိုအ်မာနီ က အူရဒူဘာသာဖြင့် ပြုစုရေးသားခဲ့သည်။ အိုလမာအဖွဲ့ချုပ်အတွက် ဆရာက ပြန်ဆိုပေးခြင်းဖြစ်သည်။

ဆရာ၏ ထူးခြားထင်ရှားသောလုပ်ငန်းကား ကုရ်အာန်ကျမ်းမြတ် မြန်မာဘာသာပြန်လုပ်ငန်းကြီးဖြစ်သည်။ အလ္လာမဟ် မောင်ဒူဒီ၏ သဖ်ဟီ မွလ်ကုရ်အာန် အစအဆုံး(အစောင် ၃၀)ကို တစ်ဦးတည်း ၆ နှစ်ခန့် အချိန်ယူ၍ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ စာမူကို စာကူးစက်ဖြင့် မူပွား ထုတ်ဝေရာတွင် အိုလမာအဖွဲ့ချုပ် ဓမ္မသတ်ဌာနတာဝန်ခံ မော်လဝီ အဗ္ဗဒူလ်ဝလီ၏သား မော်လဝီ အဗ္ဗဒူလ်ခါလိက် က ကူညီခဲ့သည်။ မော်လဝီ အဗ္ဗဒူလ်ခါလိက်သည် ဖဟ်ဒ်ဘုရင် ကုရ်အာန်ကျမ်းမြတ် ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် ကုရ်အာန်ကျမ်းမြတ် မြန်မာဘာသာပြန်ကို တည်းဖြတ် ထုတ်ဝေပေးသည့် မောင်လာနာ ၂ ဦးအနက် ]မောင်လာနာ အဗ္ဗဒွလ် ခါလိက်္က အဗ်ဒွလ်ဝလီ မဇာဟရီ} ဟု ဖော်ပြထားသည့်  မောင်လာနာ ဖြစ်သည်ဟု သိရသည်။

ဆရာသည် ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်း ပေါ်ထွက်ပြီး ဖြစ်ပါလျက် တစ်ကိုယ်တော်အစွမ်းပြခြင်းမှာ ကျော်ကြားလို၍မဟုတ်၊ မူလ ဘာသာပြန်ပြီးသားကို ကူးရေးလျှင် ၆ရက်ခန့်သာကြာမည်ဖြစ်သော်လည်း ၆နှစ်ခန့်ကြိုးပမ်းခဲ့ခြင်းမှာ ထင်ရှားလို၍ မဟုတ်၊ မိမိကိုယ်ပိုင်သုံးသပ်ချက်ကို လွတ်လပ်စွာ ဖော်ထုတ်လို၍ဖြစ်သည်ဟု သိရသည်။ ]သာသနာ့ပညာရှင် များအား ဤဘာသာပြန်တွင် အမှားအယွင်းတစ်စုံတစ်ရာတွေ့လျှင် ညွှန်ပြ လာကြရန် မေတ္တာရပ်ခံအပ်ပါသည်}ဟု အစောင် ၁ မှစ၍ ဖိတ်ခေါ်ထား သည်။ ညွှန်ပြလိုသူကား ဆရာကွယ်လွန်ပြီး ၃ နှစ်ကြာမှ ပေါ်ထွက်ခဲ့သည်။ ညွှန်ပြချက်သာမက ဓမ္မသတ်ဆုံးဖြတ်ချက်ပါ တွေ့ရသည်။ အီစာသခင်နှင့် ပတ်သက်၍လည်းကောင်း၊ ဘီဘီခတီဂျာသခင်မနှင့်ပတ်သက်၍ လည်း ကောင်း အငြိအစွန်းများပါနေ၍ဟု ဆိုပါသည်။

ဆရာသည် တစ်ခြမ်းပဲ့ဗလီတွင် ၁၉၅၀ မှ ၁၉၆၄ ခုနှစ်အထိ လည်းကောင်း၊ ကီလီလမ်းဗလီတွင် ၁၉၇၃ ခုနှစ်မှ ကွယ်လွန်သည်အထိ လည်းကောင်း ရှေ့ဆောင်တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာသည် ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဘားလမ်း မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံ၌ အရှင့်အမိန့်ခံယူခဲ့သည်။ မွတ်စလင်လောကအတွက် ဆုံးရှုံးမှုကြီးဖြစ်ပါသည်။ ကိုယ်တိုင်ကား ပြင်ပ တက္ကသိုလ်များတွင် ဆည်းပူးခွင့်မကြုံခဲ့သော်လည်း ဆရာသည် ဒေယိုဘန် နှင့် ဆဟာရန်ပူရ်ကျောင်းတော်ဆင်း ပညာရှင်များနှင့်ယှဉ်၍ ပညာစွမ်းပြ နိုင်ခဲ့သည်။ ထို့ကြောင့်ပင် မွဖ်တီချုပ်က

]သူသည် အခေါ်အဝေါ်အားဖြင့် စနဒ်ရ ပညာရှင်တစ်ဦး မဟုတ်ခဲ့ပါ။ သို့သော် အလ္လာဟ်အရှင်က သူ့အား ချီးမြှင့်ပေးထား သော ပညာအရည်အချင်းကို စနဒ်ရ ပညာရှင်ရာပေါင်း များစွာ တို့ပင် ရရှိခြင်းမရှိပါ}

ဟု ဆရာ့ပညာဂုဏ်ကို လှိုက်လှဲစွာဖော်ကျူး ခဲ့သည်။

အလားတူပင် အိုလမာဓမ္မသတ်ဌာနတာဝန်ခံ မော်လဝီ အဗ္ဗဒွလ် ဝလီ ဆွာဟိဗ်ကလည်း-

]မော်လဝီမက္ကဆူဒ်ကတော့ ကွယ်လွန်သွားခဲ့ပါပြီ၊ ဒါပေမဲ့ နောက်ထပ် အနှစ်တစ်ရာအတွင်းမှာလည်း အဲဒီလို မက္ကဆူးဒ်မျိုး မွေးဖွားလာဖို့ဆိုတာ မဖြစ်သေးပါဘူး}

ဟု ဆရာကို ရှာမှရှားပါဟု ဆိုပါသည်။ ဆရာ၏ ပြောဆိုပြုမူမှု မှန်သမျှသည် အများအားဖြင့် အိုလမာအဖွဲ့ ကိုယ်စားပြုနိုင်ခဲ့ပါသည်။ အခက်အခဲကြားမှ ထူးချွန်ထက်မြက်စွာ ကိုယ်စားပြုခဲ့သူဖြစ်ပါသည်။ ဆရာ ကွယ်လွန်ချိန်တွင် အမွေခံသားသမီး စုစုပေါင်း ၈ ဦး ကျန်ရစ်ပါသည်။ ဆရာကြီး၏ ပထမဇနီးသည် သရက်မြို့သူ ဒေါ်ဖာတီမာဖြစ်သည်။ ဒုတိယ သမီးမွေးဖွားချိန် မိခင်ရောကလေးပါ မီးတွင်း၌ ဆုံးပါးရှာသည်။ သမီးကြီး ဖြစ်သူ ဟဗ်ဆာနားနာပ် ခေါ် မအေးအေးလွင် ငါးနှစ်ခန့်အရွယ်တွင် ဆရာသည် ဒေါ်ဟလီမာ ခေါ် ဒေါ်ခင်ညိုနှင့် လက်ဆက်ခဲ့သည်။

ဒုတိယဇနီး၏ သားသမီ ၇ ဦးမှာ မန်ဇူးရ်အဟ်မဒ် တင်ဝင်း၊ စလ်ယတီ တင်တင်ရီ၊ အိုမိုင်ရာ မနီ၊ မတ်စ်အူးဒ် နေဝင်း၊ မောင်ဒူးဒ် ကျော်ဝင်း၊ အဇ်ရာ ခင်မျိုးဝင်းနှင့် အူဒိုင်ဆာ ခင်မိုးဝင်းတို့ ဖြစ်ကြသည်။ ဤတွင် ပဉ္စမမြောက်သားဖြစ်သူမှာ ဟာဖိဇ် ကာရီ မွဖ်သီကျော်ဝင်း (နုအ်မာနီ၊ အဇ်ဟရီ) ဖြစ်ပြီး စတုတ္ထမြောက်သားဖြစ်သူသည် ဟာဖိဇ် ကာရီ မော်လဝီ မာစ်အူးဒ် နေဝင်း ဖြစ်သည်။

ကွယ်လွန်ခဲ့ပြီ၊ ဆရာ့၏ ဓမ္မသံသာများကား စီဒီမှတစ်ဆင့် ပျံ့လွင့် ဆဲ၊ ဆရာ၏ ဘာသာပြန်များက တဗ်လိဂ်ဝိုင်းများတွင် အကျိုးပြုဆဲ၊ ဆင့်ပွားဆဲ ဖြစ်ပါသည်။

 

ပါမောက္ခ ဒေါက်တာ အောင်ဇော်